မန္တလေးမြို့မှ မြို့ပြပြောက်ကျားတပ်ဖွဲ့ အမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီလ ၄ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု မြို့ခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်နေ အသက် ၃၆ နှစ်အရွယ် မသီတာစိုး၊ ပြည်ကြီးရန်လုံ ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် မကေခိုင်နှင့် မင်းတဲအီကင်းရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် ကိုတိုးညွန့်တို့ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့ရဲ့ နေအိမ်တွေမှာ အသီးသီးဖမ်းခံရတာပါ။ နှစ်ဦးက လက်နက်တွေနဲ့ မိတာပါ။ အားလုံးကို ဘယ်မှာ ဖမ်းဆီးထားတယ် မသိရဘူး”
စစ်ကောင်စီ၏ ဖေဖော်ဝါရီ ၅ ရက် ညပိုင်းထုတ်ပြန်ချက်တွင် ၎င်းတို့သုံးဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ No More Dictatorship (NMD) ပြောက်ကျားတပ်ဖွဲ့ဝင်တို့ ဖြစ်သည်ဟု ဆိုသည်။
ယင်းတို့သည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှ အမျိုးသားတစ်ဦးက ခရီးသည်တင် ကားဂီယာဘောက်အတွင်းဝှက်၍ တင်ဆောင်ပေးလိုက်သည့် လက်နက်များကို ထုတ်ယူပြီး စစ်ကိုင်းမြို့နယ်သို့ တင်ပို့နေသူများဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟုလည်း ဆိုသည်။
မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ No More Dictatorship(NMD) တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုချာလီက ၎င်းတို့တပ်ဖွဲ့ဝင်သုံးဦး လက်နက်များဖြင့် ဖမ်းဆီးခံလိုက်ရသည်မှာ မှန်ပြီး ကျန်တပ်ဖွဲ့ဝင်များ ဘေးကင်းကြောင်း ယနေ့ ဆက်သွယ်မေးမြန်းရာတွင် ပြောသည်။
“ပစ္စည်းသယ်ရင်းနဲ့ ဖြစ်သွားတာ ကျန်တဲ့ ကျွန်တော်တို့ ရဲဘော်တွေအားလုံးက လုံခြုံစိတ်ချရတယ် ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့က ထောက်ပို့ဆို ထောက်ပို့တစ်ကန့်၊ စစ်ရေးလှုပ်ရှားသူကတစ်ဖွဲ့၊ လက်နက်ကြီးတစ်ဖွဲ့၊ ဒရုန်းဆို ဒရုန်းအပိုင်း၊ ရုံးပိုင်းက ရုံးပိုင်းတွေ ကဏ္ဍခွဲခြားထားတဲ့အတွက် ကျန်တဲ့ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး အေးအေးဆေးဆေး ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
No More Dictatorship (NMD) အနေဖြင့် မြို့ပြပြောက်ကျားစတင်ဖွဲ့စည်းသည့် ၂၀၂၂ ခုနှစ်မှစတင်၍ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအပါအဝင် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
“ခုလို တပ်ဖွဲ့ဝင်တွေဖြစ်တိုင်း ဝမ်းနည်းမိတယ် စိတ်မကောင်းမိတယ် ကျွန်တော်တို့ မြို့ပြပြောက်ကျားတွေအနေနဲ့ ရန်သူတွေရဲ့အနီးဆုံးမှာ စစ်ရေးလုပ်ရတာတွေ ပစ္စည်းသယ်ရတာတွေမှာ ခုလိုဖြစ်လေ့ဖြစ်ထရှိတယ်” ဟု ကိုချာလီက ပြောသည်။
Generation Z Power (GZP), No More Dictatorship (NMD), အောင်စည်တော်စစ်ဆင်ရေး (AST) အစရှိသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့များက မန္တလေးမြို့တွင် စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးရုံးများ၊ စစ်ဆေးရေးဂိတ်များကို တိုက်ခိုက်လေ့ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ နေ့လယ်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ၁၀၉ လမ်း ၆၈ လမ်းနှင့် ၆၉ လမ်းကြားရှိ မြို့သစ် (၂) ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် အသက် ၃၀ ကျော်အရွယ် ရာအိမ်မှူး စည်သူဝင်းကို NMD အဖွဲ့က ဝင်ရောက်ပစ်ခတ် လုပ်ကြံခဲ့သည်။
ဒီဇင်ဘာ ၂၉ နေ့တွင်လည်း မြို့လည်ကောင်လမ်းမပေါ်၌ ဆိုင်ကယ်မောင်းနှင်လာသူ အမှတ် (၃) ရဲစခန်းမှ ဒုရဲအုပ် မေသဥ္ဇာဝင်းပြည့် (ခ) ဂျက်မဆိုသူကို Generation Z Power (GZP) က လုပ်ကြံပစ်ခတ်ခဲ့သည်။
ဒီဇင်ဘာလအတွင်းတွင်ပင် မန္တလေး၌ ကန်တော်ကြီးအနီး စစ်ဆေးရေးဂိတ်ပစ်ခတ်မှု၊ မန္တလေးနန်တွင်းနှင့် တံတားဦးလေတပ်တို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဖြစ်ပေါ်ထားသည်။
စစ်ကောင်စီကလည်း မန္တလေးမြို့ကို ပိုမိုဖိနှိပ်လာပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်း စက်တင်ဘာလမှစတင်ကာ ၄ လအတွင်း ရဟန်း၊ ဆရာဝန်၊ ကျောင်းဆရာ၊ ဆရာမများ၊ သက်ကြီးရွယ်အိုများအပါအဝင် လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။