အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးမြို့တွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်မှ အုပ်ချုပ်ရေးမှူးအများအပြား လူမြင်ကွင်းမထွက်ကြသည့် အခြေအနေတွင် မန္တလေး၊ မဟာအောင်မြေမှ ရာအိမ်မှူးတစ်ဦး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် အနီးကပ် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

ယမန်နေ့ (အောက်တိုဘာ ၁၈) တွင် မန္တလေး မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခံရကာ ပွဲချင်းပြီးသေဆုံးသည်ဟု သိရသည်။

၄၁ လမ်း ညဈေး (ဝေယံထွန်းဈေး) အနီး လက်ဖက်ရည်ဆိုင်တွင် ရှိနေသည့် အသက် ၅၀ အရွယ် ရာအိမ်မှူး ဦးသန်းမင်း၏ ဦးခေါင်းကို သေနတ်သမားတို့က အနီးကပ် နှစ်ချက်ပစ်သွားခြင်း ဖြစ်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဖြစ်ဖြစ်ချင်းကတည်းက မလှုပ်တော့ဘူး။ နေရာတင်ဆုံးတာပါ” ဟု သူက ပြောသည်။

ဦးသန်းမင်း ပစ်သတ်ခံရပြီးနောက် ထိုနေရာသို့ စစ်ကောင်စီလုံခြုံရေး အင်အားအများအပြား ရောက်လာကာ ဈေးတစ်ဝိုက်ရှိ အရပ်သား ၅ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း၊ ညနေပိုင်းတွင် ထိုရပ်ကွက် အနောက်ဘက်ရှိ တာရိုးလမ်းမှတစ်ဆင့် စစ်ကိုင်းဘက်သို့ သွားနိုင်သည့် လမ်းများကို ပိတ်ဆို့ရှာဖွေသည့်အပြင် ဧည့်စာရင်းစစ်ဆေးကြောင်းလည်း အထက်ပါ မြို့ခံက ဆိုသည်။

“မဆိုင်တဲ့ ပြည်သူတွေကို ဖမ်းခေါ်သွားတယ်” ဟု သူက ပြောသည်။

ဦးသန်းမင်းသည် စစ်ကောင်စီ၏ သတင်းပေးဖြစ်သလို ရပ်ကွက်နေ ပြည်သူများအပေါ် ဗိုလ်ကျလေ့ရှိခြင်းကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ Generation Z Power (GZP) က ယမန်နေ့ည၌ပင် ထုတ်ပြန်သည်။

“သစ္စာဖောက်ပါ။ အင်ဖော်မာပါ။ သူ့ကိုယ်သူ သိပါတယ်။ သူ့ကြောင့် ပါသွား (ဖမ်းခံရ) တဲ့လူတွေ မနည်းဘူး။ သူက သူ့လူ ကိုယ့်ဖက်သားလုပ်ပြီး ပိုင်ပြီဆိုမှ ဖမ်းတာတွေလုပ်တယ်” ဟု GZP တာဝန်ခံက ပြောသည်။

အထက်ပါဖြစ်စဉ်၊ စွပ်စွဲချက်များနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကို သီးခြားအတည်မပြုနိုင်သေးပေ။

ဦးသန်းမင်း၏ မိသားစုဝင်တစ်ဦးကမူ GZP အဖွဲ့၏ စွပ်စွဲချက်များသည် မဟုတ်မှန်ကြောင်း၊ အေးဆေးစွာနေကာ ကူညီတတ်သူကို မှားယွင်းစွပ်စွဲ လုပ်ကြံခြင်းသာဖြစ်ကြောင်း Facebook တွင် ရေးထားသည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြသည့် မန္တလေးမြို့တွင် လုံခြုံရေးအထူးတင်းကျပ်ထားသော်လည်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏဖြစ်နေသည်။

ရန်ကုန်တွင်လည်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပစ်မှတ်ထား သတ်ဖြတ်ခံနေရသည်။

ရန်ကုန်ရှိ အုပ်ချုပ်ရေးမှူးအများအပြားမှာ လူမြင်ကွင်းသို့ ထွက်လေ့မရှိပေ။ အထပ်မြင့်တိုက်ခန်းတွင် နေထိုင်သည့် အုပ်ချုပ်ရေးမှူးတစ်ဦးမှာ အိမ်တွင်သာ ရုံးထိုင်လုပ်ကိုင်ပြီး ဧည့်စာရင်းတိုင်သူကိုပင် အနီးကပ် မခံသည့်အတွက် အိမ်ရှေ့ဝရန်တာတွင် ကြိုးတန်းချိတ်ဆွဲထားသော ခြင်းတောင်းထဲ စာရွက်စာတမ်းအလုပ်များ အတင်အချလုပ်သည့်နည်းဖြင့် လုပ်ကိုင်နေသည်ကို တွေ့ရသည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button