ဆောင်းပါး

ရန်ကုန်မြို့ပြပြောက်ကျားသက်ရောက်မှု ဘယ်လောက်ကြီးခဲ့လဲ

စစ်တပ်က အာဏာသိမ်းထားသည်မှာ နှစ်နှစ်ကျော်လာပြီဖြစ်သည်။ ရန်ကုန်မြို့၏ လူနေထူထပ်ရာ မြို့နယ်တစ်ခုဖြစ်သော မြောက်ဥက္ကလာပတွင် နေထိုင်သူ ကိုခင်ဝင်း*တစ်ယောက် ထူးထူးခြားခြား သတိထားမိနေသည်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သိပ်မတွေ့ရတော့ခြင်းပင်။

ကိုခင်ဝင်းတို့ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးမှာ အိမ်တွင်းပုန်းကြီးလုံးလုံးဖြစ်နေသည်။ လေးလွှာတိုက်ခန်းတွင် နေထိုင်သူ အုပ်ကြီးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မဆိုထားဘိ။ အိမ်အောက်သို့ပင် ဆင်းခဲလှသည်။

ရန်ကုန်အထပ်မြင့်တိုက်ခန်းတို့၏ ထုံးစံအတိုင်း အပေါ့စားပစ္စည်းတို့ကို အတင်အချလုပ်လိုပါက အခန်းရှေ့ဝရန်တာမှ အောက်သို့ တွဲလောင်းချထားသောကြိုးကို အသုံးပြုကြရာ အုပ်ကြီးလည်း ထိုနည်းလမ်းကိုသာ သုံးသည်ကို တွေ့ရသည်။

“ဧည့်စာရင်းသွားတိုင်ရင် ခြင်းထဲကို စာအုပ်တွေ ထည့်ပေးရတယ်။ သူ့တပည့်က ကြိုးနဲ့ အပေါ်က ဆွဲတင်တယ်။ အောက်မလာရဲဘူး။ အရမ်းအရေးကြီးပြီး စစ်သားများများပါမှပဲ ထွက်တာ” ဟု ရပ်ကွက်အုပ်ကြီးအကြောင်း ကိုခင်ဝင်းက ဖောက်သည်ချသည်။

စစ်သားများ၊ ရဲများနှင့်အတူ အုပ်စုလိုက် ဧည့်စာရင်းစစ်ခြင်းကဲ့သို့သော အလုပ်မျိုးရှိမှသာ အုပ်ချုပ်ရေးမှူး အပြင်ထွက်ရဲသည်ကို ဆိုလိုခြင်းဖြစ်သည်။

“တော်ရုံဆို အပြင်မထွက်ဘူး။ ထောက်ခံစာသွားလုပ်ရင်လည်း ဒီအတိုင်းပဲ။ တိုက်ဝရန်တာကနေ အုပ်ချုပ်ရေးမှူးတပည့်က လူကဲခတ်ရင်း ခပ်မြန်မြန်ရေးပြီး ကြိုးဆွဲခြင်းနဲ့ အောက်ချပေးတယ်။ အိမ်ပေါ်တက်ခွင့် မပြုဘူး”

ဧည့်စာရင်း မကြာခဏ လာတိုင်မည်စိုးသဖြင့် တစ်လစာ ရေးပေးလေ့ရှိသည်။ လူယုံတစ်ဦးထံ အုပ်ချုပ်ရေးမှူးတံဆိပ်တုံး အပ်ထားကာ အစစအရာရာ မျက်နှာလွှဲထားပြီး တော်ရုံကိစ္စများတွင် ဝင်မပါတော့ဟုလည်း ကိုခင်ဝင်းက သူတို့ရပ်ကွက်အုပ်ချုပ်ရေးမှူးအကြောင်း အကျယ်တဝင့်ဆိုသည်။

စစ်ကောင်စီလက်အောက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ကျီးလန့်စာစား နေနေရသည်။ လမ်း၌သော်လည်းကောင်း၊ လက်ဖက်ရည်ဆိုင်၌သော်လည်းကောင်း အုပ်ကြီးဟု ခေါ်ဝေါ်နှုတ်ဆက်မိလျှင်ပင် စိတ်ဆိုးတတ်ကြသော ခေတ်ဖြစ်နေသည်။ သတိဝီရိယထားနေသည့်ကြားမှပင် အုပ်ချုပ်ရေးမှူးများ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံနေရသည်။ နေ့ခင်းကြောင်တောင် ပစ်သတ်ခံရသည်များပင် ရှိခဲ့သည်။ ဧည့်စာရင်းတိုင်ပါရစေပြောပြီး အနီးကပ် ပစ်သတ်သွားသည့် ဖြစ်စဉ်များလည်းရှိသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက တာမွေမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသတ်ခံရသည့်ကိစ္စမှာ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။ ကျောက်မြောင်းကြီးအရှေ့ရပ်ကွက်၊ မလွှကုန်းလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ လူငယ်သုံးဦး ရောက်လာကာ ဧည့်စာရင်းတိုင်လိုကြောင်း ပြောဆိုရင်း အနီးကပ်ပစ်သတ်သဖြင့် အသက် ၆၆ နှစ်အရွယ် အုပ်ကြီးဦးကျော်မင်းဟန် သေဆုံးခဲ့သည်။

စစ်ကောင်စီကို တုန်လှုပ်စေခဲ့သော လုပ်ကြံမှုများ

ရန်ကုန်မြို့လယ်တစ်နေရာတွင် အခိုင်အမာတည်ဆောက်ထားသည့် စစ်ကောင်စီ၏ ဘန်ကာတစ်ခု။

၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် ငြိမ်းချမ်းစွာဆန္ဒပြပွဲများ ပစ်ခတ်ဖြိုခွင်းခံရပြီးနောက် လူငယ်အများအပြား မြို့ပြကို စွန့်ခွာကာ တောခိုခဲ့ကြသည်။ ထို့နောက်တွင် လက်နက်ကိုင်ပုန်ကန်တော်လှန်မှုဂယက်ကြီးထလာကာ တစ်နိုင်ငံလုံးသို့ ကူးစက်ပြန့်နှံ့သွားသည်။

၂၀၂၁ ဇွန်လမှစ၍ ရန်ကုန်မြို့တွင်းသို့ မြို့ပြပြောက်ကျားအဖွဲ့ဝင်များ စိမ့်ဝင်လာကာ တိုက်ခိုက်မှုများ ပေါ်ပေါက်လာသည်။ စစ်ပညာသင်ယူလာသော အရွယ်ကောင်းလူငယ်များက လက်လုပ်မိုင်းများ အသုံးပြုကာ စစ်တပ်စစ်ဆေးရေးဂိတ်၊ စစ်ယာဉ်တန်းနှင့် ရဲစခန်းတို့ကို စတင်တိုက်ခိုက်ကြသည်။

စစ်ကောင်စီလက်အောက် တာဝန်ထမ်းနေသူတို့ကို လုပ်ကြံသတ်ဖြတ်မှုများလည်း နေ့စဉ်နှင့်အမျှ ဖြစ်လာသည်။ လုပ်ကြံခံရသူများအနက် အများဆုံးမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများပင်။ အစပိုင်းတွင် လုပ်ကြံသတ်ဖြတ်ခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအတွက် စစ်ကောင်စီက နစ်နာကြေး ကျပ်ငါးသိန်းပေးသော်လည်း သတ်ဖြတ်ခံရမှု များသည်ထက်များလာချိန်တွင် အထူးတလည် အလေးမထားတော့ပေ။

၂၀၂၂ အရောက်တွင် ရန်ကုန်မြို့နယ်အသီးသီးတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကုန်သည်။ ရန်ကုန်မြို့နှင့် အနီးဆုံးမြို့နယ်များဖြစ်သော ဒလ၊ ခရမ်း၊ သုံးခွတို့တွင်လည်း မြို့ပေါ်ရပ်ကွက်များသာမက ရွာအားလုံးနီးပါး၌ အုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက်နုတ်ထွက်ကြသည်

လုပ်ကြံသတ်ဖြတ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်သာ များသည်။ သို့သော် တပ်အသိုင်းအဝိုင်းကို တုန်လှုပ်ခြောက်ခြားစေသော ဖြစ်စဉ်များတွင်မူ အမိအရလိုက်လံဖမ်းဆီးကာ သတင်းထုတ်ပြန်လေ့ရှိသည်။

အာဏာသိမ်းပြီး ငါးလအကြာ ၂၀၂၁ ဇွန် ၁ ရက်နေ့က စစ်ကောင်စီ၏ လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိုင်းလင်းဇော် ပစ်သတ်ခံရသည်။ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ထိုမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးလည်း လုပ်ကြံခံရသည်။

ဦးစိုင်းလင်းဇော် အသတ်ခံရပြီး တစ်လအကြာတွင် အမျိုးသားလေးဦးကို ဖမ်းမိကြောင်း စစ်ကောင်စီက ကြေညာသည်။

သို့ရာတွင် ရန်ကုန်မြို့တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ဖြစ်နေခဲ့သည်။​ မြို့ပေါ်တွင် လှုပ်ရှားသွားလာနေသည့် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းများအနက် ၂၀၂၁ ဩဂုတ်လ ၁၄ ရက်နေ့က ဖြစ်စဉ်မှာ သည်းထိတ်ရင်ဖိုပင်။ အင်းစိန်သို့ ခုတ်မောင်းနေသော မြို့ပတ်ရထားပေါ် လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင် ၆ ဦးကို မြို့ပြပြောက်ကျားအဖွဲ့က လျှပ်တစ်ပြက်တိုက်ခိုက်ခြင်း ဖြစ်သည်။

ရဲငါးဦး သေဆုံးကာ ကျန်ရဲ ၁ ဦး ဒဏ်ရာရသည့်အပြင် သေနတ်များပါ သိမ်းယူနိုင်သဖြင့် လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံသူများ နှစ်ထောင်းအားရဖြစ်ခဲ့ကြသည်။ မြို့ပတ်ရထားတိုက်ခိုက်မှုတွင် ပါဝင်သူများကို ဖမ်းမိပြီဖြစ်ကြောင်း နောက်တစ်လအကြာတွင် စစ်တပ်က ထုတ်ပြန်သည်။

အာဏာသိမ်းခေါင်းဆောင်၊ MEC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးညိုစောတို့နှင့်အတူ အနီးကပ်တွေ့ရသည့် Mytel ဘဏ္ဍာရေးအရာရှိချုပ် ဦးသိန်းအောင် (ဗိုလ်ချုပ်ကြီးညိုစော နောက်ကွယ်မှ ရှပ်အင်္ကျီအဖြူရောင်ဝတ်)

သို့သော် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများကို တုန်လှုန်စေသည့် လုပ်ကြံမှုများ ဆက်ဖြစ်နေဆဲပင်။​ ၂၀၂၁ နိုဝင်ဘာလဆန်းပိုင်းတွင် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီမှ ဘဏ္ဍာရေးအရာရှိချုပ် ဦးသိန်းအောင်ကို မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့သည်။

စစ်တပ်အရာရှိဟောင်း ဦးသိန်းအောင်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကပ်လျက်ရှိ မရမ်းကုန်းမြို့နယ် ၇/ဂ ရပ်ကွက်၊ တေးနုယဉ်လမ်းမှ နေအိမ်အနီး ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်ကာ ဇနီးဖြစ်သူလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

စစ်တပ်က အပြင်းအထန် ဖိနှိပ်သော်လည်း လုပ်ကြံသတ်ဖြတ်မှုများနှင့် ချောင်းမြောင်းတိုက်ခိုက်ခြင်းများ ဆက်ဖြစ်နေကာ ၂၀၂၁ နှောင်းပိုင်းအရောက်တွင် ရန်ကုန်မြို့၌ နေရာ ၁၀ ခုထက်မနည်း တစ်ပြိုင်နက် ဗုံးခွဲတိုက်ခိုက်ခံရကာ ရဲကင်းများ ဆက်တိုက်ပစ်ခတ်ခံရသည်အထိ ဖြစ်လာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပျံလွှားအောင်စစ်ဆင်ရေးဖြင့် ရန်ကုန်တွင် တိုက်ခိုက်မှု အရှိန်မြှင့်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ အရေးကြီးပုဂ္ဂိုလ်များအပါအဝင် နေရာဌာနများစွာ ပစ်မှတ်ထားတိုက်ခိုက်ခံရသည်။ ၂၀၂၁ စက်တင်ဘာမှ ၂၀၂၂ ဧပြီလဆန်းပိုင်းအထိ ရန်ကုန်မြို့၌ စစ်ရေးပစ်မှတ် ၁၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့သည်ဟု NUG ၏ ထုတ်ပြန်ချက်တစ်ခုက ဆိုသည်။

‘ပျံလွှားအောင်စစ်ဆင်ရေးအတွင်း ထင်ရှားသည့်ဖြစ်စဉ်တစ်ခုမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ပစ်ခတ်လုပ်ကြံခြင်းဖြစ်သည်။ အသက်မသေခဲ့သော်လည်း ရက်အတန်ကြာ ဆေးကုသခဲ့ရသည်။ ဗဟိုဘဏ်အကြီးအကဲများအနက် စစ်ကောင်စီ၏ အမာခံတစ်ဦးဖြစ်သော ဒေါ်သန်းသန်းဆွေသည် နောက်ပိုင်းတွင် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခံရသည်။

ဒေါ်သန်းသန်းဆွေ သေနတ်ပစ်ခတ်ခံရပြီး နောက်တစ်ရက် ၂၀၂၂ ဧပြီ ၈ တွင် NUG က နန်းထိုက်အောင်အမည်ရ စစ်ဆင်ရေးသစ်ဖြင့် မြို့ပြတော်လှန်ရေးအရှိန် မြှင့်တင်ကြောင်း ကြေညာသည်။

နှစ်ရက်အကြာ ဧပြီ ၁၀ ရက်နေ့တွင် လမ်းမတော်မြို့နယ်တွင် တာဝန်ကျနေသော ဗိုလ်မှူးကုဋေဖြိုးအောင် ပစ်သတ်ခံရသည်။ ရုရှားပြန်စစ်တပ်အရာရှိမှာ စားသောက်ဆိုင်ရောက်နေစဉ် လုပ်ကြံခံရခြင်းဖြစ်သည်။ မြို့ပြတော်လှန်ရေးအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများ ပို၍အရှိန်ကောင်းလာသည်။

အောက်တိုဘာလတွင် ယခင်စစ်အစိုးရလက်ထက်၌ သံအမတ်ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ဦးအုန်းသွင်မှာ ရန်ကုန်မြို့ရှိ နေအိမ်ရှေ့တွင် ပစ်သတ်ခံရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် အဆင့်အမြင့်ဆုံး တပ်အရာရှိဟောင်းတစ်ဦး လုပ်ကြံခံရခြင်းဖြစ်သည်။

ပစ်ခတ်လုပ်ကြံခံရစဉ် အသက် ၇၂ နှစ်အရွယ် ဗိုလ်မှူးချုပ်ဟောင်းနှင့်အတူ သမက်ဖြစ်သူ ဗိုလ်ကြီးဟောင်းပါ သေဆုံးခဲ့သည်။ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော Inya Urban Force (IUF) က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာသည်။ နောက်ပိုင်းတွင် IUF အဖွဲ့ဝင်များကို ဖမ်းမိကြောင်း စစ်တပ်က အကျယ်တဝင့်ထုတ်ပြန်ခဲ့သည်။

မြို့ပြပြောက်ကျားအဖွဲ့များ အလွန်အားကောင်းနေချိန်ဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယုန်တောင်ပြေး ခွေးမြောက်လိုက်ဖြစ်အောင် လုပ်နိုင်ခဲ့သည်။ တစ်နေ့တည်း၌ပင် နေရာဆယ်ခုထက်မနည်း တစ်ပြိုင်နက် ပေါက်ကွဲမှုများဖြစ်သည်အထိ တိုက်ခိုက်ကြသည်။

ရန်ကုန်သာမက တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင်ပါ ဆောင်ရွက်ခဲ့သော နန်းထိုက်အောင်စစ်ဆင်ရေးမှာ ခြောက်လသာ ကြာခဲ့သော်လည်း စစ်ကောင်စီပစ်မှတ်များကို အကြိမ် ၂၀၀ ကျော် တိုက်ခိုက်နိုင်ခဲ့ပြီး ရန်ကုန်တွင် အကြိမ် ၁၃၀ ကျော်ရှိသည်ဟု NUG က ထုတ်ပြန်ဖူးသည်။

၂၀၂၃ ခုနှစ်အရောက်တွင်လည်း နာမည်ကျော်လုပ်ကြံမှုများ ဆက်ဖြစ်ခဲ့သည်။ ဗွေဆော်ဦးသတ်ဖြတ်ခံရသူမှာ လူသိများသူတစ်ဦးဖြစ်သော၊ စီးပွားရေးလုပ်ငန်းများနှင့်ဆိုင်သော အကျိုးဆောင်ရှေ့နေ ဦးမင်းတေဇညွန့်တင်ဖြစ်သည်။ ၎င်းနေထိုင်ရာ သန်လျင်မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေစဉ် ပစ်ခတ်လုပ်ကြံခံရခြင်းပင်။ ၎င်းသည် အာဏာသိမ်းခေါင်းဆောင် မိသားစုပိုင်လုပ်ငန်းများအတွက် အကျိုးဆောင်ပေးနေသူဖြစ်ကာ စစ်တပ်အသိုင်းအဝိုင်းကို ထောက်ခံသူဖြစ်သောကြောင့် လုပ်ကြံခြင်းဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့က ကြေညာသည်။

သန်လျင်မြို့နယ်၌ပင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အငြိမ်းစားတပ်အရာရှိတစ်ဦးနှင့် ဆွေမျိုးနီးစပ်နှစ်ဦး ဧပြီလအတွင်း ပစ်ခတ်လုပ်ကြံခံရသည်။ အငြိမ်းစားဗိုလ်မှူးကြီး၏ ညီအရင်းဖြစ်သူမှာ လေတပ်တွင် တာဝန်ထမ်းဆောင်နေဆဲ ဗိုလ်မှူးတစ်ဦးဖြစ်သည်။ သေဆုံးခဲ့သူများအနက် တစ်ဦး၏ မိသားစုဝင်က ထိုလုပ်ကြံမှုမှာ မှားယွင်းသတ်ဖြတ်ခြင်း ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

သန်လျင်၌ စစ်တပ်အရာရှိဟောင်းနှင့် နီးစပ်သူများ လုပ်ကြံခံရပြီး ရက်ပိုင်းအကြာ ဧပြီ ၂၂ တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ ပစ်သတ်ခံရသည်။ For the Yangon အမည်ရအဖွဲ့က သင်္ဃန်းကျွန်းမြို့နယ်တွင် ပစ်ခတ်လုပ်ကြံခြင်းဖြစ်သည်။

တစ်လနီးပါးအကြာတွင် ဦးစိုင်းကျော်သူကို လုပ်ကြံသတ်ဖြတ်သည်ဆိုသော Yangon Revolution Force (YRF) အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းမိကြောင်း စစ်ကောင်စီက ကြေညာပြီး ထိုအဖွဲ့သည် Mytel ဘဏ္ဍာရေးအရာရှိချုပ်အပါအဝင် လုပ်ကြံမှု ၈ ကြိမ်၊ ပစ်ခတ်မှုနှင့် မိုင်းထောင်ဖောက်ခွဲမှု ၆ ကြိမ် လုပ်ခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သည့် မေလက နာမည်ကျော် စစ်တပ်ထောက်ခံသူနှစ်ဦး ရန်ကုန်မြို့တွင် လုပ်ကြံသတ်ဖြတ်ခံရသည်။ အမျိုးသားရေးသမားအမည်ခံ အဆိုတော် လီလီနိုင်ကျော်နှင့် တပ်ထောက်ခံပွဲများကို ဦးဆောင်လေ့ရှိသူ ဦးတင့်လွင်တို့ဖြစ်ပြီး ရှေ့ဆင့်နောက်ဆင့် လုပ်ကြံခံရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး သေဆုံးပြီးနောက် ပြည်တွင်းပြည်ပရှိ တော်လှန်ရေးသမားနှင့် ဆက်စပ်သူများ၊ မိသားစုဝင်များကို လက်တုံ့ပြန်သတ်ဖြတ်ရန် စစ်တပ်ဝါဒဖြန့်စာမျက်နှာများက နေ့စဉ်ရက်ဆက် လှုံ့ဆော်ကြသည်။ တစ်လအကြာတွင် လီလီနိုင်ကျော်ကို လုပ်ကြံမှုတွင် ပါဝင်သည်ဆိုသော လူငယ်တစ်ဦးဖြစ်သည့် ကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အမဝမ်းကွဲဖြစ်သော ဒေါ်သဲမာလာဝင်းနှင့် မဆောင်းသဇင်တို့ သတ်ဖြတ်ခံရသည်။ မြို့ပြပြောက်ကျားအဖွဲ့ဝင် လူငယ်များကို ဖမ်းမိကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများ လုပ်ကြံခံရမှုတွင် ရန်ကုန်လေဆိပ်မှ လုံခြုံရေးအရာရှိချုပ်လည်း ပါဝင်သည်။ စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ခရိုနီတစ်ဦးဖြစ်သော ဦးထွန်းမြင့်နိုင်ပိုင် Yangon Aerodrome ကုမ္ပဏီတွင် လေဆိပ်လုံခြုံရေးအရာရှိချုပ်အဖြစ် လုပ်ကိုင်နေသည့် လေတပ်အရာရှိဟောင်း ဦးရဲခိုင်မှာ ဇွန်လ ၁၉ ရက်နေ့က ပစ်ခတ်လုပ်ကြံခံရပြီး ဆေးရုံအရောက် သေဆုံးခဲ့သည်။ ဗိုလ်မှူးဟောင်း ဦးရဲခိုင်ကို Urban Owls ဆိုသော မြို့ပြပြောက်ကျားအဖွဲ့က မင်္ဂလာဒုံမြို့နယ်မှ နေအိမ်အနီး ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်သည်။

မြို့ပြပြောက်ကျားအဖွဲ့ဝင်များ ဖမ်းဆီးခံရမှု

ရန်ကုန်မြို့တွင် တွေ့ရသည့် အာဏာသိမ်းစစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့တစ်ဦး။ (ဓာတ်ပုံ – Myanmar Now)

၂၀၂၂ ဩဂုတ်လ ၂၅ ရက်နေ့တွင် တစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားစေသော သတင်းတစ်ခုကို စစ်ကောင်စီက ကြေညာသည်။ ၈၈ မျိုးဆက်ကျောင်းခေါင်းဆောင် ကိုဂျင်မီနှင့် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပါအဝင် လူလေးဦးကို သေဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့နှင့်အတူ အင်းစိန်ထောင်အတွင်း ကြိုးပေးကွပ်မျက်ခံရသူနှစ်ဦးမှာ လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ဖြစ်သည်။ ၎င်းတို့လေးဦးသည် ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများတွင် တာဝန်ရှိသည်ဟု စွပ်စွဲခံရသည်။

ကိုဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့နှစ်ဦးမှာ လက်နက်ခဲယမ်းအများအပြားနှင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဖမ်းဆီးဖြိုခွင်းခံရသည်များအနက် ဦးကျော်မင်းယု (ခ) ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့လေးဦး ကြိုးပေးကွပ်မျက်ခံရခြင်းမှာ အထင်ရှားဆုံးဖြစ်စဉ်ဖြစ်သည်။

ဖမ်းဆီးထောင်ချထားသူများအနက် သေဒဏ်ချမှတ်ထားသူများကို ကြိုးပေးကွပ်မျက်မည်ဖြစ်ကြောင်း စစ်ကောင်စီတာဝန်ရှိသူများက ယင်းမတိုင်မီကပင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ဒီမိုကရေစီအရေးလိုလားသူလေးဦးကို ကြိုးပေးကွပ်မျက်ခြင်းမပြုရန် နိုင်ငံတကာရှိ ထင်ရှားကျော်ကြားသူများနှင့် အစိုးရများက မေတ္တာရပ်ခံခဲ့သည့်တိုင် အာဏာသိမ်းစစ်တပ်က မဖြစ်မနေလုပ်ဆောင်ခဲ့သည်။

အာဏာသိမ်းပြီးနောက် ရန်ကုန်ရှိ မြို့နယ်တချို့ အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်အများအပြားကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ ထိုမြို့နယ်များတွင် ဖမ်းဆီးရမိသူများကို စစ်ခုံရုံးဖြင့် တရားစီရင်ပြီး ကြီးလေးသောပြစ်ဒဏ်များ ချမှတ်သည်

စစ်ကောင်စီက လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးထောင်ချထားသည်။​ ထိုအထဲတွင် သေဒဏ်ချမှတ်ခံရသူ ၁၀၀ ကျော်ရှိကာ ထက်ဝက်ခန့်မှာ မျက်ကွယ်သေဒဏ်ချခံရခြင်းဖြစ်သည်။​

ရန်ကုန်မြို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် စစ်တပ်အားပေးထောက်ခံသူများ မကြာခဏ တိုက်ခိုက်ခံနေရသဖြင့် စစ်ကောင်စီက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များကို သဲကြီးမဲကြီး ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးလေ့ရှိသည်။​

လွန်ခဲ့သော နှစ်နှစ်ကျော်ကာလအတွင်း ရန်ကုန်မြို့တွင် ဖမ်းဆီးခံရသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ရာဂဏန်းအထိရှိသည်။ မြို့ပြပြောက်ကျားအဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို အဆက်မပြတ်စောင့်ကြည့်ကာ ဖမ်းဆီးလေ့ရှိပြီး ရပ်ကွက်များ၌ပင် စောင့်ကြည့်အဖွဲ့များ ဖွဲ့စည်းထားသည်။

“ရန်ကုန်မှာ တပ်ကဖွဲ့ထားတဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဆိုတာ ရှိတယ်။ ရပ်ကွက်ထဲကို လူစိမ်းတစ်ယောက် အခြားရပ်ကွက်က ပြောင်းလာရင် ချက်ချင်းအကြောင်းကြားတာ၊ တော်လှန်ရေးသမားတွေ ရန်ကုန်ထဲ နေလို့မရအောင်ကို တင်းကျပ်ထားတာ” ဟု မြောက်ဥက္ကလာပမြို့နယ်မှ ကိုခင်ဝင်းက ပြောသည်။

မည်သည့်အချိန်က စတင်ဖွဲ့စည်းသည်ဟု အတိအကျမသိရသော်လည်း ထိုလေ့လာစောင့်ကြည့်ရေးအဖွဲ့တွင် စစ်တပ်၊ ရဲ၊ မီးသတ်၊ ထွေအုပ်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်နှင့် စစ်မှုထမ်းဟောင်းမှစ၍ ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများထိပါဝင်ပြီး ရပ်ကွက်အတွင်း လူစိမ်းတစ်ဦး ပြောင်းလာပါက ဧည့်စာရင်းစစ်သည့်အပြင် ယခင်နေထိုင်ခဲ့ရာ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ကာ နောက်ကြောင်းရာဇဝင်စုံစမ်းလေ့ရှိသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း ရန်ကုန်မြို့တစ်ခုတည်း၌ပင် မြို့ပြပြောက်ကျားအဖွဲ့ဝင် ရာနှင့်ချီ ဖမ်းဆီးခံရသည်။

ရန်ကုန်တွင် လှုပ်ရှားသည့် မြို့ပြတော်လှန်ရေးအဖွဲ့များကို စုစည်းထားသည့် Yangon UG Association (YUA) မှ တာဝန်ခံ ဆရာကျောင်းအဆိုအရ မြို့ပြပြောက်ကျားအဖွဲ့အင်အား ၃၀ ရာခိုင်နှုန်းသာ ကျန်တော့သည်။ အချို့သော မြို့ပြတော်လှန်ရေးအဖွဲ့များ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ နေရာရွှေ့သွားသည်ဟု သိရသည်။

ရန်ကုန်တွင် YUA စတင်ဖွဲ့စည်းစဉ်က အဖွဲ့ပေါင်း ၁၆ ဖွဲ့အထိ ပါဝင်ခဲ့သော်လည်း လက်ရှိတွင် ၇ ဖွဲ့သာ ကျန်တော့ပြီး အချို့အဖွဲ့များမှာ ဖမ်းဆီးခံရပြီး ဖွဲ့စည်းပုံပျက်သွားသည်ပင်ရှိသည်ဟု ဆရာကျောင်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဧပြီလခန့်မှစ၍ မြို့ပြပြောက်ကျားအဖွဲ့များ အင်အားလျော့လာသည်။ တပ်ဖွဲ့ဝင်အများအပြား အဖမ်းခံရပြီးနောက် ပျက်သွားသည့်အဖွဲ့များလည်း ရှိသည်။ လူသူလက်နက်အင်အား နည်းလာသဖြင့် အဖွဲ့ငယ်အချင်းချင်း မဟာမိတ်စုဖွဲ့ကာ လှုပ်ရှားရသည်ဟု Bahan’s Guerrilla Force အမည်ရ မြို့ပြတော်လှန်ရေးအဖွဲ့၏ တာဝန်ခံ ကိုဇာမဏီဆိုသူက ပြောသည်။

“အရင်လုပ်တဲ့လူဟောင်းတွေက အဖမ်းခံရတာ များတယ်။ ဒါမှမဟုတ် မရှိတော့ဘဲ ကျဆုံးသွားတာ များတယ်။ ဒါပေမဲ့ နောက်တက်လူငယ်တွေ ဆက်လုပ်နေတယ်။ ကျွန်တော်တို့ သင်တန်းတက်စဉ်က ညီအစ်ကိုတွေဆို ကျတဲ့သူကျ ဖမ်းခံရတဲ့သူဖမ်းခံနဲ့ မရှိကြတော့ဘူးဗျ” ဟု ၎င်းက ဆိုသည်။

မြို့ပြပြောက်ကျားအဖွဲ့များအတွက် အခက်အခဲများ

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရစဉ်။

စစ်တပ်အသိုင်းအဝိုင်း တုန်လှုပ်ခြောက်ခြားခဲ့ရသော လုပ်ကြံသတ်ဖြတ်မှုများကြောင့် ရန်ကုန်မြို့တွင် တော်လှန်ရေးအဖွဲ့များဘက်မှ အလေးသာသည်ဟု ဆိုနိုင်ဖွယ်ပင်။ ပကတိအခြေအနေ၌မူ မြို့ပြပြောက်ကျားအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်နိုင်မှု အကြိမ်အရေအတွက် သိသိသာသာ လျော့နည်းသွားသည်။​ ပါဝင်လှုပ်ရှားနိုင်သည့် လူအင်အားလည်း လျော့နည်းသွားသည်။

ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများ မရှိသလောက် နည်းသွားသည်မှာ နှစ်လကျော်ခန့်ရှိပြီဖြစ်သည်။

မြို့ပြပြောက်ကျားအဖွဲ့များအတွက် အခက်အခဲမျိုးစုံရှိနေပြီး အဓိကအားဖြင့် နေစရာ၊ ဧည့်စာရင်း၊ သတင်းပေးဒလန်၊ စီစီတီဗီကင်မရာနှင့် ရန်ပုံငွေဖြစ်သည်။ ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျားအဖွဲ့ဝင်များ ခိုအောင်းစရာ ရှားသည်ထက်ရှားလာသည်။ စိတ်လိုလက်ရ လက်ခံလိုသူလည်း နည်းလာသည်။

“ပြည်သူကို အကြောက်တရားပေးထားတဲ့အတွက် အရင်က လူ ၁၀ ယောက်က လုံခြုံအောင် ကူညီပေးတယ်ဆိုရင် အခု ၃ ယောက်လောက်ပဲ ကူညီနိုင်တော့တယ်” ဟု YUA တာဝန်ခံ ဆရာကျောင်းက ပြောသည်။

ရန်ကုန်လူထုအနေဖြင့် ငွေကြေးအားဖြင့်၊ စိတ်ဓာတ်အားဖြင့် ကူညီကြသော်လည်း လူကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ကူညီရန် မဝံ့မရဲဖြစ်လာကြသည်။ မြို့ပြပြောက်ကျားအဖွဲ့ဝင် လူငယ်များကို ဝိုင်းဝန်းဖမ်းဆီးပေးသည့် ဖြစ်စဉ်တချို့ပင် ရှိခဲ့သည်။

အခက်အခဲကြောင့် အခြားအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ရာ၌ အခန့်မသင့်သဖြင့် အစုလိုက်အဖမ်းခံရခြင်းများလည်း ရှိခဲ့သည်။ Bahan’s Guerrilla Force အဖွဲ့မှာ ကိုယ်တွေ့ပင်။ စစ်သားများကို ပခုံးထမ်းလောင်ချာဖြင့် သွားပစ်ရန် ကားတစ်စီးလိုနေသဖြင့် အခြားအဖွဲ့တစ်ခုထံ အကူအညီတောင်းရသည်။ ထို့နောက် ပစ်မှတ်နေရာသို့ စုပေါင်းချီတက်သွားကြသည်။ သတင်းပေါက်ကြားသဖြင့် စစ်ကောင်စီဘက်က အဆင်သင့်စောင့်ဖမ်းခြင်း ခံလိုက်ရသည်။ တပ်ဖွဲ့ဝင် ၆ ဦး အဖမ်းခံရသည့်အပြင် လက်နက်ခဲယမ်းများပါ ဆုံးရှုံးသည်။ ထို့ပြင် အိမ်တစ်လုံးလည်း သိမ်းဆည်းခံရသည်။

“အဲဒီကိစ္စဖြစ်ပြီးကတည်းက တအားမရင်းနှီးရင် အကူအညီမတောင်းတော့ဘူး။ လုပ်နိုင်သလောက်လေးပဲ လုပ်တော့တယ်။ ယုံကြည်ရတဲ့ညီအစ်ကိုတွေတော့ ရှိပါသေးတယ်” ဟု Bahan’s Guerrilla Force အဖွဲ့တာဝန်ခံ ကိုဇာမဏီက ပြောသည်။

မြို့ပြပြောက်ကျားအဖွဲ့များကို ဖြိုခွင်းရေး စစ်ကောင်စီ၏ နည်းဗျူဟာတစ်ခုမှာ အသွင်ယူ ထိုးဖောက်ဝင်ရောက်ခြင်းဖြစ်သည်။ အယောင်ပြ ဗုံးခွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ကာ မြို့ပြတော်လှန်ရေးအဖွဲ့များကို ချဉ်းကပ်ခြင်းပင်။ ထိုနည်းလမ်းဖြင့် အဖမ်းခံရသူများလည်းရှိသည်။​

မြို့အနှံ့ တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာများမှတစ်ဆင့် ခြေရာခံခြင်း၊ ဧည့်စာရင်းစစ်ခြင်းနှင့် သတင်းပေးဒလန်များ၏ အကူအညီဖြင့် ဝင်ရောက်ဖမ်းဆီးခြင်းများလည်းရှိသည်။

“ဒလန်ဖြစ်နိုင်ခြေအများဆုံးက ဆယ်အိမ်မှူးတို့၊ ကြံ့ခိုင်ရေးပါတီဝင်တို့၊ စစ်တပ်မျိုးရိုးရှိသူတို့ပါ။ အုပ်ချုပ်ရေးမှူးတို့ တချို့နေရာတွေမှာ စောင်းကြွတာရှိပေမဲ့ အဲဒီလောက်မဟုတ်ဘူး သူတို့က” ဟု မြို့ပြပြောက်ကျားအဖွဲ့ဝင် ရဲရင့်က မှတ်ချက်ပြုသည်။

“ဘာအလုပ်လုပ်လဲ၊ ဒီကောင်လေးက အလုပ်မရှိဘဲ အပြင်ထွက်တာ၊ ဝင်တာတို့ ကြည့်ပြီး မသင်္ကာရင် သူတို့ သတင်းပေးတယ်”

ဧည့်စာရင်းကိစ္စကိုလည်း အထူးသတိထားရသည်။ ဧည့်စာရင်းစစ်သည်ဆိုပါက လူရှိနေမှမဟုတ် လူမရှိနေပါကလည်း သံသယဝင်သွားကာ ကွင်းစဖြစ်သွားနိုင်သည်။ ကြေညာပြီး ဝင်မစစ်သည်များလည်း ရှိသည်။​ စစ်တပ်အသိုင်းအဝိုင်းမှ အကောင်ကြီးကြီးတစ်ယောက်ယောက် လုပ်ကြံခံရသည့်အချိန်သည် ဧည့်စာရင်းအစစ်ဆုံးအချိန်ဖြစ်သည်ဟု Bahan’s Guerrilla Force အဖွဲ့ဝင် မှိုင်းဝေ*ဆိုသူက ပြောသည်။

“အကောင်ကြီးတွေ ထိပြီဆိုရင် ရန်ကုန်မှာ နေဖို့ မဖြစ်နိုင်သလောက်ပဲ။ အတော်လေး လိုက်တယ်။ CCTV မှတ်တမ်းတွေကအစ ရေဆုံးမြေဆုံးလိုက်တယ်”

မြို့ပြပြောက်ကျားအဖွဲ့ဝင်များမှာ ကိုယ့်ရန်ပုံငွေဖြင့်ကိုယ် လှုပ်ရှားကြရခြင်းဖြစ်သည်။ ရန်ပုံငွေဖြင့် လက်လုပ်မိုင်းလုပ်ရန် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူစုဆောင်းရသည်။ လက်လုပ်မဟုတ်သည့် အဝေးထိန်းမိုင်းမှာ ကုန်ကျစရိတ်ပိုများသည်။

ရန်ပုံငွေဆိုသည်မှာ အများပြည်သူများ၏ လှူဒါန်းငွေသာဖြစ်သည်။ တောတွင်း၌ လှုပ်ရှားသည့် တော်လှန်ရေးနှင့် မတူသည်မှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်များအနေဖြင့် လူလုံးထွက်ပြပြီး အလှူခံမရခြင်းပင်။ ရန်ပုံငွေရှာမရသဖြင့် လက်နက်ခဲယမ်းမဝယ်နိုင်ဖြစ်ကာ တိုက်ခိုက်မှုလုပ်ရန်လည်း အလှမ်းဝေးလာသည်။

“အထောက်အပံ့မရတော့ လမ်းတွေပျောက်။ ငါတို့ဆီမှာ ဒီအတိုလေး (သေနတ်) ရှိရင် ကောင်းမှာပဲကွာ၊ ဒီပစ္စည်းလေးရှိရင် ကောင်းမှာပဲကွာ၊ ဒီပစ္စည်းလေးရှိရင် ကောင်းမှာပဲ အတွေးတွေ ဝင်ကြတာပေါ့” ဟု ကိုဇာမဏီက ပြောသည်။

ရန်ပုံငွေမလွယ်သဖြင့် စားရေးသောက်ရေးအတွက်ပင် ချွေတာနေရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထောက်အပံ့မှာ မရသလောက်နီးပါး ရှားပါးသည်ဟု သိရသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ဆို တော်လှန်ရေး နှစ်နှစ်ကျော်ကာလမှာ တစ်ကြိမ်မှ အထောက်အပံ့မရဖူးဘူး။ ကျွန်တော်တို့ကို ကူညီနေတာ ညီအစ်ကိုလို ရင်းနှီးတဲ့လူတွေပဲ” ဟု Bahan’s Guerrilla Force အဖွဲ့တာဝန်ခံ ကိုဇာမဏီက ရင်ဖွင့်သည်။

ဗျူဟာပြောင်း လှုပ်ရှားရ

ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ရာနှင့်ချီ ဖမ်းဆီးခံခဲ့ရသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့များ တိုက်ခိုက်မှုပြုလုပ်ပါက စစ်ကောင်စီက လမ်းပိတ်ဆို့စစ်ဆေးရာ ပြည်သူများလည်း အစစ်အဆေးခံရတတ်ကြောင်း၊ လတ်တလောတွင် ငြိမ်သက်နေ၍ စိတ်မကောင်းဖြစ်ရကြောင်း သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် မဖြူစင်* က ပြောသည်။

“နည်းနည်းငြိမ်တာ သတိထားမိတယ်။ မလုပ်ကြတော့ဘူးလား မသိဘူး။ ဒါမှမဟုတ် တောထဲပဲ ပြန်သွားကြပလား မသိဘူးပေါ့။ ကြာလာတော့ စိတ်မကောင်းဘူး၊ စိတ်ဓာတ်လည်း ကျလာတယ်။ ဟာ ရန်ကုန်တော့ သွားပြီပေါ့၊ ပုံမှန်အတိုင်းဖြစ်သွားပြီလား မသိဘူးပေါ့”

ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မဖြူစင်သည် နေ့စဉ် ဘတ်စကားစီး အလုပ်သွားရသူဖြစ်ကာ စစ်ကောင်စီတပ်၏ စစ်ဆေးမှုများကို နိစ္စဓူဝကြုံနေရသူဖြစ်သည်။

လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်မြို့တွင် စစ်ကောင်စီက အစစ်အဆေးကြမ်းခဲ့သည်။ ရန်ကုန်အတွက် ၅၁၀၁ အမည်ရ တပ်ရင်းသစ် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း၊ စစ်ကောင်စီကို ဗျူဟာကျကျ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ထိုသို့ အစစ်အဆေးကြမ်းခဲ့ခြင်းဖြစ်သည်။

“တစ်ပတ်လောက်ကို အတော်လေး အစစ်အဆေးကြမ်းခဲ့တယ်။ ခဏပြန်ငြိမ်သွားတယ်။ နောက် NUG က ထပ်တင်တယ်ထင်ပါတယ်။ တစ်ခါတင်တိုင်း အထဲကလူတွေ (မြို့ပြပြောက်ကျားအဖွဲ့ဝင်) တော့ ခံစားနေရတယ်” ဟု ရန်ကုန်မြို့တွင် လက်ရှိအချိန်ထိ ပြောက်ကျားတော်လှန်ရေးလုပ်နေသူ မှိုင်းဝေက ပြောသည်။

လွန်ခဲ့သည့် နှစ်လကျော်မှစ၍ စစ်ကောင်စီက ရန်ကုန်မြို့ကို အထူးအာရုံစိုက်ကာ ပိုထိန်းချုပ်လာကြောင်း၊ အဓိကအားဖြင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ လုပ်နည်းလုပ်ဟန်များကို သိလာသည့်အတွက် စစ်တပ်က ကြိုတင်ကာကွယ်မှုများ ပြုလုပ်လာသည့်နည်းတူ ရန်ကုန်နှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းမှန်သမျှကို ကြပ်ကြပ်မတ်မတ်စစ်ဆေးလာသည်။

“အရင်တုန်းကတော့ ကျွန်တော်တို့က မကျေနပ်ဘူး၊ မခံနိုင်လို့ ချတယ်။ အခုနောက်ပိုင်းတော့ ကိုယ်တွေဘက်ကလည်း ဗျူဟာကျကျ ပြန်လည်တုံ့ပြန်ရမယ့်အနေအထားမှာ အရင်လိုလုပ်လို့မရမှန်း သိလာတယ်။ စိတ်ခံစားချက်ကို ဦးစားမပေးတော့ဘူး။ ချောင်းနေတယ်။ လစ်ရင် ငိုက်ရင် ဝင်လုပ်တယ်။ မငိုက်ရင် မလုပ်ဘူး” ဟု YUA တာဝန်ခံ ဆရာကျောင်းက ပြောသည်။

မြို့ပြပြောက်ကျားအဖွဲ့များ၏ လုပ်နည်းလုပ်ဟန်ကို သိလာသည့်အတွက် တစ်ဖက်ရန်သူက ပိုပြီး သတိထားလာကြောင်း၊ ပစ်မှတ်ထားသူများ နေရာရွှေ့ပြောင်းလေ့ရှိကြောင်းလည်း ၎င်းက ဆိုသည်။

“သူတို့ ပုံစံပြောင်းသွားတယ်။ လုံခြုံရေးပိုမြှင့်လိုက်တဲ့ပုံစံပေါ့။ ဆိုတော့ ယူဂျီတွေအတွက်လည်း ရန်ကုန်မှာ လုပ်ရကိုင်ရ ခဲယဉ်းလာတယ်” ဟု ဆရာကျောင်းက မှတ်ချက်ပြုသည်။

မြို့ပြပြောက်ကျားအဖွဲ့များအနေဖြင့်လည်း ဗျူဟာပြောင်း လှုပ်ရှားကြရသည်။ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းကို လျှော့ချလိုက်သည်။ ရပ်ကွက်အဆင့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပါက သူ့နေရာ အစားဝင်မည့်သူ အသင့်ရှိနေသည်။

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဦး အသတ်ခံရပါက စစ်တပ်က ခြေရာခံပြီး မီးခိုးကြွက်လျှောက် လိုက်လံဖမ်းဆီးတတ်သည်။ ထိုနည်းဖြင့် အဖမ်းခံရသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်လူငယ်များလည်း မနည်းတော့ပေ။ ရပ်ကွက်အဆင့် အုပ်ချုပ်ရေးမှူးတစ်ဦးအတွက် မိမိတပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ်နှင့် မလဲလိုကြတော့ပေ။ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ၌ ပြည်သူများထိခိုက်မည်ကို ထည့်သွင်းစဉ်းစားရသဖြင့် ထင်သလောက် ခရီးမပေါက်နိုင်တော့ပေ။

“အဖွဲ့အများစုက အခုလိုတွေးလိုက်တာကြောင့်လည်း ရန်ကုန်မှာ ငြိမ်သွားပါတယ်။ ခွဲတာက တစ်နေ့တည်း အလုံး ၂၀ ခွဲလည်း ကွဲတာပဲ။ အသံတော့ ထွက်မှာပဲ။ ဒါပေမဲ့ စစ်ကောင်စီကို မထိဘဲနဲ့ CCTV မှာ ပါလာရင် ရန်ကုန်မှာ နေဖို့က အဖမ်းခံရနိုင်ခြေ ၇၅ ရာခိုင်နှုန်းလောက် သေချာတယ်” ဟု ဆရာကျောင်းက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များများ ထိခိုက်နိုင်မည့် တိုက်ခိုက်မှုမျိုးကိုသာ ဦးစားပေးစဉ်းစားလာရသည့်အတွက် ရန်ကုန်တွင် ပစ်ခတ်တိုက်ခိုက်သံများ လျော့နည်းလာခြင်းပင်။

“ဟိုနားအုံးအုံး ဒီနားအုံးအုံးဆိုတာထက်စာရင် ခေါင်ကျတဲ့ အကောင်ကြီးကြီးကိုပဲ တိုက်ခိုက်ကြတော့တာ” ဟု Bahan’s Guerrilla Force တာဝန်ခံ ကိုဇာမဏီက ဆိုသည်။

ယခင်က တိုက်ခိုက်မှုတစ်ခုပြီးပါက ရန်ကုန်မြို့ထဲ၌ပင် ခြေရာဖျောက်ကာ ပုန်းအောင်းနေထိုင်ကြသည်။ နောက်ပိုင်းတွင် စစ်ကောင်စီက CCTV ကင်မရာများ ပိုမိုတပ်ဆင်လာပြီး ဧည့်စာရင်းစစ်ဆေးမှုကိုလည်း ပို၍ ပိုက်စိပ်တိုက်လုပ်လေ့ရှိသည်။ တစ်ခါက YUA အဖွဲ့ဝင် လူငယ်တစ်ဦးက စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတစ်ဦးကို ချောင်းမြောင်းလုပ်ကြံသည်။ မျက်နှာကို နှာခေါင်းစည်းတပ်ထားသော်လည်း နှစ်ရက်အတွင်း သူနေထိုင်ရာအိမ်သို့ စစ်တပ်ပေါက်ချလာကာ အိမ်ရှိလူများ အဖမ်းခံလိုက်ရသည်။

ဧည့်စာရင်းစစ်ဆေးမှုကို ရှောင်ရှားရန် ယခင်လို ခိုအောင်းနေထိုင်စရာအိမ်လည်း ရှားပါးလာသည်။ မြို့ခံလူထုသည် စစ်ကောင်စီ၏ ဖိနှိပ်မှုအောက်တွင် ဘဝပျက်ရမည့်အရေး မစွန့်စားရဲကြတော့ပေ။

အရင်က နှစ်ယောက် တစ်ညပေးအိပ်ပါဆို ကူညီမယ့်သူတစ်ပုံကြီးပဲ။ အခု မိတ်ဆွေ ၁၀ ယောက်လောက်ကို ဖုန်းဆက်အကူအညီတောင်းရင် ၉ ယောက်လောက် ငြင်းလိမ့်မယ်” ဟု ဆရာကျောင်းက ပြောသည်။

ထို့ပြင် စစ်ကောင်စီက ရန်ကုန်မြို့ကို ပုံမှန်အခြေအနေပြန်ရောက်နေဟန် ကြိုးစားအားထုတ်နေသည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ကို ရာနှုန်းပြည့်ထိန်းချုပ်နိုင်အောင် ကြိုးစားလျက်ရှိသည်။ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်ကို ပုံမပျက်မြင်စေလိုသည်။ ရဲစခန်းများ၊ ကင်းစခန်းများတွင် နှစ်ထပ်ဘန်ကာများ ဆောက်လုပ်ပြီးသောအခါ သာမန်သံဆူးကြိုး အဟန့်အတားများကို ဖယ်ရှားလိုက်သည်။

ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျားအဖွဲ့များ အားအကောင်းဆုံးအချိန်မှာ ၂၀၂၂ နှစ်လယ်ပိုင်းဖြစ်သည်ဟု YUA တာဝန်ခံ ဆရာကျောင်းက ဆိုသည်။ လွန်ခဲ့သော နှစ်နှစ်ကျော်တွင် ရန်ကုန်မြို့တွင် လှုပ်ရှားခဲ့သော မြို့ပြပြောက်ကျားအဖွဲ့ အရေအတွက်မှာ ၁၀၀ ခန့်ရှိနိုင်သည်ဟု ဆိုသည်။

“ရန်ကုန်ကို နည်းပညာပိုင်းအရရော အောက်ခြေမှာရော သူတို့အတိုင်းအတာတစ်ခုထိ စီးမိနေတယ်။ ရန်သူက ကိုယ့်ထက် ပိုအားကောင်းနေတယ်။ အုပ်ချုပ်ရေးယန္တရားကလည်း ပုံမှန်လည်ပတ်နေနိုင်တယ်။ ဒါ အရှိတရားပါပဲ”

သို့သော် မြို့ပြပြောက်ကျားတော်လှန်ရေးကို စွန့်လွှတ်မည်မဟုတ်ကြောင်း အခွင့်သာသည်နှင့် အချိန်မရွေး တိုက်ခိုက်မည်ဖြစ်ကြောင်း ဆရာကျောင်းက ကြွေးကြော်သည်။

“ရဲဘော်တွေအနေနဲ့က အမြဲအသင့်ပါပဲ။ ရန်ကုန်ကို နည်းနည်းလေး ဖော့လိုက်တာနဲ့ ကျွန်တော်တို့ ကြွဖို့ အဆင်သင့်ပဲ” 

(*လုံခြုံရေးအခြေအနေအရ အမည်လွှဲများဖြင့် ဖော်ပြထားသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button