
စစ်ထောက်လှမ်းရေး ဗိုလ်မှူးသန်းထွဋ်နှင့် အဖွဲ့သည် ဇန်နဝါရီ ၂၂ တွင် နေပြည်တော်တောင်ဘက် မိုင် ၄၀ အကွာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် PDF ၏ ပစ်ခတ်တိုက်ခတ်ခံရပြီး သေဆုံးသွားကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ထိုသို့တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရာတွင် ရန်ကုန်မှ ထွက်ခွာသွားသည့် ဗိုလ်မှူးသန်းထွဋ်နှင့် အဖွဲ့ ရောက်ရှိနေရာကို ရန်ကုန်မြို့မှ မြို့ပြ ပြောက်ကျားတပ်ဖွဲ့များ ပူးပေါင်းထားသော Yangon UG Association (YUA) က သတင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဗိုလ်မှူးသန်းထွဋ်သည် ရန်ကုန်တိုင်းတွင် စစ်ကြောရေး၊ အသွင်ယူထောက်လှမ်းရေးလုပ်ငန်းတို့ကို အဓိကလုပ်ကိုင်ခဲ့သူဟု Myanmar Now ၏ တပ်တွင်းသတင်းရင်းမြစ်များက အတည်ပြုထားသည်။
မကြာသေးခင်က လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် အမှတ် (၁) တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်၏ အစီရင်ခံစာဆိုသည့် အသံဖိုင်နှင့် စာမျက်နှာ ၃၀ ကျော်ပါ စာတမ်းတွင် စစ်တပ်က ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များအတွင်း စိမ့်ဝင်အသွင်ယူကာ ဖမ်းဆီးနိုင်ခဲ့သည်ဆိုသည့် အချက်အလက်များပါဝင်သည်။
ဗိုလ်မှူးသန်းထွဋ်နှင့်အတူ သေသွားသူ တပ်ကြပ်ကြီးမြင့်အောင်သည် ထိုအစီရင်ခံစာပါ မြို့ပြပြောက်ကျားအဖွဲ့ဝင်အဖြစ် အသွင်ယူလုပ်ဆောင်ခဲ့သော ကိုမဟာ ဆိုသူဖြစ်သည်ဟု YUA က အတည်ပြုသည်။
ထိုအစီရင်ခံစာတွင် စစ်သားများက အသွင်ယူဖမ်းဆီးမှု၊ ဖမ်းမိသော မြို့ပြပြောက်ကျားအဖွဲ့ဝင်များကို ၎င်းတို့လူအဖြစ် ပြန်လည်အသုံးချမှု စသည့် ဖြစ်ရပ် ဆယ်ဂဏန်းချီရှိသည်ကို တွေ့ရသည်။
၂၀၂၂ နှောင်းပိုင်း ရန်ကုန်တွင် UG ခေါ် မြို့ပြပြောက်ကျားအဖွဲ့ဝင် အများအပြား ဖမ်းဆီးခံရသည်။ ထိုအခြေအနေများနှင့် ပတ်သက်၍ Myanmar Now က YUA တာဝန်ခံ ဆရာကျောင်းကို ဆက်သွယ် မေးမြန်းထားသည်။
မေး – စစ်တပ်ရဲ့ထောက်လှမ်းရေးနဲ့ စစ်ကြောရေးမှာ အဓိကတာဝန်ရှိတဲ့ ဗိုလ်မှူးတစ်ဦးနဲ့ အဖွဲ့ရဲ့ ခရီးစဉ်ကို YUA သိရှိ သတင်းပေးနိုင်တဲ့အတွက် PDF က အမြန်လမ်းမှာ တိုက်ခိုက်လိုက်တယ်။ ဒီထောက်လှမ်းရေးတွေက မြို့ပြပြောက်ကျားအသွင်ယူပြီး ထောက်လှမ်းနေတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နည်းနည်း ပြောပြပေးပါ။
ဖြေ – ကျွန်တော်တို့က တချို့ အသွင်ယူတွေကို အသွင်ယူမှန်း သိတယ်၊ သိပေမဲ့ လက်ခံထားတယ်။ ကျွန်တော်တို့လိုချင်တဲ့ သတင်းအချက်အလက်တွေ မပြည့်စုံသေးလို့ပါ။ ပြည့်စုံတဲ့အချိန်မှာ တိတိကျကျကို ဆောင်ရွက်လိုက်ပါတယ်။ ဆိုလိုချင်တာက သူတို့ကလည်း ကျွန်တော်တို့ဘက်က လူတွေကို အသုံးချတယ်ဆိုရင် ကျွန်တော်တို့ကလည်း ပြန်အသုံးချတယ်ပေါ့၊ ဒီပုံစံပါပဲ။
မေး – ဗိုလ်မှူးသန်းထွဋ် အသတ်ခံရတဲ့ဖြစ်စဉ်မှာ အတူပါလာတဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့နဲ့ ပတ်သက်ပြီးကော ဘာပြောနိုင်ပါသလဲ။
ဖြေ – နာမည်တွေ သူတို့ဂုဏ်သိက္ခာအရ ထည့်မပြောတော့ဘူး။ တကယ်က သူတို့က တော်လှန်ရေးသမားတွေ။ တော်လှန်ရေးလုပ်ရင်း စစ်တပ်က ဖမ်းဆီးလိုက်တဲ့အတွက် Under Control ဖြစ်ပြီး (ထိန်းချုပ်ခံရပြီး) စစ်တပ်နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့လူတွေ။ သူတို့ကြောင့် ဖမ်းခံရတဲ့လူတွေ အများကြီးရှိတဲ့အတွက် စစ်ဖို့ စခန်းကို ခေါ်သွားတာ၊ စခန်းနားရောက်တော့မှ ပြန်ခုခံပြီး ထွက်ပြေးတာ။ ပြေးလို့ ပစ်ဖမ်းရင်းနဲ့ အဲဒီ ၂ ယောက်ပါ သေသွားတာပါ။ အဲဒီအတွက်တော့ အရမ်းကို စိတ်မကောင်းဘူး။
(ပဲခူးတိုင်းဒေသကြီး PDF က ဇန်နဝါရီ ၂၃ ထုတ်ပြန်ချက်တွင်လည်း စစ်ကောင်စီတပ်သားများနှင့်အတူ ပါလာသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့ကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာစဉ် လက်နက်လုယုထွက်ပြေးရန် ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားသည်ဟု ဖော်ပြထားသည်။
၎င်းတို့နှစ်ဦးသည် ဗိုလ်မှူးသန်းထွဋ် အသတ်ခံရသည့် ဖြစ်စဉ်တွင် သေဆုံးသွားသူ ၂ ဦး ဟုတ်မဟုတ် တော်လှန်ရေးအင်အားစုများက ထုတ်ဖော်မပြောကြားပေ။ သို့သော် ပြန့်နှံ့လာသော စစ်တပ်အစီရင်ခံစာတွင် ထို ၂ ဦး ပါဝင်သည့် ၂၀၂၂ ဖေဖော်ဝါရီနှင့် မတ်လ အသွင်ယူဖမ်းဆီးမှုများတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် လူငယ် ၃၆ ဦးနှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။ ထိုအစီရင်ခံစာ မှန်ကန်ခြင်းရှိမရှိကို သီးခြားအတည်မပြုနိုင်ပေ။)
မေး – မြို့ပြပြောက်ကျားအဖွဲ့တွေကြားထဲကို စစ်တပ်ထောက်လှမ်းရေးတွေက အသွင်ယူပြီး ဖမ်းတယ်ဆိုပြီး သတင်းတွေထွက်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်း တပ်တွင်းအစီရင်ခံစာဆိုတာမျိုး ပြန့်နှံ့လာပြီး အဲဒီထဲမှာ စစ်တပ်က အသွင်ယူလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အဖွဲ့တွေလည်း ပါနေတာ တွေ့ရတယ်။ YUA အနေနဲ့ အဲဒီအစီရင်ခံစာအပေါ် ဘာပြောနိုင်လဲ၊ ဘာမှတ်ချက်ပေးလို့ရမလဲ။
ဖြေ – အမှန်ရော အမှားပါ ရောထွေးနေတဲ့ အစီရင်ခံစာပါ။ မြို့ပြပြောက်ကျားအဖွဲ့တွေအပေါ် အတော်လေးကို သက်ရောက်မှုတော့ ရှိခဲ့ပါတယ်။ တစ်ဖက်က ပြန်တွေးရင်တော့ ကျွန်တော်တို့ကလည်း တော်လှန်ရေးပါး အတော်လေးဝနေပါပြီ။ ဒါကြောင့် ကြီးမားတဲ့ရိုက်ခတ်မှုတော့ မဖြစ်စေနိုင်ပါဘူး။
မေး – YUA ထဲကိုရော ဒီလိုအသွင်ယူ ဝင်လာတာတွေ ရှိပါသလား ဒါမှမဟုတ် မဟာမိတ်အဖွဲ့တွေကို အသွင်ယူလာတယ်လို့ ယူဆတဲ့ အဖွဲ့တွေ၊ လူတွေ ဆက်သွယ်လာတာ ရှိပါသလား။
ဖြေ – အတိုင်းအတာတစ်ခုထိ ရှိခဲ့ပါတယ်။ ရှိတယ်ဆိုတာ အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ မဟုတ်ဘဲ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့လို့ပဲ ပြောပါရစေ။ ဒါကို ကျွန်တော်တို့ သတိထားမိတယ်။ တချို့ဟာတွေ သိလည်းသိခဲ့တယ်။ သိပြီး ဘာလို့မဖော်ထုတ်လဲဆိုတော့ ရှေ့မှာ ပြောခဲ့သလိုပဲ သူတို့ (စစ်ကောင်စီ) ကနေ ယူစရာ သတင်းအချက်အလက်တစ်ချို့ ရှိနေလို့ပါ။ ဒီလို အားနည်းချက် အားသာချက်တွေကြောင့် မထုတ်ဖော်ရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မဟာမိတ်အဖွဲ့တွေအနေနဲ့ရော အခြားအသွင်ယူပြီး ဆက်သွယ်လာတာတွေရော အတော်လေးရှိခဲ့ပါတယ်။ တချို့ကလည်း အစစ်အမှန်ပါ၊ တချို့ကလည်း အသွင်ယူတွေပါ၊ သူတို့ကြားထဲမှာ ခြားနားချက်တော့ ရှိပါတယ်၊ ဒါကတော့ အရမ်းကြီး ထုတ်ဖော်ပြောလို့ မရပါဘူး၊ ဘယ်ဟာတွေ ခြားနားတယ် မခြားနားဘူးဆိုတာကို။

မေး – မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ လုပ်ဆောင်ရတဲ့ပုံစံက တောထဲက PDF တပ်သားတွေရဲ့ လုပ်ဆောင်ချက်နဲ့ ကွာခြားပါတယ်။ မြို့ပြမှာက သမင်မွေးရင်း ကျားစားရင်းဆိုသလို အဖမ်းခံရတာ တွေ့ရတယ်။ မြို့ပြမှာ မြို့ပြပြောက်ကျားလူငယ်တွေ ဘယ်လိုပုံစံနဲ့ ဖမ်းခံကြရတာ များလဲ၊ အသွင်ယူ သတင်းပေးခံကြရလို့လား။
ဖြေ – မြို့ပြပြောက်ကျားနဲ့ တောတွင်းက PDF တွေရဲ့ ကွာခြားချက်ကတော့ တောတွင်းကတော့ လက်နက် ပေါ်တင်ကိုင်လို့ရတယ်၊ နောက်တစ်ခုကတော့ ခြေခြေချင်း၊ လက်လက်ချင်း ရှင်းလို့ရတယ်။ မြို့ပြမှာကျတော့ အဲဒီလိုမဟုတ်ဘူး၊ ဗျူဟာမြောက် လုပ်ဆောင်ရတယ်။ နောက်တစ်ခုက သိုသိပ်စွာနေရတယ်။ အရေးကြီးဆုံးကတော့ လုပ်ရပ်တိုင်းက သက်ရောက်မှု ကြီးကြီးမားမားဖြစ်အောင် လုပ်ရတယ်၊ ကိုယ်မှန်းလည်း မသိအောင် လုပ်ရတယ်၊ ဒါကတော့ အကြီးမားဆုံးအခက်အခဲပါပဲ။
သမင်မွေးရင်း ကျားစားရင်းဆိုတာလည်း အတိုင်းအတာတစ်ခုတော့ မှန်ပါတယ်။ အဖမ်းခံလိုက်ရတယ်ဆိုတဲ့ အနေအထားမှာလည်း ၅၀ ရာခိုင်နှုန်းလောက်က သူတို့ (စစ်ကောင်စီ) ဖမ်းသွားတာတွေက ထင်ယောင်ထင်မှားဖြစ်မှုနဲ့ သံသယဖြစ်တဲ့လူတွေကို ဖမ်းတာပါ။ အဲဒီထဲကမှ ကျွန်တော်တို့ UG အစစ်အမှန်က တစ်ဝက်လောက် ရှိကောင်းရှိမယ်ပေါ့လေ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ မြို့ပြပြောက်ကျားတွေက သမင်မွေးရင်း ကျားစားရင်းဖြစ်နေရင် အခုချိန်ထိ မြို့ပြလုပ်ငန်းစဉ်တွေ ရှိတော့မှာမဟုတ်ဘူး။
ပြောချင်တာက သူတို့ (စစ်ကောင်စီ) က ယုံကြည်အောင် လုပ်တယ်၊ အဘက်ဘက်ကနေပြီး ဝင်ရောက်လာတယ်၊ ဖမ်းဆီးတယ်။ ဒီအပေါ်မှာ တော်လှန်ရေးပါး ဝနေပြီဖြစ်တဲ့အတွက် အရင်လို အသွင်ယူပြီးလုပ်လို့ မရတော့ပါဘူး။ နောက်တစ်ခုက ရန်သူ့ဘက်ပါနေတဲ့ ရန်သူ့သတင်းပေးတွေကြောင့်သာလျှင် မြို့ပြပြောက်ကျားတွေ ဖမ်းခံနေရခြင်းဖြစ်ပါတယ်။ သတင်းပေးတွေသာ မရှိရင် မြို့ပြပြောက်ကျားတွေက ပါစရာအကြောင်းကို မရှိပါဘူး။ ဘာလို့ဆို ကျွန်တော်တို့မှာလည်း စနစ်တကျပြုလုပ်ထားတဲ့ အစီအမံတွေ၊ ကောင်းမွန်တဲ့ ကာကွယ်မှုတွေ ရှိနေပါပြီ။
မေး – ပြီးခဲ့တဲ့လပိုင်းတွေမှာ မြို့ပြပြောက်ကျားလူငယ်တွေ အများအပြား အဖမ်းခံကြရတယ်၊ စစ်တပ်ကလည်း ထုတ်ပြန်တယ်၊ တစ်ခါ ပြန့်နှံ့လာတဲ့ အစီရင်ခံစာမှာလည်း သူတို့ ဖမ်းလိုက်နိုင်တယ်ဆိုတဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေအကြောင်း ထည့်သွင်းဖော်ပြထားတယ်။ အဲဒါ ဟုတ်သလား၊ အသွင်ယူဖမ်းဆီးခံရမှုက ဘယ်လောက်များများရှိလဲ။
ဖြေ – တချို့ကလည်း ဟုတ်တယ်၊ တချို့ကလည်း မဟုတ်ဘူး၊ တချို့ဟာတွေက ယုန်ထောင်ကြောင်မိတွေပါ။ သူတို့ဖမ်းချင်တာက တခြား၊ ဖမ်းလိုက်တာတွေက တခြား၊ ဒီလိုပါ။ ချိတ်ဆက်မှု အားနည်းတယ်၊ လုံခြုံရေး နည်းနည်းလျော့ရဲသွားတဲ့ အဖွဲ့တွေကို သူတို့ (စစ်ကောင်စီ) စီးမိသွားတယ်၊ ဒီလိုပုံစံမျိုးပါ။ သူတို့ (စစ်ကောင်စီ) ပြောသလောက်ကြီးတော့ မဟုတ်ပါဘူး။ နောက် အသွင်ယူတာက ဒီတော်လှန်ရေးစမှ ပါဝင်လာတဲ့သူတွေတောင် သိတယ်ဆိုရင် ကျွန်တော်တို့ထက် အတွေ့အကြုံရှိတဲ့သူတွေ၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်တဲ့သူတွေ ဒီတော်လှန်ရေးထဲမှာ အများကြီး ပါပါတယ်။ ဆိုလိုချင်တာ အဲဒီလောက်မလွယ်ကူဘူးလို့ ပြောပါရစေ။ အသွင်ယူဖမ်းဆီးခံရသူတွေ မရှိဘူးမဟုတ်ဘူး ရှိပါတယ်၊ ဒါပေမဲ့ လွန်ရောကျွံရော ၂၅ ရာခိုင်နှုန်းလောက်ပါပဲ။
မေး – စစ်တပ်ဘက်က အသွင်ယူပြီး ဝင်လာတဲ့သူတွေက ဘယ်လိုပုံစံ၊ လမ်းကြောင်းတွေနဲ့ ဝင်လာလေ့ရှိလဲ။
ဖြေ – ဘယ်လိုပုံစံနဲ့ ဝင်လာလဲဆိုတော့ တောထဲမှာ သင်တန်းတက်ဖူးပါတယ်၊ ဘယ်သူနဲ့ သိပါတယ်၊ ဘယ်သူက အာမခံပေးပါတယ်ပေါ့။ အရင်ဆုံးတော့ သူတို့ တစ်ယောက်ယောက်ကို ချဉ်းကပ်ပါလိမ့်မယ်။ အဲဒီကနေတစ်ဆင့် ဝင်လာတယ်။ ဒါမှမဟုတ် ဖမ်းဆီးခံရတဲ့လူ တစ်ယောက်ယောက်က အာမခံပေးတယ်ပေါ့။ နဂိုကတည်းက ဒီလူက ဖမ်းဆီးခံရပြီးဖြစ်တယ်၊ သူတို့ကပဲ အာမခံပေးတယ်၊ ဒီလိုပုံစံနဲ့ပဲ ဝင်လို့ရတယ်။ အခုချိန်မှာ ကျွန်တော်တို့ကလည်း စိစစ်မှုကို ၃ ဆင့်လောက်လုပ်တဲ့ အချိန်မှာ သူတို့ထိုးဖောက်မှုက အဲ့လောက် အရာမဝင်တော့ပါဘူး။ တချို့ဟာတွေလည်း မသိလိုက်ဘူး၊ တချို့ဟာတွေလည်း သိတယ်၊ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ အချက်အလက်လေးတွေရှိရင်လည်း အဲဒီလူကို လက်ခံလိုက်တယ်၊ မရှိရင်တော့ အဲဒီလူတွေကို ရေလိုက်ငါးလိုက်ပဲ ထားထားတယ်။ ရန်သူကတော့ ကိုယ့်မျက်စိရှေ့က ပျောက်သွားလို့မရဘူးလေ။ လာဆက်သွယ်တဲ့ လူတွေအားလုံးကို စနစ်တကျနဲ့ စိစစ်ပါတယ်။
မေး – အသွင်ယူဖမ်းဆီးမခံရအောင် ဘယ်လိုစိစစ်မလဲ။
ဖြေ – မြေပြင်မှာ တကယ်ထိတွေ့နေတဲ့လူလား၊ ဘယ်လောက်ရာခိုင်နှုန်းလောက်ထိ ယုံကြည်ရမလဲ၊ တော်လှန်ရေးမှာတော့ ဘယ်သူ့မှ မယုံနဲ့၊ အထပ်ထပ် ကိုယ့်ဘက်က စိစစ်နိုင်ကာမှ တော်ကာကျမယ်။ တကယ် တော်လှန်ရေးကို ထဲထဲဝင်ဝင် ပါဝင်နေတဲ့လူ တစ်ယောက်ရဲ့ထောက်ခံမှုပေါ့၊ ထောက်ခံတယ်ဆိုရင်တောင် သူ့ရဲ့ background (နောက်ကြောင်း) ကို သေချာသုံးသပ်ပြီးမှ လက်ခံဖို့ လိုပါတယ်။

Myanmar Now – YUA ထဲမှာကော အသွင်ယူဝင်လာတာတွေ ရှိနေသေးတယ်လို့ ထင်လား၊ အသွင်ယူနဲ့ တော်လှန်ရေးသမားစစ်စစ် ဘယ်လိုခွဲခြားသိနိုင်မလဲ။
ဖြေ – YUA ထဲမှာတော့ အသွင်ယူဝင်လာတဲ့သူတွေ မရှိတော့ပါဘူး။ အတိအကျကို မရှိတော့ဘူးလို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အထပ်ထပ်စိစစ်ပြီးပါပြီ။ ဥပမာ ရဲဘော်တစ်ယောက်ပဲ ထားပါတော့၊ ကျွန်တော်တို့နဲ့ လက်လှမ်းမမီဘူးပေါ့နော်၊ မင်း ဘယ်စခန်းကနေ သင်တန်းပြီးခဲ့လဲ၊ ဘယ်လိုပြီးခဲ့လဲ၊ ကျွန်တော်တို့စိစစ်ပါတယ်၊ ရဲဘော်နာမည်က ဘာလဲပေါ့၊ သူပြောတဲ့အချိန်မှာ အဲဒီတောတွင်းစခန်းတွေကို လှမ်းမေးတယ်၊ သူနဲ့ဆက်စပ်တဲ့သူ၊ အနည်းဆုံး အာမခံတဲ့သူ ကျွန်တော်တို့ ယုံကြည်ရတဲ့သူ ၂ ဦးလောက်ကို ထပ်ပြီးစုံစမ်းတယ်။ အထပ်ထပ်စိစစ်ပြီးမှ လက်ခံလို့ အခုမရှိတော့ဘူး။
နောက် အသွင်ယူနဲ့ တော်လှန်ရေးသမားစစ်စစ် ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတဲ့ကိစ္စမှာတော့ အသွင်ယူကတော့ ဖိန့်ဖိန့်ပါပဲ၊ တချို့ဟာတွေမှာ အရမ်းကိုသိသာပါတယ်၊ ဥပမာ သူတို့ဗုံးခွဲတယ်၊ ဘယ်သူ့မှမထိဘူး၊ သူတို့ဘာသာ ဘယ်နေရာခွဲခွဲ သူတို့ (စစ်ကောင်စီ) ရဲ့ အဆောက်အအုံ၊ ယာဉ်ယန္တရား၊ သူတို့လူတွေ မထိဘူး၊ ခွဲတယ်၊ ခွဲတိုင်း မထိဘူးဆိုတော့ ဒါက အသွင်ယူတွေရဲ့ လုပ်လေ့လုပ်ထရှိတဲ့ သဘောတရားပါပဲ။ တော်လှန်ရေးသမားကတော့ အကျိုးသက်ရောက်မှု မရှိတဲ့ ဘယ်လိုအလုပ်မျိုးကိုမှ မလုပ်ပါဘူး။ လုပ်တဲ့အလုပ်တိုင်း အကျိုးသက်ရောက်မှုရှိအောင် လုပ်ပါတယ်၊ ဒီလိုပဲ ခွဲခြားသိနိုင်ပါတယ်။ နောက်တစ်ခုက စကားတွေ အရမ်းပြောတယ်ပေါ့၊ တကယ်တော်လှန်ရေးသမားက စကားတွေ အရမ်းမပြောပါဘူး၊ လုပ်စရာရှိတာပဲ လုပ်ပါတယ်။
မေး – တော်လှန်ရေးက ၂ နှစ်ပြည့်ခါနီးရှိလာချိန်မှာ မြို့ပြမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ထောက်တိုင်တွေကို မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာတွေရှိသလို စစ်ကောင်စီရဲ့ ဖမ်းဆီး သတ်ဖြတ်ခံရတာတွေလည်း မနည်းမနောရှိနေတာ တွေ့ရတယ်။ လက်ရှိ မြို့ပြက တော်လှန်ရေးအရှိန်က ဘယ်လိုရှိပါသလဲ။
ဖြေ – လက်ရှိမြို့ပြတော်လှန်ရေးရဲ့ အရှိန်က မလျော့ပါဘူး၊ အရင်နဲ့ ကွာခြားချက်ကတော့ အရင်က တောက်လျှောက်ခွဲကြတယ်၊ တအုန်းအုန်းနဲ့ တဂျိန်းဂျိန်းနဲ့ ဒါပေမဲ့ ထိရောက်မှု ရှိတာရှိတယ်၊ မရှိတာလည်း ဖြစ်မယ်။ အခုနောက်ပိုင်းကတော့ တစ်ခုလုပ်ရင် တစ်ခု၊ လုပ်တဲ့ကိစ္စရပ်တိုင်းမှာ အကုန်လုံးကိုမှ ထိရောက်မှုရှိတယ်၊ အဲဒါကြောင့် တော်လှန်ရေးရဲ့အရှိန်က ရလဒ်အရ ပိုမြင့်လာတယ်လို့ ပြောချင်တယ်၊ အရေအတွက်အရတော့ လျော့ကောင်းလျော့သွားလိမ့်မယ်၊ တော်လှန်ရေးရဲ့အရှိန်ကတော့ ပိုမြင့်လာတယ်။
မေး – မြို့ပြက ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ အခက်အခဲတွေက ဘာတွေများလဲ။
ဖြေ – လက်ရှိမြို့ပြပြောက်ကျားရဲ့ အခက်အခဲကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု ဒီထက်ပိုပြီး ကျွန်တော်တို့ လိုချင်ပါသေးတယ်၊ ကျွန်တော်တို့ မြို့ပြပြောက်ကျားအဖွဲ့တွေကို ဂရုစိုက်ပေးပါ၊ နိုင်တဲ့ဘက်ကနေ တစ်ထောင့်တစ်နေရာ ဘယ်နေရာမျိုးကနေမဆို ပူးပေါင်းပေးပါ၊ ဒါဆို ဒီတော်လှန်ရေးက အမြန်ဆုံး အောင်မြင်သွားမှာပါဗျ။ ကျွန်တော်တို့ (မြို့ပြပြောက်ကျားအဖွဲ့) က ရပ်တည်ချက်လည်း မှန်တယ်၊ လုပ်ရပ်လည်း မှန်တယ်၊ ဘယ်သူက ဘာဆိုတာလဲ လူတိုင်းသိနေတဲ့ အနေအထားမှာ မှန်တဲ့သူက နိုင်စမြဲပါပဲ။ ဒါကြောင့် ကျွန်တော်တို့နိုင်မှာပါ၊ အားမလျှော့ပါနဲ့၊ အချိန်လေးတစ်ခုပဲ စောင့်ပါလို့ ပြောပါရစေခင်ဗျာ။
(YUA သည် မြို့ပြပြောက်ကျားတပ်ဖွဲ့ ၁၆ ဖွဲ့၏ မဟာမိတ်အဖွဲ့အစည်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီ၏ ဖမ်းဆီးခံရမှုများကြောင့် လက်ရှိ ၁၀ ဖွဲ့ကျန်ရှိနေသည်။ ၂၀၂၂ ခုနှစ်တွင် အောင်မင်္ဂလာစစ်ဆင်ရေး၊ ပြည်သူ့ကမ်းလက်စစ်ဆင်ရေး၊ အသက်လျော်ကြေးစစ်ဆင်ရေးစသည့် စစ်ဆင်ရေး ၃ ခုကို YUA အတွင်းရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များက ဆောင်ရွက်ခဲ့သည်ဟု သိရသည်။)
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)