သတင်း

မန္တလေးမြို့ပေါ်တွင် တပ်ကြပ်တစ်ဦး ပစ်ခတ်ခံရ

အောက်တိုဘာ ၇ ရက်နေ့က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုရှေ့တွင် တပ်ကြပ်အဆင့် စစ်သားတစ်ဦးကို မြို့ပြအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုက ပစ်ခတ်ခဲ့သည်။

ယင်းနေ့ နေ့လယ်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ လူစည်ကားသည့် ညောင်ပင်ဈေးအနီးရှိ ထိုရုံးရှေ့ ပစ်ခတ်မှုကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားသည်ဟု ထိုမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရုံးထဲကနေ လမ်းဘက်ကို ပြန်ပစ်သံတွေတော့ ကြားလိုက်ရတယ်။ ဈေးနားဆိုတော့ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ကုန်တယ်။ ဆိုင်ကယ်နဲ့ လာပြီး အနီးကပ် ပစ်သတ်သွားတာလို့ ပြောကြတယ်” ဟု သူက ဆိုသည်။

ဦးခေါင်း နှစ်ချက်ထိမှန်သွားသည့် ထိုစစ်သားကို အရေးပေါ်ကားဖြင့် တင်ဆောင်သွားသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့နောက် စစ်ကောင်စီ လက်နက်ကိုင်အများအပြားက ယင်းနေရာအနီး လမ်းပိတ်ဆို့စစ်ဆေးခဲ့သည်၊ အောင်မြေသာစံမြို့နယ်အတွင်း ပိုက်စိပ်တိုက်ရှာဖွေခြင်း၊ ညဘက်တွင် ဧည့်စာရင်းစစ်ဆေးခြင်း တို့ကိုလည်း တွေ့ခဲ့ရသည်ဟု မြို့ခံများက ဆို ကြသည်။

အောင်မြေသာစံတွင် စစ်သား ပစ်ခတ်ခံရသည့် ရပ်ကွက်ရုံးသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ဗုံးဖောက်ခွဲခံထားရသောကြောင့် ရုံးအသစ်ပြန်ဆောက်ထားခြင်းဖြစ်သည်၊ သံဆူးကြိုးများ အထပ်ထပ်ကာ၍ ရုံးရှေ့လမ်းကိုလည်း အနည်းငယ်သာ ဖွင့်ထားသည်ဟု သိရသည်။

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Generation Z Power (GZP) အဖွဲ့၏ ယမန်နေ့ (အောက်တိုဘာ ၈) ရက်စွဲနှင့် ထုတ်ပြန်ချက်တွင် ထိုစစ်သား၏ ဦးခေါင်းကို အနီးကပ် နှစ်ချက် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုအဖွဲ့သည် မန္တလေးမြို့၌ ပြောက်ကျားစစ်ဆင်ရေးပေါင်းများစွာ ပြုလုပ်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်ပြီး တော်လှန်ရေးကာလအတွင်း အဖွဲ့ဝင် ၂၈ ဦး သေဆုံးခဲ့ပြီး အဖွဲ့ဝင်အများအပြား ဖမ်းဆီးခံထားရသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင်မူ ခရီးသွားပြည်သူတစ်ဦးကို ကူညီနေသည့် စစ်သားတစ်ဦး ရက်စက်စွာ လုပ်ကြံခံရကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားကြသည်။ စစ်ယူနီဖောင်း ပြည့်စုံစွာ ဝတ်ဆင်မထားသည့် အမျိုးသားတစ်ဦး လမ်းပေါ်တွင် လဲကျနေကာ ဦးခေါင်းမှ သွေးထွက်နေသည်ကို ပုံတွင် တွေ့ရသည်။

ရပ်ကွက်ရုံးရှေ့ ဆိုင်ကယ်ပျက်နေသည့် ပြည်သူတစ်ဦးကို အပြင်ထွက်ပြီး ကူညီပြုပြင်ပေးနေစဉ် ဆိုင်ကယ်နှင့် ရောက်လာသူတို့က အနီးကပ် ပစ်သွားခြင်းဖြစ်ကြောင်း ရေးသားထားကြသည်။

ယခင်က အဆိုပါရုံးရှေ့တွင် အရှိန်ထိန်းတုံးများချထားသော်လည်း ၂၀၂၃ ဇွန်လမှစတင်ကာ အတားအဆီးများကို ဖယ်ရှားခဲ့၍ သေနတ်သမားများ လွယ်လင့်တကူ လွတ်မြောက်သွားသည်၊ အုပ်ချုပ်ရေးမှူးရုံးများရှေ့တွင် အရှိန်ထိန်းတုံးများပြန်လည်ထားရှိသင့်သည်ဟု ထိုစာမျက်နှာများတွင် ရေးသား လှုံ့ဆော်နေကြသည်။

ပစ်ခတ်ခံရသူ သေဆုံးသွားသည်ဟုလည်း တချို့စာမျက်နှာများတွင် ရေးသားထားသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းသည့် စစ်တပ်က မန္တလေး အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဆန္ဒပြသူတို့ကို ပစ်သတ်ပြီးနောက်တွင် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။

မန္တလေးမြို့တွင် ပစ်ခတ်ဖောက်ခွဲမှု ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း ဒေသတွင်း ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကာ နယ်မြေထိစပ်နေသော မတ္တရာ၊ အမရပူရမြို့နယ်များအပြင် ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းမြို့နယ်အတွင်းပါ စီးနင်းဖမ်းဆီးမှုများ အဆက်မပြတ် လုပ်ဆောင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button