သံအမတ်ကြီးဟောင်း အငြိမ်းစားဗိုလ်ချုပ်၊ ဦးအုန်းသွင်နှင့် သမက်ဖြစ်သူ ဗိုလ်ကြီးဟောင်းတို့ကို သေနတ်ဖြင့် ပစ်သတ်သည့် Inya Urban Force(IUF) အမည်ရ မြို့ပြပြောကျားအဖွဲ့မှ အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းမိသည်ဟု စစ်ကောင်စီက ဆိုသည်။
ရန်ကုန်၊ လှိုင်မြို့နယ် ၁၂ ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်း နေအိမ်ရှေ့တွင် စက်တင်ဘာ ၂၄ မွန်းလွဲပိုင်းက ဦးအုန်းသွင်နှင့် ဦးရဲတေဇတို့ ပစ်သတ်ခံရပြီး တစ်ပတ်ကျော်အကြာတွင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးကို ဖမ်းမိကြောင်း ယနေ့(အောက်တိုဘာ ၃၁) ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြသည်။
ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံနေသည့် ရန်ကုန်အခြေစိုက် ပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် IUF ကလည်း အဖွဲ့ဝင်အချို့ ထိန်းသိမ်းခံရကာ အဆက်အသွယ်ပြတ်တောက်နေသည်ဟု ယနေ့ နံနက်တွင် ၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့် ကြေညာသည်။
ဖမ်းခံထားရသူများ၏ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း၊ ကျန်အဖွဲ့ဝင်များကို အချိန်မီ နေရာရွှေ့ပြောင်းနိုင်ခဲ့ကြောင်း၊ ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း IUF က ဆိုထားသည်။ သို့သော် စစ်ကောင်စီ ထုတ်ပြန်သည့်ထဲတွင် ပါဝင်သူများ အဖွဲ့ဝင်ဟုတ်မဟုတ် IUF ထံ မေးမြန်းထားသော်လည်း ယနေ့ မွန်းလွဲပိုင်းအထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
စစ်ကောင်စီကမူ IUF အဖွဲ့မှ ကိုကျော်ကောင်းထက်(ခ)ကောင်းထက်(ခ) အောင်နိုင်မိုးကို အောက်တိုဘာ ၁ ရက်တွင် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း ဖူဆန်တရုတ်ဘုံကျောင်းအနီး ကနဦး ဖမ်းဆီးရမိသည်ဟု ဆိုထားသည်။
ထို့နောက်တွင် အခြား IUF အဖွဲ့ဝင်များဖြစ်သည့် ကိုဥက္ကာဖြိုး၊ မဇင်မေလတ်၊ ကိုသန်းထက်ဇင်၊ ကိုညီညီချစ်ထူး၊ မရွှန်းလဲ့ဝေ၊ ကိုနေရှိုင်း တို့ကို အောက်တိုဘာ ၂ ရက်၊ ကိုသန်းထွဋ်ပိုက်နှင့် မပန်းအိအိကျော်တို့ကို အောက်တိုဘာ ၃ ရက်၊ ၆ ရက်နေ့တွင် ကိုဇေယျာလင်းထက် တို့ကို ရန်ကုန်မြို့၌ပင် ဖမ်းမိသည်ဟု စစ်ကောင်စီက ပြောသည်။
ရန်ကုန်၊ လမ်းမတော်မြို့နယ်အတွင်း စားသောက်ဆိုင်တစ်ခုတွင် ဧပြီလက သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဗိုလ်မှူးကုဋေဖြိုးအောင် သေဆုံးမှု၊ ဇူလိုင်လတွင် ဗိုလ်တထောင်မြို့နယ် ဘိုကလေးဈေးအနီး အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဘော်ဘီ(ခ) ဦးသန်းဝင်း သေနတ်ဖြင့် ပစ်ခံရမှုတို့အပြင် အခြားပစ်ခတ်မှု ၄ ခု၊ ဖောက်ခွဲမှု ၂ ခု တို့ဖြင့်လည်း အထက်ပါ ၁၀ဦးကို စစ်ကောင်စီက စွပ်စွဲထားသည်။
အသက် ၇၂ နှစ်အရွယ် ဦးအုန်းသွင်သည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တွင် သိရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ တောင်အာဖရိက၊ မော်လ်ဒိုက်နိုင်ငံတို့တွင် မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။
ဦးရဲတေဇသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာမသိမ်းမီက ဗိုလ်ကြီးအဖြစ်မှ အငြိမ်းစားယူခဲ့သူဖြစ်သည်။ ဦးအုန်းသွင်နှင့် ဦးရဲတေဇတို့မှာ ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းခဲ့သည့် စစ်တပ်၏ လုပ်ရပ်ကို ထောက်ခံကြောင်း ၎င်းတို့၏ Facebook စာမျက်နှာ၌ မကြာခဏ လူသိရှင်ကြား ရေးသားဖူးသည်။
ဦးအုန်းသွင်သည် စစ်တပ်မှ အငြိမ်းစားယူထားသော်လည်း စစ်ကောင်စီ၏ ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို အားပေးအားမြှောက်ပြုသည်၊ စစ်အာဏာသိမ်းရန် အကြံပေးခဲ့သည်ဟု ၎င်းတို့အဖွဲ့က စွပ်စွဲထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)