
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၂၉) က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး လုပ်ကြံခံရသည်။
အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်ကျေးရွာအုပ်စု၊ ချောင်းခွ (ကေ) ရွာမှ အသက် ၅၆ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်ကို ၎င်းတို့ ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် ပြောက်ကျားအဖွဲ့က ကြေညာထားသည်။
“ခက်ခက်ခဲခဲ လိုက်လံရှင်းလင်းခဲ့ရတာပါ” ဟု အုတ်ဖိုမြို့နယ်ရှိ ယင်းပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အုပ်ချုပ်ရေးမှူးမြင့်ကျော်ကို ရှင်းလင်းပြီးနောက် စီးနင်းလာသည့် ဆိုင်ကယ်ကို သိမ်းဆည်းခဲ့သည်ဟု ပြောက်ကျားအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အုပ်ချုပ်ရေးမှူးမြင့်ကျော်သည် ဒေသခံ လူငယ်များကို ရဲနှင့် စစ်တပ်ထဲ ဝင်ရန် စည်းရုံးခြင်း၊ အင်အားစုဆောင်းပေးခြင်း၊ တော်လှန်ရေးအဖွဲ့ဝင်များ၏ သတင်းများ ထောက်လှမ်းပေးပို့ခြင်း၊ ဒေသခံပြည်သူများကို စစ်ကောင်စီအဖွဲ့ဝင်များနှင့် ပေါင်း၍ အနိုင်ကျင့်ခြင်းတို့ကြောင့် အရေးယူရခြင်းဖြစ်သည်ဟု ပြောက်ကျားအဖွဲ့တာဝန်ခံ ဗိုလ်တောက်တဲ့ဆိုသူက ပြောသည်။
“မြို့နေ တွင်းအုပ်ကြီးတွေ၊ ရာအိမ်မှူးတွေ ပျုခေါင်းဆောင်တွေကို ကျွန်တော်တို့ ဆက်တိုက်ရှင်းတော့မှာ ဖြစ်တဲ့အတွက် ပြည်သူများ လွတ်ကင်းရာတွင် နေကြရန် အထူးသတိပေးချင်ပါတယ်”
ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် ဆက်တိုက် လုပ်ကြံသတ်ဖြတ်ခံနေရသဖြင့် နုတ်ထွက်စာတင်သည့် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက နုတ်ထွက်ခွင့်မပြုဘဲ ဖိအားပေး တာဝန်ထမ်းဆောင်ခိုင်းနေသည်ဟု တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“နုတ်ထွက်စာတင်တဲ့ အုပ်ကြီးတွေရှိတယ်။ မိသားစုနဲ့ လုံခြုံရေးအကြောင်းပြပြီး မနုတ်ထွက်ခိုင်းတာလို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။
ပဲခူးတိုင်း မင်းလှမြို့နယ်တွင်လည်း ယမန်နေ့က စစ်သားစုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီးတစ်ဦး ပစ်ခတ် လုပ်ကြံခံရသည်။ အသတ်ခံရသူမှာ မင်းလှမြို့၊ အမှတ် ၇ ရပ်ကွက်၊ ပြည်တော်သာ ၂ လမ်းတွင် နေထိုင်သည့် ဗိုလ်ကြီးမျိုးဆန်းဝင်းဖြစ်သည်။
“သူ (ဗိုလ်ကြီး မျိုးဆန်းဝင်း) က အခုလက်ရှိ စစ်သားစုဆောင်းရေး လုပ်နေတာ” ဟု ထိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ‘သာယာဝတီဂဠုန်တပ်ဖွဲ့’ ဟု အမည်ပေးထားသော မြို့ပြပြောက်ကျားတပ်ဖွဲ့၏ တာဝန်ခံက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေဆဲဖြစ်ကာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေနှင့် ထိစပ်နေသော ပဲခူးတိုင်း အရှေ့ခြမ်းနှင့် အနောက်ခြမ်းအထိပါ တိုက်ပွဲကူးစက်ဖြစ်ပွားနေသည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)