သတင်း

ရန်ကုန်တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်၊ စစ်ဆင်ရေး ၈ ကြိမ်ဆင်နွှဲခဲ့ဟုဆို 

ရန်ကုန်မြို့တွင် ယမန်နေ့နှင့် ယနေ့ (ဒီဇင်ဘာ ၂၉) နံနက်ပိုင်းက ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး မြို့နယ်ရှစ်ခုတွင် စစ်ဆင်ရေး ၈ ကြိမ်ဆင်နွှဲခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။ 

ပျံလွှားအောင်စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် မှော်ဘီ၊ စမ်းချောင်း၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ လှိုင်၊ အင်းစိန်၊ ကျောက်တံတားနှင့် ကွမ်းခြံကုန်းမြို့နယ်များတွင် ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ ဒဏ်ရာရသူများလည်း ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။​

ယမန်နေ့ (ဒီဇင်ဘာ ၂၈) နံနက် ၈ နာရီဝန်းကျင်က ရန်ကုန်တစ်ဖက်ကမ်း စက်ဆန်းရပ်ကွက်ရှိ မီတာရုံးနှင့် စစ်တပ်တပ်စွဲထားသည့် ရဲကင်းရှိရာ လမ်းဆုံတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာကာ သေနတ်များဖြင့် ချိန်ရွယ်စောင့်ကြပ်နေသည်ကို တွေ့ရှိရကြောင်း စက်ဆန်းရပ်ကွက်နေ ပြည်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

စစ်အာဏာရှင်တော်လှန်ရေးဟု ရေးသားထားသည့် ဗီနိုင်းဆိုင်းဘုတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖြုတ်ယူပါက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲရန် ရည်ရွယ်ထားသည်ဟု သိရသော်လည်း စစ်တပ်က မီတာလာဆောင်သူများကို လူသားဒိုင်းသဖွယ် အသုံးချပြီး လာရောက်ဖြုတ်ယူသွား၍ ဖောက်ခွဲမှု မအောင်မြင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

“လမ်းပေါ်မှာပဲ စစ်အာဏာရှင်တော်လှန်ရေးဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီးတော့ သူတို့လာဖြုတ်တာကို စောင့်တော့ သူတို့က ပြည်သူနဲ့ ခံပြီး လာဖြုတ်သွားတယ်။ မီတာလာဆောင်တဲ့သူတွေနဲ့ သူတို့ ရောလိုက်လာတာ။ နယ်မြေခံ ရဲ ၃ ယောက်က လာဖြုတ်တယ်” ဟု ၎င်းက ပြောသည်။ 

ယမန်နေ့ညပိုင်း ၁၀ နာရီဝန်းကျင်က ကြည့်မြင်တိုင်မြို့နယ်၊ သာဓုလမ်းနှင့် နတ်စင်လမ်းကြားရှိ ရဲကင်းတွင် ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီး အလုံမြို့နယ်တွင်လည်း ဖောက်ခွဲမှုဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

ထို့နောက် ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလတ်ချောင်း၊ ဒလတ်ချောင်း၊ ဆိပ်ကြီးရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်မွှေနှောက်ရှာဖွေနေပြီး သေနတ်သံ ၁၀ ချက်နီးပါးကို ကြားခဲ့ရသည်ဟု ထိုစက်ဆန်းဒေသခံက ဆိုသည်။ 

တောင်ဒဂုံမြို့နယ်တွင် ယမန်နေ့က ကင်းလှည့်သွားလာနေသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင် လှိုင်မြို့နယ် ဘူတာရုံလမ်းနှင့် ဗဟိုလမ်းအနီး ကင်းလှည့်နေသည့် စစ်သားများကို ပဒေသာမိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။​

ထို့ပြင် ယမန်နေ့ညပိုင်းက အင်းစိန်ရွာမရဲစခန်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ပြင် ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အခွန်ရုံးရှေ့ရှိ စစ်ကောင်စီတပ်သားများကိုလည်း လက်လုပ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ပန်းဆိုးတန်းလမ်းပေါ်ရှိ အခွန်ရုံးရှေ့ပေါက်ကွဲမှု မှတ်တမ်းဓာတ်ပုံအချို့ လူမှုကွန်ရက်တွင် တွေ့ရှိရသည်။ 

အင်းစိန်မြို့မရဲစခန်းကို ၄၀ မမ ဗုံးသီးဖြင့် တိုက်ခိုက်ရာတွင် ရဲတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိခဲ့ပြီး အဆိုပါ စစ်ဆင်ရေးမှာ ပျံလွှားအောင်စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် Area 21 အမည်ရ မြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

ထိုစစ်ဆင်ရေးတွင် ၄၀ မမ ဗုံးသီးနှစ်လုံး ပစ်ခတ်ရန် ရည်ရွယ်ခဲ့သော်လည်း တစ်လုံးသာ ပစ်ခတ်နိုင်ခဲ့ပြီး စစ်ဆင်ရေးများအတွက် ငွေကြေးနှင့် လက်နက်ထောက်ပံ့မှုကို NUG အစိုးရထံမှ ရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ 

“ခုနွေဦးတော်လှန်ရေးမှာ supporting ဆိုရင် CGF က လုပ်တဲ့ဟာတွေမှာ အစိုးရဘက်ကနေပြီး ကူညီပေးထားပါတယ်။ လက်နက်ပိုင်းဆိုင်ရာတွေမှာလည်း NUG အစိုးရဘက်ကနေ ကူညီပေးထားတာ ရှိပါတယ်”ဟု ၎င်းက ပြောသည်။ 

ဒီဇင်ဘာ ၂၆ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်ရှိ ရေကြည်အိုင်စစ်ကြောရေးစခန်းနှင့် လှော်ကားပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းကျေးရွာရှိ စစ်ဆေးရေးဂိတ်နှင့် ဒဂုံဆိပ်ကမ်းရဲစခန်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ထို့ပြင် ဒီဇင်ဘာ ၂၅ ရက် မှော်ဘီမြို့နယ် ခမရ ၉၁ ဂိတ်ကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုနေ့၌ပင် စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ရှိ တရားရုံးနှင့် ဂွစျေးအနီးရှိ စစ်ကောင်စီတပ်များကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button