သတင်း

ရန်ကုန်တွင် အုပ်ကြီးများကို ကြံ့ဖွံ့အမာခံများဖြင့် အစားထိုးနေ

ရန်ကုန်မြို့စွန်ရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံများဖြင့် စစ်ကောင်စီက အစုလိုက်အပြုံလိုက် အစားထိုးလဲလှယ်နေသည်။

ထိုအစီအစဉ်ကို မြောက်ပိုင်းခရိုင်ရှိ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ထောက်ကြံ့၊ မှော်ဘီ၊ လှည်းကူး စသည့် မြို့နယ်များတွင် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးဟောင်းနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒီဇင်ဘာ ၉ ရက်စွဲဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ ပို့သည့် စာတစ်စောင်ကို Myanmar Now က ရရှိထားသည်။

လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၅၉ ဦး၊ ရာအိမ်မှူး ၂၉၂ ဦးတို့ လဲလှယ်ရန် ရန်ကုန်တိုင်းစစ်ကောင်စီက အတည်ပြုထားကြောင်း၊ အသစ်ခန့်အပ်သူများမှာ ထိုစာထုတ်ပြီး နောက်တစ်ရက် (ဒီဇင်ဘာ ၁၀) မှစ၍ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ပါဝင်သည်။

မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကျေးရွာ ၅၂ ရွာရှိသည့် လှည်းကူးတွင် လက်ရှိအချိန်အထိ ကျေးရွာ ၆ ရွာမှ အုပ်ကြီးများကို စစ်ကောင်စီက အစားထိုးလဲလှယ်ပြီးဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုမြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ဘယ်လိုရည်ရွယ်ချက်နဲ့ ထုတ်လဲ မသိဘူး။ အသစ်ခန့်တဲ့သူတွေက ကြံ့ခိုင်ရေးနဲ့ နွှယ်တဲ့သူချည်းပဲ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ အုပ်ကြီးအစားထိုးခန့်အပ်မှုများအနက် လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်လွင်ကို ဦးအောင်ကျော်မြင့် ဆိုသူဖြင့် လဲလှယ်ထားသည်ကိုသာ အမည်နှင့်တကွ အတည်ပြုထားနိုင်သေးသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အားလုံးကို လဲလှယ်ခြင်းမဟုတ်ဘဲ ကြံ့ခိုင်ရေးပါတီနှင့် ပတ်သက်သူများကိုမူ ဆက်လက် တာဝန်ပေးထားသည်ဟု အထက်ပါ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ စစ်ကောင်စီ၏ ထိုလုပ်ရပ်မှာ ၎င်းတို့ လေသံပစ်ထားသည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်နိုင်ကြောင်း ထိုသူက ဆက်ပြောသည်။

“ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ကိုလည်း သူတို့ (ကြံ့ဖွံ့နှင့် ပတ်သက်သူ) ပဲ တိုက်ရိုက်ခန့်မယ် ကြားတယ်”။

ထို့အတူ မြို့ပေါ်ရပ်ကွက် ၂၇ ရှိ မင်္ဂလာဒုံမြို့နယ်အတွင်း ရပ်ကွက် ၁၄ ခုမှ အုပ်ကြီးများကို ဒီဇင်ဘာ ၁၅ ရက်မှစကာ အနားပေးလိုက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီက ထုတ်ပြန်သည့် စာတစ်စောင် Facebook တွင် ပြန့်နှံ့နေသည်။

စစ်ကောင်စီ၏ အထက်ပါ ညွှန်ကြားချက်အတိုင်း မင်္ဂလာဒုံမြို့နယ်အတွင်း အမှန်တကယ် အကောင်အထည်ဖော်နေသည်ဟု ဒေသခံ အမျိုးသားနှစ်ဦးက ပြောသည်။ အုပ်ကြီးအသစ်များမှာ ဒီဇင်ဘာ ၁၉ ရက်မှစ၍ စတင်တာဝန်ထမ်းဆောင်မည်ဟု စုံစမ်းသိရှိရသည်။

မင်္ဂလာဒုံရှိ ထောက်ကြံ့တိုးချဲ့၊ ထောက်ကြံ့တောင်ပိုင်း၊ ပဲခူးလမ်း၊ ထောက်ကြံ့မြောက်ပိုင်း၊ ရွာမပိုင်း၊ နွယ်ခွေ၊ ပြန်လည်နေရာချထားရေး၊ တောတိုက်၊ စမ်းကြီးဝ၊ အမှတ်၃(ခ)၊ ချစ်တီးကုန်း၊ အနန်းပင်၊ ကြံခင်းစု၊ ပေါက်ကုန်း စသည့် ရပ်ကွက်အုပ်ကြီးများကို စစ်ကောင်စီက လဲလှယ်မည်ဖြစ်သည်။

“အစားထိုးလိုက်တဲ့ တစ်​ယောက်ဆို စာ​တောင်​ ကောင်း​ကောင်းမတတ်ဘူး။ ​ကြံခိုင်​ရေးပွဲ​တွေမှာ အ​မြဲပါတယ်။ တခြားရပ်ကွက်တွေမှာလည်း အဲဒီလိုကြားရတယ်။ တချို့အုပ်ချုပ်ရေးမှူးတွေက ပြည်သူနဲ့ စစ်တပ်ကြား အဆင်ပြေသလိုနေတာကိုလည်း (စစ်ကောင်စီက) သဘောကျပုံမရဘူး” ဟု မင်္ဂလာဒုံမြို့ခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ဝန်းကျင်အတွင်း နိုင်ငံအနှံ့ခုခံမှုများ မြင့်တက်နေသည်။ ရန်ကုန်တွင် စစ်ကောင်စီပစ်မှတ်များ ပစ်ခတ် တိုက်ခိုက်ခံရမှု အများဆုံးမြို့နယ်များတွင် စစ်တပ် ခြေလျင်၊ ခြေမြန်နှင့် လေတပ်စခန်းများရှိသည့် မင်္ဂလာဒုံသည်လည်း အပါအဝင်ဖြစ်သည်။

“မင်္ဂလာဒုံက စစ်တပ်နယ်မြေဖြစ်ပေမဲ့ ပစ်ခတ်တော်လှန်မူတွေ မကြာခဏဖြစ်နေတော့ သတင်းလက်ဦးမူရဖို့ အသည်းအသန်ပြင်ဆင်နေပုံရတယ်။ နောက်တစ်ချက်က သူတို့လုပ်မဲ့ ရွေးကောက်ပွဲအတွက် အသုံးချဖို့လုပ်တာလည်း ဖြစ်နိုင်တယ်” ဟု အထက်ပါ မင်္ဂလာဒုံမြို့ခံက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလယ်တွင် ရပ်နေသည့် ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်မှာ ၂၀၂၁၊ မေ ၁၈ ရက်တွင် ၎င်းနေထိုင်သည့် လမ်းအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသည်။ ဓာတ်ပုံ-ပေးပို့

ရွှေပြည်သာ၊ လှိုင်သာယာ၊ ထောက်ကြံ့၊ မှော်ဘီ၊ မြောက်ဥက္ကလာ မြို့နယ်များတွင်လည်း အလားတူ လုပ်ဆောင်နေသည်ဟု စစ်ကောင်စီကို ခုခံနေသည့် ရန်ကုန်မြို့ပြပြောက်ကျား (၁၀) ဖွဲ့ကျော် မဟာမိတ်အဖြစ် စုဖွဲ့ထားသည့် Yangon UG Association တာဝန်ရှိသူထံမှ သိရသည်။

“ကျွန်တော်နေတဲ့ရပ်ကွက်ကဆို အုပ်ချုပ်ရေးမှူးကို ဘယ်သူမှ မမြင်ဖူးဘူး။ ရပ်ကွက်ကလည်း မသိဘူး။ ဒါပေမဲ့ ကိုယ့်ရပ်ကွက်က ဖြစ်နေတယ်။ အချို့နေရာတွေကို စစ်မှုထမ်းဟောင်းတွေ ပေးတယ်” ဟု မြောက်ဥက္ကလာပမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်း၊ သုံးခွ၊ ကျောက်တန်းမြို့နယ်များတွင်လည်း အုပ်ကြီးအဖွဲ့ကို ကြံ့ဖွံ့၊ စစ်မှုထမ်းဟောင်းများဖြင့် လဲလှယ်မည်ဟု သတင်းထွက်နေကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တာဝန်ခံတစ်ဦးထံမှ သိရသည်။

“ရပ်ကျေးတစ်ခုကို ပျူ သို့မဟုတ် ပြည်သူ့စစ် (စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားတပ်ဖွဲ့) ဆိုပြီး ဆယ်ယောက်နှုန်းထားမယ်လို့ ကြားနေရတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင်း မြို့နယ်တစ်ခုဖြစ်သည့် မရမ်းကုန်းတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကို အစားထိုးရန် ပြည်သူများကိုယ်တိုင် အဆိုပြုပါဟု စစ်ကောင်စီအဖွဲ့က လိုက်လံနှိုးဆော်သော်လည်း ဆန္ဒပြုသူ မရှိဟု သိရသည်။

“လုပ်မဲ့သူမရှိတော့ အခုက သူတို့ (စစ်ကောင်စီ) ကို ထောက်ခံတဲ့လူတွေလုပ်တယ်။ ရပ်ကွက်ရုံးမှာ ဝင်ထွက်နေတဲ့ လူတွေ (အုပ်ကြီး) လုပ်တယ်” ဟု မရမ်းကုန်းမြို့ခံ အသက် ၄၀ ကျော် အမျိုးသားက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီး နှစ်ပတ်အတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေကို စစ်ကောင်စီက ပြင်ဆင်သည်။ အရပ်သားအစိုးရက ပယ်ဖျက်ခဲ့သည့် ဧည့်စာရင်းစနစ်ကို စစ်ကောင်စီက အလျင်အမြန် ပြန်လည် အသက်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်သူပိုင်နေအိမ်များအတွင်း အချိန်မရွေး၊ အကြောင်းပြချက်မရှိ ဝင်ရောက်စစ်ဆေးနိုင်သည့် ဧည့်စာရင်းစနစ်မှာ သန်းခေါင်ယံ ဧည့်ဆိုးကြီးအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

ထို့အတူ အရပ်သားအစိုးရလက်ထက်တွင် ရပ်ကျေးအာဏာပိုင်အဖွဲ့ကို ရပ်ကွက်နေသူများက မဲပေးရွေးချယ်နိုင်သည့် ရပ်ကျေးဥပဒေပါ ပြဋ္ဌန်းချက်ကို စစ်ကောင်စီက တစ်ပါတည်း ပြင်ဆင်ခဲ့ပြီး ၎င်းတို့အလိုကျ တိုက်ရိုက်ခန့်အပ်သည့် ပုံစံဖြင့် ပြန်လည်အစားထိုးထားသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ၎င်းတို့ကို ဆန့်ကျင်သူများအား စစ်ကောင်စီက ဖိနှိပ်ရာတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ထိုသူများမှတစ်ဆင့် မွေးမြူထားသည့် သတင်းပေးများကို အဓိကထားသုံးစွဲနေသလို တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီ၏ ထိုအင်အားစုများကို ပစ်မှတ်ထား၍ တိုက်ခိုက်နေကြသည်။

စစ်ကောင်စီက ၎င်းတို့၏ အုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်ခံရလျှင် ကျပ် ငါးသိန်း ထောက်ပံ့ကာ အထိမ်းအမှတ်နေ့များတွင် စွမ်းဆောင်ရည်ဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button