သတင်း

ရန်ကုန်တိုင်းရှိ စစ်ကောင်စီပစ်မှတ် ၆ နေရာ တစ်ပြိုင်နက် ဖောက်ခွဲခံရ

ယမန်နေ့ (ဇူလိုင် ၄) ညက ရန်ကုန်မြို့ပေါ်နှင့် အနီးအနားမှ အစိုးရဌာနရုံးများ၊ ရဲစခန်း၊ တရားရုံး၊ စစ်ဆေးရေးဂိတ် စသည့် စုစုပေါင်း ၆ နေရာကို တစ်ပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့များက ထုတ်ပြန်သည်။

ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ဗိုလ်ချို (၁) ရပ်ကွက် ဝင်္ဂဘာလမ်းရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးနှင့် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဦးစီးဌာနရုံး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် (၃) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်း၊ (၅) ထိပ်ကားမှတ်တိုင်အနီးရှိ မြို့မရဲစခန်း၊ တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက်၊ သစ္စာလမ်းရှိ မြို့နယ်တရားရုံးနှင့် သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာနှင့် အောင်ချမ်းသာရပ်ကွက်ကြား၊ တပင်ရွှေထီးလမ်းမရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ယမန်နေ့ ည ၈ နာရီမှ ၁၂ နာရီအတွင်း ရဲစခန်းနှင့် တရားရုံးတွင် ၂ ကြိမ်စီ ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ဗုံး ၁၂ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် ထုတ်ပြန်ထားသည်။

အစိုးရရုံး ၃ ရုံး ပါဝင်သလို တောင်ဥက္ကလာပမြို့နယ်တရားရုံး တိုက်ခိုက်မှုတွင် ၂ ကြိမ် ဖောက်ခွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးနေချိန် တတိယဗုံးကို ဖောက်ခွဲခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့များနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“တရားရုံးမှာဆိုရင် စစ်ကောင်စီတပ်တွေ ကားနဲ့ ဝင်လာပြီး စစ်ဆေးနေချိန် တတိယမြောက်ဗုံးနဲ့ တိုက်ခိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါအမျိုးသားမှာ တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် Anonymous Fighters Force -AFF အဖွဲ့နှင့် နီးစပ်သူဖြစ်သည်။

ထိုအဖွဲ့အပါအဝင် Freeland Attack Force-FLA, Phoenix Urban Guerrilla Force ၊Emerald Girls Army – EGA, Rangoon Urban Force စသည့် မြို့ပြပြောက်ကျားအဖွဲ့ ၅ ဖွဲ့ပေါင်း၍ တစ်ပြိုင်တည်း ၆ နေရာ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ လက်အောက်မှ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ တာဝန်ရှိသူ ဗိုလ်မိုးကြိုးဆိုသူက မြို့ပြပြောက်ကျားအဖွဲ့များ၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း ယနေ့ အတည်ပြုသည်။

“မြို့ပြပြောက်ကျားတွေ လုပ်တာပါ။ စစ်ကောင်စီကိုတော့ ပြည်သူတွေက သူ မပြုတ်ကျမချင်း တော်လှန်နေမှာပါပဲ။ သူတို့ ဘယ်တော့မှ အုပ်ချုပ်လို့ မရနိုင်ဆိုတာ သိနေလောက်ပါပြီ။ အချိန်ကြာလေ စစ်ရေးအရှိန် ပိုကောင်းလာလေ ဖြစ်မှာပါပဲ” ဟု ဆိုသည်။

စစ်ကောင်စီ၏ မြို့ပြအခြေစိုက်စခန်းများကို တိုက်ခိုက်ရန် ရည်ရွယ်ပြီး “ပျံလွှားအောင်” စစ်ဆင်ရေးကို ၂၀၂၁ စက်တင်ဘာ ၇ မှ ၂၀၂၂ ဧပြီ ၇ အထိ လုပ်ဆောင်ခဲ့ပြီးနောက် မြို့ပြစစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် “နန်းထိုက်အောင်” စစ်ဆင်ရေးအမည်ဖြင့် ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုမြို့ပြစစ်ဆင်ရေးများကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ဦးဆောင်၍ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့များအောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ အထူးစစ်ဆင်ရေးအဖွဲ့များ၊ မြို့ပြပြောက်ကျားအဖွဲ့များက ပါဝင်လှုပ်ရှားနေသည်။

အထက်ပါ အစိုးရဌာနရုံးများ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ထိခိုက်ဒဏ်ရာရအခြေအနေကို မသိရသော်လည်း ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည်ဟု မြို့ပြပြောက်ကျားအဖွဲ့များက ထုတ်ပြန်ထားပြီး Myanmar Now အနေဖြင့် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီ၏ ဝါဒဖြန့်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် အထက်ပါနေရာများ၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပြီး လှိုင်သာယာအရှေ့ပိုင်းရဲစခန်းတွင် ည ၉ နာရီခန့်နှင့် ၉ နာရီကျော်ခန့်တွင် ပေါက်ကွဲခဲ့ကာ ည ၉ နာရီ ၁၅ မိနစ်တွင် တောင်ဥက္ကလာပမြို့နယ်တရားရုံး၌ နှစ်ကြိမ် ပေါက်ကွဲကြောင်း ဖော်ပြထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်တွင် ၎င်းတို့ ထိန်းချုပ်မှုအောက် ရောက်သွားသော အစိုးရဌာနရုံးများ၊ ရဲစခန်းများနှင့် တရားရုံးများ၌ စစ်ကောင်စီတပ်က လုံခြုံရေးအင်အားအများအပြား တပ်စွဲလေ့ရှိပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော မြို့ပြပြောက်ကျားအဖွဲ့များကလည်း ထိုနေရာများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။

ရန်ကုန်တိုင်းတွင် စစ်ကောင်စီတပ်ကို စစ်ရှိန်မြှင့်တိုက်ခိုက်ရန် အမှတ် (၅၁၀၁) တပ်ရင်းကို ဖွဲစည်းထားကြောင်း NUG က ဇွန် ၁ တွင် ထုတ်ပြန်ခဲ့သလို ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးတချို့ကို ဇူလိုင် ၁ မှ စတင်၍ ကန့်သတ်မှုများ ပြုလုပ်လာသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button