သတင်း

ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို စစ်ခုံရုံးက သေဒဏ်ချ

ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုဗိုလ်မှူးကြီး(ငြိမ်း) စောမိုးဝင်း ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ အသက်၂၀ ကျော်အရွယ် ကျောင်းသား ၇ ဦးကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးက နိုဝင်ဘာ ၃၀ တွင် သေဒဏ်အမိန့်ချသည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင်တို့သည် ကြိုတင်ကြံစဉ်ကာ လူသတ်မှုကျူးလွန်သည်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂က/၃၄ ကျူးလွန်သည်ဟု စစ်ကောင်စီတရားရုံး စီရင်ချက်တွင် ဖော်ပြထားသည်ဟု ဆိုသည်။

ဧပြီ ၁၈ နံနက်တွင် တောင်ဒဂုံမြို့နယ် ဘဏ်ခွဲ့သို့ လာသည့် မန်နေဂျာဦးစောမိုးဝင်း ဘဏ်ရှေ့အရောက် ကားပေါ်မှ ဆင်းစဉ် အခြားကားတစ်စီးပေါ်မှ မြို့ပြပြောက်ကျားလူငယ်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

၄၉ နှစ်အရွယ် ဦးစောမိုးဝင်း၏ ဝမ်းဗိုက်ယာဘက် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်။

အခင်းဖြစ်နေ့တွင် ပစ်ခတ်သူများကို စစ်တပ်က ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘဲ လာရောက်ပစ်ခတ်သည်ဟု ၎င်းတို့ယူဆသော ကားတစ်စီးကိုသာ ဒဂုံဆိပ်ကမ်း မြို့နယ်၊ ၆၁ ရပ်ကွက်တွင် သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ခဲ့သည်။

ကျောင်းသား ၇ ဦး ကျူးလွန်သည်ဟု စစ်တပ်စွပ်စွဲထားသည့် ထိုအမှုကို ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့ Yangon Liberation Force တို့က ပူးပေါင်းလုပ်ဆောင်သည်ဟု ဧပြီ ၁၉ တွင် ထုတ်ပြန်ထားသည်။

ယခု သေဒဏ်ချခံထားရသူ ၇ ဦးအနက် ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်နှင့် ကိုဟိန်းထက်တို့ ၃ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ) ဖြင့် အလုံခရိုင်တရားရုံးတွင် တရားစွဲခံထားရသေးသည်။ ထိုပုဒ်မသည် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး လက်နက်၊ ဗုံးတို့ လက်ဝယ်ထားရှိလျှင် စွဲဆိုသည့်ပုဒ်မဖြစ်သည်။

ဧပြီ ၂၁ တွင် ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော် နောက်တစ်နေ့တွင် ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင် ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

အခြား လူငယ် ၄ ဦး

နိုဝင်ဘာ ၃၀ တွင် စစ်ခုံရုံးက တက်ကြွလှုပ်ရှားသူ လူငယ် ၄ ဦးကို သေဒဏ်စီရင်ချက် ချထားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၁ တွင် ထုတ်ပြန်ထားသည်။

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး စီရင်ချက်ချခံရမှုနှင့် ပတ်သက်ပြီး သတင်းကြားသိရသော်လည်း အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီတရားရုံးများက သေဒဏ်ချမှတ်လိုက်သူ ၁၃၂ ဦးအထိ ရှိလာသည်ဟု AAPP က ဆိုသည်။

မတ် ၁၇ တွင်လည်း စစ်ကောင်စီတရားရုံးများက ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာန ကျောင်းသူ မဆောင်းလေပြေ ခေါ် ဇူးဇူးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ) အရ စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခဲ့ပြီး မြန်မာမှုဌာနမှ ကိုနိုင်အောင် ခေါ် Snake ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊၅၀(ဈ)တို့ဖြင့် ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သည်။

ထိုလူငယ်များကို ရန်ကုန်၊ မြောက်ဥက္ကလာပအဝိုင်းတွင် အထက်တန်းပြဆရာမတစ်ဦး ပစ်သတ်ခံရမှုအတွက် စွပ်စွဲအမိန့်ချခြင်းဖြစ်သည်။ 

စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များမှ အမှု ၃၂ မျိုး ကို စစ်တပ်က စစ်ခုံရုံးဖွဲ့ကာ တိုက်ရိုက်အမိန့်ချနေခြင်းမှာ ပြည်သူများကို သတ်ဖြတ်ရန် တရားရုံးများကို အသုံးပြုနေခြင်း ဖြစ်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကိုမင်းဟန်ထက်က ဝေဖန်သည်။

“တရားရုံးတွေ တရားဥပဒေတွေကိုသုံးပြီး သတ်ဖြတ်ဖို့ ကြိုးစားလာတယ်၊ တကယ်သတ်ဖြတ်တာလည်းရှိတယ်၊ ရှေ့မှာ ကိုဂျင်မီ ကိုဇေယျာသော်တို့ ကြိုးပေးကွပ်မျက်ခံရတယ်” ဟု သူက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button