သတင်း

သေဒဏ်နှင့် ထောင်တစ်သက်ကျခံနေရသူများကို လူတွေ့ထောင်ဝင်စာ ခွင့်ပြုမည်ဆို

နိုဝင်ဘာ ၅ ရက် တနင်္ဂနွေနေ့တွင် အင်းစိန်ထောင်နှင့် အိုဘိုထောင်တို့တွင် ရှိနေသည့် သေဒဏ်နှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူများကိုပါ ထောင်ဝင်စာတွေ့ခွင့်ပြုဟု သိရသည်။

သေဒဏ်နှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူများကို နိုဝင်ဘာ ၅ ရက်နေ့မှစတင်ကာ လူတွေ့ထောင်ဝင်စာ ခွင့်ပြုမည်ဟု အကျဉ်းသားများအခွင့်အရေး လှုပ်ရှားနေသူများက ပြောသည်။

ထောင်ဝင်စာတွေ့ခွင့် သုံးနှစ်ကျော်ကြာ ပိတ်ပင်ထားရာမှ အောက်တိုဘာ ၂၄ ရက်တွင် ထောင်ဝင်စာတွေ့ခွင့် စတင်ခွင့်ပြုခဲ့သည်။ သို့သော် ထိုအထဲတွင် သေဒဏ်နှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူများ မပါဝင်ခဲ့ပေ။

သို့သော် လာမည့် တနင်္ဂနွေနေ့တွင် အင်းစိန်ထောင်နှင့် အိုဘိုထောင်တို့တွင် ရှိနေသည့် သေဒဏ်နှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူများကိုပါ ထောင်ဝင်စာတွေ့ခွင့်ပြုဟု သိရကြောင်း အကျဉ်းသားများအရေး လှုပ်ရှားနေသူများက ဆိုသည်။

“သေဒဏ်တွေကို သီးသန့်တစ်ရက် အဲဒီလိုမျိုး ခွင့်ပြုထားတယ်လို့ သိရတယ်။ သေဒဏ်တွေက အကျဉ်းထောင်တွေမှာ အမြင့်ဆုံးပေါ့နော်။ သေဒဏ်တွေကို ခွင့်ပြုပြီ ဆိုရင်တော့ ကျန်တဲ့ နှစ်ကြီးသမားတွေလည်း ပါနိုင်ခြေ ရာခိုင်နှုန်းများသွားပြီ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

အလားတူပင် မန္တလေး အိုးဘိုအကျဉ်းထောင်မှ သေဒဏ်ကျခံနေသူများသည်လည်း နိုဝင်ဘာ (၅) ရက်နေ့တွင် ထောင်ဝင်စာတွေ့ခွင့်ရမည်ဖြစ်ပြီး တစ်လလျှင် နှစ်ကြိမ် တွေ့ခွင့်ရမည်ဟု မန္တလေးမြို့မှ နိုင်ကျဉ်းဟောင်းတစ်ဦးက ပြောသည်။

“ထောင်ဝင်စာလူတွေ့က (လတစ်လ၏) ဒုတိယပတ် တနင်္ဂနွေနဲ့ စတုတ္ထပတ် တနင်္ဂနွေပါ၊ ပြီးခဲ့တဲ့ တနင်္ဂနွေက လပြည့်နေ့ဖြစ်ခဲ့တယ်၊ ဒါ့ကြောင့် မရကြသေးတာ၊ ဒီတော့ ဒီအပတ်တနင်္ဂနွေမှာ တွေ့ရမယ်၊ ပြီးတော့ တစ်လကို နှစ်ကြိမ်ပါ” ဟု ၎င်းက ဆိုသည်။

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများနှင့် ရာဇဝတ်အကျဉ်းသားများကို ခွဲခြားထားလေ့ရှိသည်။ ရုံးပိတ်ရက် တနင်္ဂနွေတွင် သေဒဏ်နှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူများကို ထောင်ဝင်စာတွေ့ခွင့်ပြုခြင်းသည် ကျန်အကျဉ်းသား ထောင်ဝင်စာတွေ့သူများနှင့် မတွေ့စေလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟုလည်း သူက ပြောသည်။

နိုင်ငံအနှံ့မှ သေဒဏ်ကျခံရသူများနှင့် ထောင်တစ်သက်ပြစ်ဒဏ်များ

လက်ရှိ နိုင်ငံအတွင်း အကျဉ်းထောင်များတွင် သေဒဏ်ကျခံနေရသူပေါင်း ၁၂၀ ရှိသည်၊ ထောင်တစ်သက်ကျခံနေရသူ ၃၀၈ ဦးရှိသည်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြုစုထားသော စာရင်းများတွင် တွေ့ရသည်။

သေဒဏ်ကျခံနေရသူ ၁၂၀ တွင် အမျိုးသမီး ၁၆ ဦး ပါဝင်သည်၊ ထောင်တစ်သက် ကျခံနေရသူများတွင် အမျိုးသမီး ၃၈ ဦး ပါဝင်သည်။

သေဒဏ်ကျခံနေရသူအများစုသည် အင်းစိန်ထောင်အတွင်း ၇၄ ဦး ရှိနေပြီး၊ မန္တလေး အိုးဘိုထောင်တွင် ၁၀ ဦးနှင့် ကျန်သူများမှာ ဒိုက်ဦး၊ သာယာဝတီ၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မတ္ထီလာထောင်တို့တွင် ရှိနေကြသည်ဟု AAPP စာရင်းများတွင် တွေ့ရသည်။

လက်ရှိတွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်းကျသူများ ထောင်ဝင်စာတွေ့ခွင့်ကို အင်းစိန်ထောင်နှင့် အိုးဘိုထောင်တို့ကိုသာ Myanmar Now က စုံစမ်းသိရှိရသေးပြီး အခြားထောင်များကို ဆက်သွယ်မရသေးပေ။

မြန်မာနိုင်ငံအတွင်းရှိ ထောင်နှင့် ရဲဘက်စခန်းများတွင် ထောင်ဝင်စာဟု ခေါ်ကြသည့် အကျဉ်းသားများနှင့် မိသားစုဝင်များတွေ့ဆုံခွင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကာလ၊ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု စတင်မြင့်တက်လာသည့် ၂၀၂၀ စက်တင်ဘာ ပထမသီတင်းပတ်တွင် စတင်တားမြစ်ခဲ့သည်။

ထောင်ဝင်စာ တွေ့ခွင့်အတွက် ကန့်သတ်မှုများ

ကိုဗစ်ကူးစက်မှု မရှိသလောက် နည်းသွားချိန်တွင်လည်း အာဏာသိမ်းစစ်ကောင်စီက ထိုကန့်သတ်ချက်ကို ဆက်လက်ထားရှိခဲ့ရာမှ သုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ခွင့်ပြုခြင်းဖြစ်သည်။

ထောင်ဝင်စာတွေ့ဆုံခွင့်သည် အကျဉ်းထောင်တစ်ခုလျှင် လူ ၁၂၀ အထိ သတ်မှတ်ထားပြီး အကျဉ်းသားတစ်ဦးလျှင် မိသားစုဝင်နှစ်ဦးနှင့် မိနစ် ၂၀ ကြာ တွေ့ဆုံခွင့်ရကြသည်။ ထောင်ဝင်စာတွေ့ဆုံခွင့် အချိန်ကို ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ခွင့်ပြုပေးထားကြောင်း စုံစမ်းသိရှိရသည်။

သို့သော် ထောင်ဝင်စာတွေ့ခွင့်အတွက် ကန့်သတ်ချက်များစွာ ရှိနေဆဲဖြစ်သည်။ ထောင်ဝင်စာတွေ့မည့်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များစွာထဲတွင် စာရွက်စာတမ်းအထောက်အထား ၆ ခု ယူလာရန်လည်း ပါဝင်သည်။

ထောင်အာဏာပိုင်တို့ တောင်းဆိုထားသည့် အထောက်အထားများတွင် ကို​ဗစ်ရောဂါကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးကြောင်း အထောက်အထား၊ ၇ ရက်အတွင်း ပြုလုပ်ထားသည့် ကျေးရွာ ရပ်ကွက်အတွင်း နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူးများ ထောက်ခံစာနှင့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ၊ ထောင်ဝင်စာလာတွေ့မည့်သူ၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတို့ ပါဝင်သည်။

သို့သော် ထိုအချက်များသည် လက်တွေ့တွင် မဖြစ်နိုင်သည့် အခြေအနေဖြစ်နေသည်ဟု AAPP တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း အထောက်အထားသည် ကာလကြာမြင့်နေပြီး နိုင်ငံအတွင်းတိုက်ပွဲများကြောင့် တိမ်းရှောင်နေရသူများတွင် မရှိတော့ခြင်း၊ အချို့ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများ မရှိတော့ခြင်းနှင့် ရဲစခန်းများမရှိတော့ခြင်းကြောင့် ထောက်ခံစာများ မရနိုင်တော့ဟု သူက ထောက်ပြပြောဆိုသည်။

ထို့ပြင် ထောင်ဒဏ်တစ်သက် နှစ်ကြိမ်ကျခံနေရသူများလည်း ရှိနေရာ ထိုသူများကို ထောင်ဝင်စာတွေ့ခွင့်မပြုခြင်းနှင့် လူကိုယ်တိုင် ထောင်ဝင်စာမတွေ့သည့်တိုင် အကျဉ်းသား၏ မိသားစုဝင်မဟုတ်သူက ထောင်ဝင်စာပေးခွင့်မရှိခြင်းတို့လည်း ကန့်သတ်ထားရာ ထိုအချက်များသည် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံချိုးနှိမ်ခြင်းဖြစ်သည်ဟု AAPP တာဝန်ရှိသူက ဆိုသည်။

လက်ရှိ နိုင်ငံအနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၉၆၄၃ ဦး ရှိနေသည်။ ထိုသူများသည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း၊ ထောင်ဝင်စာ ကန့်သတ်ထားခြင်းကြောင့် အာဟာရမပြည့်ဝခြင်း စသည့် အခြေအနေများနှင့်လည်း ကြုံနေရသည်။

အကျဉ်းသားတို့၏ အခွင့်အရေးများတောင်းဆိုရန်နှင့် လိုအပ်သည့် အကူအညီများပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က စစ်ကောင်စီထံ တောင်းဆိုခဲ့သော်လည်း လျစ်လျူရှုခံထားရသည်။

ထိုအခြေအနေတွင် အကျဉ်းထောင်များကို ထောင်ဝင်စာပါဆယ်ပို့ရန် အခက်အခဲရှိပါက အကူအညီတောင်းခံနိုင်သည်ဟု ICRC ၏ ဆက်သွယ်ရေးတာဝန်ခံက စက်တင်ဘာလ ဒုတိယပတ်အတွင်း Myanmar Now ကို ပြောဆိုထားသည်။

အကူအညီလိုအပ်သူများသည် ICRC ၏ မြန်မာပြည်ရုံးခွဲ ၁၀ ရုံးရှိ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု ဆိုသည်။

ထောင်ဝင်စာတွေ့ရန် လမ်းစရိတ်ကဲ့သို့သော အသေးစားကူညီငွေကို တောင်းခံနိုင်သည့် ICRC ရုံးခွဲများ၏ ဖုန်းနံပါတ်များ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button