အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီ ထောင်တစ်သက်တစ်ကျွန်းချ

ဆုရမှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ ခုဖြင့် စစ်ခုံရုံးက ယနေ့ (ဇန်နဝါရီ ၁၀) ရက်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။

ဆုရမှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ ခုဖြင့် စစ်ခုံရုံးက ယနေ့ (ဇန်နဝါရီ ၁၀) တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရန် အမိန့်ချလိုက်သည်ဟု သိရသည်။

အင်းစိန်ထောင်တွင်းရှိ မြောက်ဥက္ကာလာပမြို့နယ် စစ်ခုံရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည၊ ၅၄ ဃ တို့ဖြင့် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရကြောင်း မိသားစုဝင် ကိုမြင့်သူကပြောသည်။

“ကျွန်တော်တို့က အစ်မနဲ့ သူအဖမ်းခံရကတည်းက တွေ့ခွင့်မရပါဘူး၊ အကျဉ်းထောင်ထဲက နီးစပ်တဲ့သူဆီက သိရတာပါ” ဟုသူက ပြောသည်။

နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် မှတ်တမ်းရုပ်ရှင်ဆုများရရှိထားသည့် အသက် ၅၀ အရွယ် ရှင်ဒေဝီသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် အွန်လိုင်းမှ မှာယူထားသည့် ရိုက်ကူးရေးသုံးဒရုန်း သွားရောက်ယူစဉ် ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် တစ်ပတ်ကြာ ရိုက်နှက်စစ်ဆေးခံရသည်ဟု သတင်းရရှိသည်။

ထို့နောက် စစ်ကောင်စီ၏ မြောက်ဥက္ကာလာပမြို့နယ်စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် စွဲချက်တင်ခဲ့သည်။

“အစ်မက မှတ်တမ်းရုပ်ရှင်သမားဖြစ်တယ်၊ တစ်သက်လုံး ဒီအလုပ်ပဲ လုပ်လာတယ်၊ ဒီကာလမှာလည်း ဒီအလုပ်ပဲ ဆက်လုပ်တယ်၊ နောက် စစ်ဘေးပဋိပက္ခဖြစ်တဲ့ ဒေသတွေကို သွားပြီး အကူညီပေးတယ်။ ဘာပြစ်မှုမှ ကျူးလွန်ထားတာမရှိဘူး” ဟု မိသားစုဝင် ကိုမြင့်သူက ဆက်ပြောသည်။

အမှုအတွက် ရှေ့နေဖြင့် ထုချေခွင့် မရှိခဲ့ပေ။

ရှင်ဒေဝီသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းဌာနတွင် ရုပ်သံသတင်းထောက်အဖြစ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို မှတ်တမ်းတင်ရိုက်ကူးခဲ့သည်။

ရှင်ဒေဝီ၏ “Now I am 13” အမည်ရ မြန်မာနိုင်ငံအလယ်ပိုင်းမှ ဆင်းရဲ၍ ပညာမသင်နိုင်သော ဆယ်ကျော်သက်မိန်းကလေးတစ်ဦးအကြောင်း မှတ်တမ်းရုပ်ရှင်ကားမှာ Kota Kinab နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ငွေဆု၊ ဝဿန်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု ရရှိခဲ့သည်။

မန္တလေးဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအကြောင်း ရိုက်ကူးခဲ့သည့် မှတ်တမ်းကားမှာ Art of Freedom ရုပ်ရှင်ပြပွဲတွင် မှတ်တမ်းရုပ်ရှင်ဆုနှင့် ကချင်ဒုက္ခသည်စခန်းအကြောင်း ရိုက်ကူးထားသော “Take Me Home” သည် ၂၀၁၃ ခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုတို့ ရရှိခဲ့သည်။

သူရိုက်ကူးခဲ့သော ပန်းချီဆရာ ရာဟုလာအကြောင်း မှတ်တမ်းရုပ်ရှင်မှာ နိုင်ငံတကာရုပ်ရှင်ပွဲတော်အများအပြားတွင် ချီးကျူးအသိအမှတ်ပြုခံရသလို လူမှုကွန်ရက်တွင်လည်း ထင်ရှားသည်။

“အမြန်ဆုံးပြန်လွတ်မြောက်သင့်တယ်၊ ဒီပြစ်ဒဏ်ကျခံရတာ မတရားဘူးလို့ မိသားစုအနေနဲ့ ပြောချင်ပါတယ်” ဟု မိသားစုဝင် ကိုမြင့်သူက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇန်နဝါရီ ၉ ထိ စာရင်းအရ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၂၅၇၈၅ ဦးထက်မနည်းရှိပြီး ၁၉၉၀၅ ဦးထက်မနည်း ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ ၎င်းတို့အနက် ၁၆၂ ဦးမှာ သေဒဏ်ချခံထားရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button