အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Dawei Watch သတင်းထောက်များကို ထောင်တစ်သက်နှင့် နှစ် ၂၀ ပြစ်ဒဏ်များ စစ်ခုံရုံးချ

တနင်္သာရီတိုင်းအခြေစိုက် Dawei Watch သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် စစ်ခုံရုံးတွင် စွဲချက်တင်ခဲ့ပြီးနောက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအခြေစိုက် Dawei Watch သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို စစ်ကောင်စီခုံရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်ဟု အဆိုပါ သတင်းဌာနက (ဩဂုတ် ၂၇) ယမန်နေ့က ထုတ်ပြန်သည်။

သတင်းထောက် ကိုမျိုးမြင့်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ကိုအောင်ဆန်းဦးကို ထောင်ဒဏ် အနှစ် ၂၀ မြိတ်မြို့ စစ်ခုံရုံးက ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းတို့နှစ်ဦးသည် မြိတ်မြို့ရှိနေအိမ်များတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်ညပိုင်းက ဖမ်းဆီးခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရခြင်းဖြစ်သည်။

ကိုအောင်ဆန်းဦးကို ဖေဖော်ဝါရီ ၁၆ တွင်လည်းကောင်း၊ ကိုမျိုးမြင့်ဦးကို မေ ၁၅ တွင်လည်းကောင်း ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု Dawei Watchသတင်းဌာနက ခန့်မှန်းထုတ်ပြန်သည်။ ယင်းတို့ကို စွဲဆိုပြစ်ဒဏ်ချသည့် ပုဒ်မအသေးစိတ်ကို မသိရဟုလည်း အဆိုပါ သတင်းဌာနမှ အယ်ဒီတာတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူတို့စိတ်ကြိုက်ပုဒ်မတွေနဲ့ တပ်လိုက်တယ် သူတို့စိတ်ကြိုက်ပြစ်ဒဏ်တွေ ချလိုက်တယ်။ ဘာတရာမျှတမှုမှ မရှိဘူး သတင်းသမားတွေ အကုန်လုံးက သတင်းအလုပ်ကိုပဲ လုပ်နေတာ စစ်တပ်က ဖမ်းမိသွားလို့ရှိရင် အကြမ်းဖက်ပုဒ်မတွေတပ်တယ် အမြင့်ဆုံးပြစ်ဒဏ်တွေချတယ်” ဟု အထက်ပါ အယ်ဒီတာက ပြောသည်။

Dawei Watch ၏ သတင်းသမားနှစ်ဦးကို စစ်တပ်က သွားရောက်ဖမ်းဆီးစဉ် သတင်းရေးသားမှုကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း အသိပေးပြောဆိုကာ ၎င်းတို့၏ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းတို့ကိုလည်း သိမ်းဆည်းသွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦးသည် စစ်ကြောရေးတွင် အနည်းဆုံး လေးရက်ထက်မနည်း ရိုက်နှက်စစ်ဆေးခံခဲ့ရပြီး စစ်ခုံရုံးက တစ်ဖက်သတ်စစ်ဆေးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် အမိန့်ချခဲ့ခြင်းဖြစ်သည်ဟုလည်း Dawei Watch သတင်းဌာန အယ်ဒီတာက ပြောသည်။

“ဖမ်းသွားပြီးတဲ့နောက်ပိုင်းမှာလည်း ဘာမှဆက်သွယ်လို့မရဘူး သူတို့ဟာသူတို့ စစ်ခုံရုံးတင်တယ်။ အကြမ်းဖက်ပုဒ်မတွေတပ်တယ် ဘယ်ပုဒ်မတပ်မှန်းတောင် မေးလို့မရဘူး” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ပုလောမြို့နှင့် တနင်္သာရီမြို့တို့တွင်သာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားသည်။ ထိုမြို့များတွင် ဖမ်းဆီးခံရသူများကို စစ်ခုံရုံးတင်စစ်ဆေးနိုင်ပြီး လွတ်လပ်သည့် ခုခံချေပခွင့်ရမည် မဟုတ်ပေ။

Dawei Watch သတင်းထောက်များသည် စစ်အုပ်ချုပ်ရေးအမိန့် မထုတ်ထားသော မြိတ်မြို့တွင် ဖမ်းဆီးခံခဲ့ရသည်ဖြစ်ရာ အရပ်ဘက်တရားရုံးတွင်သာ စွဲချက်တင် စစ်ဆးရမည်ဖြစ်သည်။

သို့သော် ယင်းတို့ကို စစ်ခုံရုံးတင်ကာ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် စွပ်စွဲထားသည့် အမှုများအတွက် ခုခံချပေးခွင့်မရရန် စစ်တပ်က ကြိုးပမ်းခြင်းဖြစ်သည်ဟု ထိုသတင်းဌာန အယ်ဒီတာက ပြောသည်။

“မြိတ်မြို့က စစ်အုပ်ချုပ်ရေးဒေသမဟုတ်ဘူး ပုံမှန်အားဖြင့်ဆိုရင် တရားရုံးတင်ပြီး တရားစွဲရမယ် သတင်းထောက်တွေကလည်း ဥပဒေကြောင်းအရ ခုခံချပေခွင့်ရှိရမယ်။ အခု အဲဒီလိုမပေးဘူး။ စစ်ခုံရုံးကနေ တိတ်တဆိတ်စစ်တယ် စစ်ခုံရုံးကနေပဲတိတ်တဆိတ် အမိန့်ချလိုက်တယ်” ဟု ပြောသည်။

မြိတ်မြို့ဇာတိများဖြစ်သော ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးတို့ကို မြိတ်မြို့နှင့် မိုင် ၈၀ ကျော်ဝေးသော စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားသည့် တနင်္သာရီမြို့နယ်တွင် တာဝန်ထမ်းဆောင်သည့် စစ်တပ်အရာရှိတစ်ဦးက တရားလိုလုပ်၍ မြိတ်မြိုအကျဉ်းထောင် စစ်ခုံရုံးတွင် တရားစွဲခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းထောက် ၂၀၀ ကျော်လည်း ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် ၅၉ ဦး ထိန်းသိမ်းခံထားရသည်ဟု ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ထားသည်။ ထိုအထဲတွင် Myanmar Now သတင်းထောက်လည်း ပါဝင်ပြီး ထောင်အနှစ် ၂၀ ချမှတ်ခံထားရသည်။

သြဂုတ် ၂၁ ရက်ကလည်း မွန်ပြည်နယ်ရှိ သတင်းသမားနှစ်ဦးနေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ရာ ထိုသတင်းထောက်နှစ်ဦးလုံး သေဆုံးသွားသည်ဟု RSF က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles