သတင်း

မြိတ်အခြေစိုက် သတင်းထောက် နှစ်ဦး ဖမ်းဆီးစစ်ကြောခံနေရ

Dawei Watch သတင်းဌာန၏ အယ်ဒီတာချုပ်က ၎င်းတို့၏ သတင်းထောက်နှစ်ဦး တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည်ဟု ပြောသည်။

ယင်းနေ့ ညသန်းခေါင်ယံအချိန်တွင် ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးတို့ကို နေအိမ်များ၌ လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့က ရပ်ကွက်တခုစီမှာ နေတာ။ သူတို့ကို ရှေ့ဆင့်နောက်ဆင့် ဖမ်းတယ်လို့ ကျွန်တော်တို့ သိရတယ်။ လာဖမ်းတဲ့အချိန်မှာ ဖုန်းတွေ တောင်းတယ်။ လပ်တော့ပ်တွေ တောင်းတယ်။ ရေးသားတဲ့သတင်းကြောင့် ဖမ်းတယ်လို့ ပြောတယ်။ လက်ရှိ သူတို့ (စစ်ကောင်စီ) ဘက်ကနေ တစ်စုံတစ်ရာ ဆက်သွယ်လာတာ မရှိသေးဘူး။ ကျွန်တော်တို့ စုံစမ်းချက်အရတော့ စစ်ကြောရေးမှာ ရောက်နေတယ်လို့ သိရတယ်” ဟု Dawei Watch အယ်ဒီတာချုပ်က ပြောသည်။

မည်သည့်သတင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ကိုမူ အသေးစိတ် မသိရှိရသေးကြောင်း ထိုသူက ဆက်ပြောသည်။

“ကျွန်တော်တို့ ရပ်တည်မှုနဲ့ ကျွန်တော်တို့ သတင်းရေးတယ်။ မဟုတ်တာ မမှန်တာ မရေးဘူး။ သတင်းမီဒီယာတွေကို စစ်ကောင်စီကိုယ်တိုင်က ရန်သူလို သဘောထားနေတယ်လို့ ကျွန်တော် မြင်တယ်။ သတင်းမီဒီယာတွေနဲ့ ပတ်သက်ရင် သူတို့သဘောထားက မပြောင်းသေးဘူး” ဟု အယ်ဒီတာချုပ်က ပြောသည်။

Dawei Watch သည် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲသတင်းများ၊ ဒေသတွင်းဖြစ်ရပ်များကို ဖော်ပြနေသော အွန်လိုင်းသတင်းဌာနတစ်ခုလည်း ဖြစ်သည်။

ဥပဒေမဲ့ဖမ်းဆီးစစ်ဆေးခံနေရသည့် ၎င်းတို့၏ သတင်းသမား ၂ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း Dewei Watch က ယနေ့ ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီက Dawei Watch သတင်းဌာနကို လိုင်စင်ရုပ်သိမ်းခြင်း မရှိသေးသော်လည်း ၂၀၂၂ ခု ဇန်နဝါရီ ၁၈ က ထားဝယ်မြို့တွင် ထိုသတင်းဌာန၏ သတင်းထောက် ၂ ဦးနှင့် ရုံးဝန်ထမ်းတစ်ဦးတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ရက်ပိုင်းအကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

ထိုကိစ္စဖြစ်ပွားပြီးနောက် ထိုဌာန၏ သတင်းသမားအများအပြား တိမ်းရှောင်ခဲ့ကြကာ ထိုအထဲမှ အဆိုပါ သတင်းထောက် ၂ ဦးသည် မြိတ်မြို့ နေအိမ်များ၌ ပြန်လည်နေထိုင်နေကြစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် မတ်လဆန်းမှ စတင်ကာ Myanmar Now အပါအဝင် မီဒီယာတိုက် ၅ ခုကို လိုင်စင်ရုပ်သိမ်းကြောင်း ကြေညာခဲ့ကာ သတင်းဌာနတချို့ကို ဝင်ရောက် စီးနင်းခဲ့သလို သတင်းသမားများကိုလည်း ပစ်မှတ်ထား၍ ဖမ်းဆီးထောင်ချခဲ့သည်။

မကြာသေးခင် နိုဝင်ဘာ ၂၉ ရက်ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ Development Media Group (DMG) သတင်းဌာနရုံးကို စီးနင်းကာ သတင်းထောက်တစ်ဦးနှင့် ရုံးစောင့်တစ်ဦးကို ဖမ်းဆီးခဲ့သေးသည်။

အလားတူ မိုခါမုန်တိုင်းဘေးဒဏ် ကျရောက်နေသည့် ရခိုင်ပြည်နယ်အတွင်း အခြေအနေများကို သွားရောက် မှတ်တမ်းတင်နေသည့် Myanmar Now ၏ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည်လည်း ဖမ်းဆီးခံရပြီး ယခုနှစ် စက်တင်ဘာ ၆ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချခံထားရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ယခုနှစ် ဒီဇင်ဘာ ၁၂ ရက်အထိ ဖမ်းဆီးခံထားရဆဲ သတင်းသမား ၆၁ ဦး ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button