သတင်း

Myanmar Now ဓာတ်ပုံသတင်းထောက်ကို စစ်ကောင်စီ ထောင် နှစ် ၂၀ ချ

မိုခါမုန်တိုင်းဘေးဒဏ် ကျရောက်နေသည့် ရခိုင်ပြည်နယ်အတွင်း အခြေအနေများကို သွားရောက် မှတ်တမ်းတင်နေစဉ် မေ ၂၃ ရက်က စစ်တွေမြို့၌ ဖမ်းဆီးခံလိုက်ရသည့် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ယနေ့ (စက်တင်ဘာ ၆) တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချလိုက်သည်။

ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း တရားခွင်တစ်ခုက ထိုအမိန့်ချခဲ့ခြင်းဖြစ်ပြီး ကိုစိုင်းဇော်သိုက် စွပ်စွဲခံရသည့် ပုဒ်မများနှင့်ပတ်သက်သည့် အသေးစိတ်ကို မသိသေးပေ။ ကနဦးသတင်းများအရ ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ပုဒ်မ ၄ ခုဖြင့် တရားစွဲထားသည်ဟု သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)။ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြစ်သည်။

ကိုစိုင်းဇော်သိုက်သည် ဖမ်းဆီးခံရပြီးနောက် ရခိုင်ပြည်နယ် စစ်တွေနှင့် ရန်ကုန်မြို့ စစ်ကြောရေးစခန်းများတွင် တစ်ပတ်ကျော်ကြာ စစ်ဆေးခံခဲ့ရသည်။ ထို့နောက်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသော တောင်ဒဂုံမြို့နယ်တရားရုံးတွင် ရမန် (ချုပ်ရက်တောင်း) ယူကာ ကိုစိုင်းဇော်သိုက်ကို ဇွန်လလယ်တွင် စစ်ကောင်စီက အင်းစိန်ထောင်သို့ ပို့လိုက်သည်။

စစ်ကောင်စီက ဖမ်းဆီးပြီး သုံးလကျော် ကြာချိန်အထိ တောင်ဒဂုံတရားရုံးတွင် ရမန်ယူသည်မှအပ ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက မည်သည့်တရားခွင်စစ်ဆေးမှုမျှမရှိ၊ ခုခံချေပခွင့်၊ ရှေ့နေလိုက်ခွင့်မပြုခဲ့ဘဲ အင်းစိန်ထောင်တွင်း ပထမဆုံးရုံးချိန်းဖြစ်သည့် ယနေ့ (စက်တင်ဘာ ၆) တွင် စစ်ခုံရုံးဖြင့် ထိုသို့ အမိန့်ချလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် အင်းစိန်ထောင်၌ ရှိနေသည့် ကိုစိုင်းဇော်သိုက်သည် နိုင်ငံတစ်ဝန်း အကျဉ်းထောင်များအတွင်းရှိ အခြားသူများနည်းတူ မိသားစုနှင့် တွေ့ခွင့်မရသလို ထောင်ဝင်စာပို့နိုင်သည့် ပစ္စည်းအမျိုးအမည်အရေအတွက်များကိုပါ လျှော့ချကန့်သတ်ခံထားရသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီက Myanmar Now အပါအဝင် လွတ်လပ်သော သတင်းဌာနများကို ပိတ်သိမ်း၊ သတင်းထောက်များကို ဖမ်းဆီးနေသည်။

အာဏာသိမ်းပြီး တစ်လကျော်အကြာ ၂၀၂၁ မတ် ၈ ရက်တွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းရှိ Myanmar Now သတင်းဌာနရုံးခန်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့သည်။ စစ်တပ်က သတင်းဌာနတစ်ခုကို ပထမဆုံးဝင်ရောက်စီးနင်းခြင်း ဖြစ်ပြီး ထိုဖြစ်စဉ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးခံခဲ့ရခြင်းမရှိဘဲ ရုံးခန်းပိုင် ပစ္စည်းတချို့ ယူဆောင်သွားခြင်းခံရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်တွင်မူ ရန်ကုန်မြို့ မြေနီကုန်း၌ ဆန္ဒပြပွဲသတင်းယူနေသည့် Myanmar Now သတင်းထောက် မကေဇွန်နွေး ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅ – က ဖြင့် တရားစွဲကာ အင်းစိန်ထောင်တွင် ၄ လကျော်ကြာ ထားရှိပြီးနောက် အခြားသတင်းထောက်တချို့နှင့်အတူ ၂၀၂၁ ဇွန် ၃၀ တွင် ပြန်လွှတ်ပေးခဲ့သည်။

ကိုစိုင်းဇော်သိုက်သည် Myanmar Now သတင်းဌာနမှ ဒုတိယမြောက် ဖမ်းဆီးခံရသည့် သတင်းထောက်တစ်ဦးဖြစ်သည်။

ထို့ပြင် စစ်ကောင်စီက Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဦးဆွေဝင်းနှင့် အခြားအယ်ဒီတာတချို့ကို အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တရားစွဲထားကာ ၎င်းတို့၏ ရန်ကုန်ရှိ နေအိမ်များကိုလည်း ချိပ်ပိတ်ခဲ့သည်။

Myanmar Now အင်္ဂလိပ်ပိုင်းစာတည်းဟောင်း အမေရိကန်နိုင်ငံသား Danny Fenster ကိုလည်း လအတန်ကြာ ဖမ်းချုပ်ပြီးမှ စစ်ကောင်စီက ပြန်လွှတ်ခဲ့သည်။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသော သတင်းသမားများစာရင်းကို ပြုစုထားသည့် Detained Journalists Group ၏စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ မှ ၂၀၂၃ ခုနှစ် မေ ၁ အထိ သတင်းသမား ၁၅၆ ဦး ဖမ်းဆီးခံရပြီး ၄ ဦး အသတ်ခံရသည်။ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းမှ အကျဉ်းထောင်များတွင် ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းသမား ၅၀ ခန့် ကျန်ရှိနေသေးသည်။

စစ်ကောင်စီဖမ်းဆီးထားသူများထဲတွင် ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟံသာငြိမ်းတို့မှာ ကိုစိုင်းဇော်သိုက်ကဲ့သို့ စစ်ကောင်စီက ၎င်းတို့ကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button