သတင်း

စစ်တွေမှ DMG သတင်းထောက် အကြမ်းဖက်ပုဒ်မဖြင့် အမှုထပ်ဖွင့်ခံရ

သတင်းယူစဉ် ဖမ်းဆီးခံရသည့် လူငယ်သတင်းသမားကို ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ခဲ့ရာမှ ယခုအခါ ထောင် ၇ နှစ်အထိ ချနိုင်သည့် အကြမ်းဖက်ပုဒ်မဖြင့်ပါ စစ်ကောင်စီက အမှုထပ်ဖွင့်ထားသည်။

ဖမ်းဆီးခံထားရသည့် ရခိုင်အခြေစိုက်သတင်းထောက် ကိုထက်အောင် နှစ်ဆန်းပိုင်းတွင် အကြမ်းဖက်ပုဒ်မဖြင့် အမှုတစ်ခု ထပ်ဖွင့်ခံလိုက်ရကြောင်း နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (Committee to Protect Journalists – CPJ) က မေ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

အသက် ၂၅ နှစ်အရွယ် ကိုထက်အောင်သည် ၂၀၂၃ အောက်တိုဘာ ၂၉ ရက် နံနက်က စစ်တွေမြို့၊ ဝင်္ကဘာကွင်း၊ ဆွမ်းတော်ကြီးလောင်းပွဲတွင် Development Media Group (DMG) သတင်းဌာနအတွက် သတင်းယူနေစဉ် ဖမ်းဆီးခံရသည်။

ထို့နောက် ၎င်းကို စစ်တွေမြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး အောက်တိုဘာ ၃၁ တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅(ဃ) ဖြင့် အမှုဖွင့်၍ စစ်တွေထောင်သို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

ဇန်နဝါရီလတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ကိုထက်အောင် ထပ်မံအမှုဖွင့်ခံရကြောင်းကို ၎င်း၏ မိသားစုနှင့် ရှေ့နေများက ယခုလအထိ မသိရှိရသေးဟု CPJ ထုတ်ပြန်ချက်တွင် DMG အယ်ဒီတာချုပ်ကို ကိုးကား၍ ဖော်ပြထားသည်။

သတင်းသမားများကို ခြိမ်းခြောက်ပြီး ထောင်သွင်းအကျဉ်းချမှု၊ မဟုတ်မမှန်စွပ်စွဲမှုများ ရပ်တန့်ရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

သတင်းထောက် ထက်အောင်ကို နှိပ်စက်ညှဉ်းပန်းမှုများ ရပ်တန့်ပြီး ချက်ချင်းလွှတ်ပေးရမည်ဟု CPJ ၏ အကြီးတန်းအရှေ့တောင်အာရှကိုယ်စားလှယ် Shawn Crispin က ပြောသည်။

“သတင်းထောက်တွေကို သတင်းပို့တဲ့ အလုပ်တွေကိုပဲ လုပ်တဲ့အတွက် မြန်မာက အကြမ်းဖက်စွဲချက်တင်တာကို ရပ်တန့်ရပါမယ်” ဟု သူက ဆိုသည်။

ကိုထက်အောင် စွဲဆိုခံထားရသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) သည် ထောင်ဒဏ် အများဆုံး ၇ နှစ်၊ မူလစွဲဆိုထားသည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၅ သည် ထောင်ဒဏ် အများဆုံး ၅ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မများ ဖြစ်သည်။

စစ်ကောင်စီက အကြမ်းဖက်ဖြင့် အမှုထပ်ဖွင့်ခဲ့ကြောင်း DMG ၏ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက Myanmar Now ကို ယနေ့ ပြောသည်။

“အမှု ပြောင်းလဲလို့ဖွင့်တယ်လို့ ပြောရမယ်။ ပထမတော့ သူတို့ကို ၆၅ နဲ့ ရမန်ယူတယ်။ ၆၅ နဲ့က ပြောရမယ်ဆိုရင် ကျွန်တော်တို့သိရတာက ပြည်ထောင်စုပြန်ကြားရေးဌာနက ခွင့်ပြုချက်ယူရတဲ့ပုံစံမျိုး ပြောတယ်။ အဲဒီ (၆၅ အမှု) မကျလာဘဲ ကြာနေတော့ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ ကို ထပ်တိုးဖွင့်တဲ့သဘောပဲ” ဟု ၎င်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကိစ္စ ပြောဆိုကြောင်း ဖော်ပြခဲ့သည့် DMG သတင်းတစ်ပုဒ်အပေါ် အခြေခံ၍ အကြမ်းဖက်ပုဒ်မဖြင့် အမှုထပ်ဖွင့်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“၅၂ ဟာ သတင်းတစ်ပုဒ်ဖော်ပြတာ။ ဘာသတင်းလဲဆိုတော့ NUG က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကို လာတာ …အဲဒီသတင်းကြောင့်။ သူတို့ (ဖမ်းခံရသူ ၂ ဦး) ရေးတာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ကိုထက်အောင်ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များ၊ ထောက်လှမ်းရေးအဖွဲ့များ ပါဝင်သည့် အင်အား ၂၀ ကျော်က သတင်းဌာနရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ကြသည်။

ရုံးအတွင်းရှိ ကွန်ပျူတာ၊ ကင်မရာများနှင့် ဘဏ်စာအုပ်များ အပါအဝင် ပစ္စည်းများကို သိမ်းယူကာ ရုံးခန်းကို ချိပ်ပိတ်ထားခဲ့သည်။ ထို့နောက် ကိုထက်အောင်၊ ရုံးရှိ ညစောင့်ဝန်ထမ်း အမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီက ခေါ်ဆောင်သွားခဲ့သည်။

အတူဖမ်းဆီးခံရသည့် ညစောင့်ဝန်ထမ်း အသက် ၃၅ နှစ်ခန့်အရွယ် ကိုစိုးဝင်းအောင်သည်လည်း အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံထားရပြီး ၎င်း၏ အခြေအနေအသေးစိတ်ကို မသိရှိရပေ။

စစ်တပ်က DMG သတင်းဌာနကို ယခင်ကတည်းက တရားစွဲဆိုထားသဖြင့် ထိုဌာနမှ သတင်းသမားအများအပြား တိမ်းရှောင်၍ လုပ်ကိုင်နေကြရခြင်းဖြစ်ပြီး ရုံးခန်းကို လျှို့ဝှက်ဖွင့်လှစ်ထားခဲ့သည်။

CPJ ၏ ၂၀၂၃ ခုနှစ်အထိ စာရင်းအရ မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် သတင်းသမားများကို ဖမ်းဆီးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်ဟု သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် သတင်းထောက် ၄၃ ဦးထက်မနည်း ဆက်လက် ဖမ်းဆီးခံထားရပြီး အများစုမှာ အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်ခံထားရကြောင်း CPJ က ဆိုသည်။

၂၀၂၃ မေလအတွင်းကလည်း ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းသတင်း ယူနေသည့် Myanmar Now သတင်းဌာန၏ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ဖမ်းဆီး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ – ၂၇၊ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေပုဒ်မ – ၁၂၄ များဖြင့် စက်တင်ဘာ ၆ ရက်တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားအများအပြား ဖမ်းဆီးခံရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အပြင် အကြမ်းဖက်ပုဒ်မများ တပ်ကာ ထောင်ချခံနေရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖိနှိပ်ရန် ရည်ရွယ်၍ ၂၀၂၁ ဩဂုတ် ၁ ရက်ကတည်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။

အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ရန် တိုက်တွန်းခြင်း၊ စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်းနှင့် စုဆောင်းရန် ပြုလုပ်ခြင်းများကို လုပ်ဆောင်ပါက အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် အထိချမှတ်နိုင်သည့် ပြစ်မှုများအဖြစ် ထည့်သွင်းပြင်ဆင်ခဲ့သည်။

စစ်ကောင်စီ ဆက်ဖမ်းထားသည့် သတင်းသမား ၆၁ ဦး ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

Show More

Related Articles

Back to top button