အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် အကျဉ်းချခံထားရတာ တစ်နှစ်ပြည့်ပြီ

၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းနောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှုများကို ရခိုင်ပြည်နယ်၌ သွားရောက်သတင်းယူ‌နေစဉ် ဖမ်းဆီးခံလိုက်ရသည့် Myanmar Now သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်အား စစ်ကောင်စီက ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းချထားသည်မှာ ယနေ့ (စက်တင်ဘာ ၆)တွင် တစ်နှစ်ပြည့်ပြီဖြစ်သည်။ 

ကိုစိုင်းဇော်သိုက်သည် ယမန်နှစ် မေလ ၂၃ တွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအား စစ်တွေမြို့နှင့် ရန်ကုန်မြို့ရှိ စစ်ကြောရေးစခန်းများတွင် စစ်တပ်ကတစ်ပတ်ကျော်ကြာ စစ်ဆေးပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာထားသည့် တောင်ဒဂုံမြို့နယ် တရားရုံး၌ ချုပ်ရက် ရမန်ယူခဲ့သည်။ 

ထိုနောက် ၎င်းအား သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ ၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြင့်ပါ စွပ်စွဲတရားစွဲဆိုခဲ့သည်။  

ကိုစိုင်းဇော်သိုက်အား ယမန်နှစ် စက်တင်ဘာ ၆ တွင် အင်းစိန်ထောင်အတွင်း၌ ပြုလုပ်သည့် စစ်ခုံရုံး၌ ပထမဆုံးရုံးထုတ်ချိန်မှာပင် ခုခံချပခွင့်၊ တရားခွင်စစ်ဆေးခြင်းမရှိဘဲ ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထောင်သတင်းရင်းမြစ်များအရ အင်းစိန်ထောင်တွင်း၌ ကိုစိုင်းဇော်သိုက်မှာ ကျန်းမာရေးကောင်းမွန်သော်လည်း အခြားနိုင်ငံရေးအကျဉ်းသားများနည်းတူ ထောင်အာဏာပိုင်များ၏ ဖိနှိပ်ခံနေရသည်ဟု သိရှိရသည်။

ကိုစိုင်းဇော်သိုက်သည် Myanmar Now သတင်းဌာနတွင် ၂၀၁၇ ခုနှစ်တွင် ဓာတ်ပုံသတင်းထောက်အဖြစ် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပြီး ထိုဌာန၏ စုံစမ်းဖော်ထုတ်ရေးသားသည့် သတင်းများတွင် ရှေ့တန်းမှ သတင်းယူနေခဲ့သူတစ်ဦးဖြစ်သည်။ Myanmar Now မတိုင်ခင်ကလည်း ၎င်းသည် Skynet၊ မက်ဆင်ဂျာ ဂျာနယ်၊ ဧရာဝတီသတင်းဌာန၊ 7day ဂျာနယ်တို့တွင်လည်း လုပ်ကိုင်ခဲ့ဖူးသည့် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သည်။ 

“ကိုစိုင်းဇော်ဟာ သူ့ရဲ.သတင်းသမားကာလတစ်လျှောက်လုံး သက်စွန့်စံဖျား နဲ့ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ စစ်တပ်အာဏာသိိမ်းတော့လည်း မြန်မာနိုင်ငံကနေ ထွက်လာဖို့အခွင့်အရေးရပေမယ့် ပြည်တွင်းမှာပဲ ဆက်လက်ပြီး သတင်းအလုပ်လုပ်ဖို့နဲ့ သူ့ရဲ့ သက်ကြီးရွယ်အိုမိဖတွေကို ပြုစုစောင့်ရှောက်ဖို့ ရွေးချယ်ခဲ့သူဖြစ်ပါတယ်။ သူအချုပ်အနှောင်ကနေ ကျန်းကျန်းမာမာနဲ့လွတ်မြောက်လာမှာကို ကျွန်တော်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအားလုံး အမြဲမျှော်လင့်နေပါတယ်” ဟု Myanmar Now ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးဆွေဝင်းက ဆိုသည်။ 

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း  ဖမ်းဆီးခံထားရဆဲသတင်းသမား ၆၁ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏  စာရင်းတွင် ဖော်ပြထားသည်။

ထို့အပြင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှု၊ စစ်ကြေရေးစခန်းအတွင်း နှိပ်စပ်မှုတို့ကြောင့် သတင်းသမား ၇ ဦး သေဆုံးခဲ့ရသည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)၏ သြဂုတ် ၂၆ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles