သတင်း

စစ်တွေ DMG သတင်းဌာနကို စစ်တပ် ဝင်စီး၊ ဒေသခံသတင်းသမားများ တိမ်းရှောင်ရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ သတင်းလုပ်ငန်းတစ်ခုကို စစ်ကောင်စီက စီးနင်းချိပ်ပိတ်ကာ ဝန်ထမ်း ၂ ဦးကို ဖမ်းထားသည်။ ဆွမ်းလောင်းပွဲ သတင်းယူနေသူကို ဖမ်းပြီး ရုံးခန်းလိုက်ပြခိုင်းသည်ဟု သိရသည်။

ရခိုင်ပြည်နယ် မြို့တော်စစ်တွေရှိ Development Media Group (DMG) သတင်းဌာနရုံးခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး သတင်းထောက်တစ်ဦးနှင့် ညစောင့်ဝန်ထမ်းတို့ကို ဖမ်းဆီးလိုက်သောကြောင့် ဒေသအခြေစိုက် သတင်းသမားများ ထွက်ပြေးတိမ်းရှောင်နေရသည်။

အောက်တိုဘာ ၂၉ ရက်နေ့ နံနက်က စစ်တွေမြို့၊ ဝင်္ကဘာကွင်းတွင် ပြုလုပ်သော ဆွမ်းတော်ကြီးလောင်းပွဲတွင် သတင်းယူနေသည့် DMG သတင်းထောက် ကိုထက်အောင် ဖမ်းဆီးခံရသည်။

ထို့နောက် ၎င်းကို DMG ရုံး တည်ရှိရာနေရာကို လိုက်လံပြသခိုင်းပြီး စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များ၊ ထောက်လှမ်းရေးအဖွဲ့များ ပါဝင်သည့် အင်အား ၂၀ ကျော်က သတင်းဌာနရုံးခန်းကို ဝင်ရောက်စီးနင်းကြသည်။

ရုံးအတွင်းရှိ ကွန်ပျူတာ၊ ကင်မရာများနှင့် ဘဏ်စာအုပ်များ အပါအဝင် ပစ္စည်းများကို သိမ်းယူကာ ရုံးခန်းကို ချိပ်ပိတ်ထားခဲ့သည်။

ထို့နောက် ကိုထက်အောင်၊ ရုံးရှိ ညစောင့်ဝန်ထမ်း အမျိုးသားတစ်ဦးတို့ကို ခေါ်ဆောင်သွားသည်။

၎င်းတို့၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးသလို ဖမ်းဆီးရသည့် အကြောင်းရင်းကိုလည်း မသိရသေးပေ။

DMG သတင်းဌာနသည် ယခင်ကတည်းက စစ်တပ်က တရားစွဲဆိုထားသဖြင့် ထိုဌာနမှ သတင်းသမားအများအပြား တိမ်းရှောင်၍ လုပ်ကိုင်နေကြရခြင်းဖြစ်ပြီး ရုံးခန်းကို လျှို့ဝှက်ဖွင့်လှစ်ထားခဲ့သည်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခု၏ အယ်ဒီတာချုပ်တစ်ဦးက ဒေသတွင်းသတင်းထောက်များ အဆိုးဝါးဆုံးသောအခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု မှတ်ချက်ပြုသည်။

“သတင်းသမားတွေကို ဖိဖို့ လုပ်နေတာပေါ့။ သတင်းထောက်ကို ဖမ်းရုံတင်မကဘဲ ရုံးခန်းကို ချိပ်ပိတ်ပြီး ပစ္စည်းတွေပါ ယူသွားတာဆိုတော့ တော်တော်ကို ဆိုးဝါးတဲ့ လုပ်ရပ်ပါ။ အရင်ကဆို နည်းနည်းပါးပါး သွားလာလှုပ်ရှားလို့ရတဲ့ အခြေအနေမျိုး ရှိတယ်ပေါ့နော်။ အခုက တော်တော်ကို ဆိုးဝါးတဲ့အခြေအနေ ဖြစ်သွားပြီလို့ ပြောရမယ်”

ရက္ခိုင့်တပ်တော် (AA) က ပြည်နယ်အတွင်း အပစ်ရပ်ထားသော်လည်း ယခုရက်ပိုင်းအတွင်း ပြည်နယ်ပြင်ပ တိုက်ပွဲများတွင် ပါဝင်နေရာ ထိုစစ်ရေးသတင်းများကို ရေးသးတင်ဆက်နေသဖြင့် ရခိုင်အခြေစိုက်သတင်းထောက်များကိုပါ ပစ်မှတ်ထားလာခြင်းဖြစ်နိုင်သည်ဟု အထက်ပါ သတင်းရင်းမြစ်က ယူဆသည်။

“အခုအခြေအနေက သတင်းသမားက သတင်းအလုပ် လုပ်ဖို့တောင် လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေဖြစ်သွားပြီ။ တချို့ဆို အာဏာသိမ်းပြီးတဲ့နောက် ကိုယ့်ရဲ့အလုပ်ကို စွန့်ပြီး တခြားအလုပ်ကို ပြောင်းလုပ်နေတာမျိုး ရှိတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ဆုံးရှုံးမှုလို့ ပြောရမှာပါ” ဟု ထိုအမျိုးသားက မှတ်ချက်ပြုသည်။

စစ်တွေမြို့ရှိ ဝင်ရောက်စီးနင်းခံရသည့် DMG သတင်းဌာနရုံး။ (ဓာတ်ပုံ-Western News)

စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းထောက်များကို ဖမ်းဆီးလာချိန် သတင်းသမားအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသော်လည်း ရခိုင်ဒေသအခြေစိုက် သတင်းသမားများကို ဖမ်းဆီးခဲ့ခြင်း မရှိခဲ့ပေ။

သို့သော်လည်း အာဏာသိမ်း စစ်ကောင်စီက ရခိုင်သတင်းဌာန နှစ်ခုကို အမှုဖွင့်ခဲ့သည်။

နိရဉ္စရာသတင်းဌာနကို ၂၀၂၂ မေလနှင့် အောက်တိုဘာအတွင်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်ခဲ့ပြီး ယခုနှစ် မတ်လအတွင်း ပုဒ်မ ၆၆(ဃ) ဖြင့် အမှုထပ်ဖွင့်သည်။

အလားတူ တရားလို ဗိုလ်မှူးဘုန်းမြင့်ကျော်က Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ၁၂၄-က ဖြင့် စစ်တွေမြို့နယ်တရားရုံး၌ ၂၀၂၂ ဇန်နဝါရီလ ၂၂ တွင် တရားစွဲထားသည်။

ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုထက်အောင်၏ အခြေအနေနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် မိသားစုကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

၂၀၁၂ တွင် စတင်တည်ထောင်ခဲ့ပြီး ရခိုင်ပြည်နယ်သတင်းများကို ရေးသားဖော်ပြနေသော DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို သတင်းတပ်ဖွဲ့ (SB) က တရားလိုပြုလုပ်ပြီး ၂၀၁၉ မေလ ၁၁ ရက်တွင် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၂) ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

ထို့နောက် ဗိုလ်မှူးဘုန်းမြင့်ကျော်က DMG သတင်းဌာန၏ အယ်ဒီတာတစ်ဦးကို၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က စစ်တွေမြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်ထားသည်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများအနက် နိရဉ္စရာ၊ Development Media Group (DMG)၊ Border News Agency (BNA)၊ Western News သတင်းဌာနတို့သည် လူသိများသည်။

ယင်းသို့ ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ယခုနှစ် မေလအတွင်းကလည်း ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းသတင်း ယူနေသည့် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ဖမ်းဆီး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ – ၂၇၊ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေပုဒ်မ – ၁၂၄ များဖြင့် စက်တင်ဘာ ၆ ရက်တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားအများအပြား ဖမ်းဆီးခံရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အပြင် အကြမ်းဖက်ပုဒ်မများ တပ်ကာ ထောင်ချခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button