သတင်း

ရခိုင်သတင်းဌာနတစ်ခုကို စစ်ကောင်စီက ၆၆ (ဃ) ဖြင့် အမှုထပ်ဖွင့် 

စစ်တပ်စစ်ဆေးရေးဂိတ်များ ငွေကြေးတောင်းခံနေသည်ဟု သတင်းဖော်ပြခဲ့သည့် ရခိုင်သတင်းဌာန နိရဉ္စရာ(Narinjara) မှ သတင်းရေးသူနှင့် တာဝန်ခံအယ်ဒီတာကို စစ်ကောင်စီက ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆(ဃ) ဖြင့် ယခုလ ၁၁ ရက်တွင် အမှုထပ်ဖွင့်လိုက်သည်။

ဒေသတွင်းသတင်းများဖော်ပြနေသော နိရဉ္စရာသတင်းဌာနတွင် မတ်လ ၇ ရက်က စစ်တွေမြို့နယ်နှင့် အမ်းမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ငွေကြေးတောင်းခံနေသည်ဟု ဖော်ပြထားသည်၊ ထိုဖော်ပြချက်ကြောင့် သတင်းရေးသူနှင့် တာဝန်ခံအယ်ဒီတာချုပ်ကို အရေးယူမည်ဟု ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာတစ်ခုဖြစ်သော ရခိုင်နေ့စဉ် အမည်ရှိ Facebook Page မှတစ်ဆင့် ထုတ်ပြန်သည်။

စစ်ကောင်စီက နိရဉ္စရာသတင်းဌာနကို ၂၀၂၂ မေလနှင့် အောက်တိုဘာလအတွင်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်ထားပြီးဖြစ်သည်။ 

စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်များက မလိုအပ်ဘဲ စစ်ဆေးမေးမြန်းမှု၊ ငွေကြေးတောင်းခံမှုများမှာ အများပြည်သူ အားလုံးသိနေကြသည့် ကိစ္စသာဖြစ်ကြောင်း နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က Myanmar Now ကို ပြောသည်။

“အမှန်တကယ်က ဒီသတင်း မှားလားမှန်လားဆိုတာ စစ်ဆေးဖို့ သူတို့ (စစ်ကောင်စီ) မှာ တာဝန်ရှိတယ်။ အဲဒီလို မစိစစ်ဘဲ သတင်းရေးတဲ့ သတင်းသမားတွေကို သူတို့က တရားစွဲဖို့၊ ဖမ်းဖို့ဆိုတာက သက်သက် သတင်းသမားတွေကို အပြစ်မြင်ပြီးတော့ ဖိနှိပ်ချင်တဲ့ဆန္ဒလို့ ကျွန်တော်ကတော့ အဲဒီလိုမြင်တယ်” ဟု သူက ဆိုသည်။

“ဒီဟာတွေကို အမှန်တကယ် ကျူးလွန်တဲ့လူတွေကို အရေးမယူဘဲ သတင်းရေးတဲ့ သတင်းသမားကို တရားစွဲဖို့၊ ဖမ်းဖို့ ဆိုတာက ခုတ်တာတခြား ရှတာတခြား၊ သက်သက် မီဒီယာတွေကို ဖိနှိပ်လိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ အရင်ကတည်းက မီဒီယာသမားတွေကို အဃာတတရားရှိတယ်။ အဲဒါကြောင့် လုပ်တယ်လို့ ကျွန်တော်က ပြောချင်တယ်” 

ထိုကဲ့သို့ အလားတူသတင်းမျိုးကို ဒေသတွင်း ရခိုင်သတင်းဌာနဖြစ်သော Border News Agency (BNA) တွင်လည်း ရေးသားဖော်ပြနေကြောင်း ပြည်နယ်စစ်ကောင်စီက ဆိုသည်။

ပြည်နယ်စစ်ကောင်စီက သတင်းသမားများကို ခြိမ်းခြောက်သည်ဟု ယူဆကြောင်း BNA ၏ အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က ပြောသည်။

“စစ်ကောင်စီဟာ စစ်အာဏာရှင်ဖြစ်တယ်ဆိုတာကို ထပ်ပြီး‌ သက်သေပြလာတာပါ။ အခုလို ရခိုင်က သတင်းဌာနအားလုံးကို မတရားအမှုဖွင့် ဖမ်းဆီးထောင်ချဖို့ ကြိုးစားနေတာပါ။ ဒါဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ သတင်းမှန်သိပိုင်ခွင့်ကို ချိုးဖောက်လိုက်တာပါ” ဟု သူက ဆိုသည်။ 

ရခိုင်ပြည်နယ်တွင် အထက်ပါအွန်လိုင်းသတင်းဌာနများမှ အမှုဖွင့်ခံထားရသည့် သတင်းသမားအများစုမှာ တိမ်းရှောင်ကာ သတင်းလုပ်ငန်း ဆက်လက် လုပ်ကိုင်နေသည်။

စစ်ကောင်စီကမူ ယခင်အာဏာသိမ်းခေါင်းဆောင်များနည်းတူ ဖမ်းဆီးမှုများကို ကာကွယ်ပြောဆိုလျက်ရှိပြီး ဥပဒေချိုးဖောက်သူများကိုသာ အရေးယူနေသည်ဟု ပြောဆိုထားသည်။

Western News သတင်းဌာန အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုကလည်း စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲလိုက်ပြီး‌နောက် ရခိုင်ဒေသတွင်းမီဒီယာများကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

“အဓိက စစ်ကောင်စီက ရခိုင်မှာ ဘာတွေလုပ်နေတယ်၊ ဘာတွေဖြစ်နေတယ်၊ ပြည်သူတွေ ဘာအခက်အခဲဖြစ်နေတယ်ဆိုတာကို ရခိုင်က မီဒီယာတွေက တင်ပြ၊ ဖော်ပြ ရေးသားကြတာဖြစ်တယ်။ ဒီအပေါ်မှာ စစ်တပ်က အကျိုးစီးပွားတစ်ခုခု ထိခိုက်ရင် အဓိက မီဒီယာတွေကို ရန်သူလို ပစ်မှတ်ထားတာပေါ့။ ပြည်တွင်းက မီဒီယာတွေသာမက ပြည်ပက မီဒီယာတွေလည်း ခြိမ်းခြောက်ခံနေရတာပါ” ဟု သူက မှတ်ချက်ပြုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် သတင်းမီဒီယာတိုက်များကို ဝင်ရောက်စီးနင်းခြင်း၊ သတင်းသမားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများကို စစ်ကောင်စီက ပေါ်ပေါ်တင်တင် ကျူးလွန်ခဲ့ပြီး မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် ဆုံးရှုံးနေသည်။ 

Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးကို “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်တပ်တပ်ရင်းတစ်ခု၏ တောင်ကုန်းတွင် အလံဖြူထောင်ထားသည်” ဆိုသည့် သတင်းနှင့် ပတ်သက်၍ ၂၀၂၂ ဇန်နဝါရီလ ၂၂ တွင် ဗိုလ်မှူးဘုန်းမြင့်ကျော်က နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ၁၂၄-က ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲထားသည်။

အလားတူ DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို ၂၀၁၉  မေလ ၁၁ ရက်နေ့တွင် သတင်းတပ်ဖွဲ့ (SB) က တရားလိုပြုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၂) ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

DMG သတင်းဌာန၏ ဒု-တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် အမျိုးသမီးသတင်းထောက်ဟောင်း မနှင်းနွယ်တို့ကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က စစ်တွေမြို့ အမှတ် (၂) ရဲစခန်းတွင် ဗိုလ်မှူးဘုန်းမြင့်ကျော်က အမှုဖွင့်ထားသည်။

လက်ရှိတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတင်းသမား ၅၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး တချို့မှာ ထောင်ဒဏ်ကျခံနေရကာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ ၊ ထောင်ဒဏ်နှစ်ရှည်ချနိုင်သော အကြမ်းဖက်မှုပုဒ်မတို့ဖြင့် အမှုဖွင့်ခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button