သတင်း

ဆရာတော်ဦးသောဘိတကို ၆၆ (ဃ) ဖြင့် စွဲချက်တင်ရန်အမိန့်ချ

လူမှုကွန်ရက်ပေါ်တွင် တပ်မတော်ကို ပုတ်ခတ်ရေးသားသည်ဟုဆိုကာ ရွှေဝါရောင်ဆရာတော် ဦးသောဘိတအား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုထားသည့်အမှုကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တရားရုံးက စွဲချက်တင်ရန် အမိန့်ချလိုက်သည်။

အလင်္ကာကြယ်ဟုလည်း လူသိများသည့် ဆရာတော်ဦးသောဘိတသည် တပ်မတော်နှင့် တပ်မတော်သားများ၏ ဂုဏ်သိက္ခာကျဆင်းစေသော အရေးအသားများကို Facebook ပေါ်တွင် ရေးသားခဲ့ကြောင်း စွပ်စွဲချက်ဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက တရားလိုပြုလုပ်ကာ ၂၀၁၈ စက်တင်ဘာလအတွင်း အမရပူရမြို့နယ်ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။ 

တပ်မတော်၏ စွပ်စွဲချက် ခိုင်လုံမှုရှိမရှိ တရားရုံးက နှစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် အဆိုပါစွပ်စွဲချက်ဖြင့်ပင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ယနေ့ (ဩဂုတ် ၂၇) တွင် အမိန့်ချမှတ်ခဲ့ပြီး နောက်တစ်ကြိမ်ရုံးချိန်းအဖြစ် စက်တင်ဘာ ၁၀ ရက်ကို ချိန်းဆိုထားသည်။ 

ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သည့် ၆၆ (ဃ) ဖြင့် တပ်မတော်က စွဲဆိုရာတွင် ကိုယ်စားလှယ်လွှဲစာမပါရှိဘဲ တပ်မတော်က စွဲဆိုသည့် အလားတူအမှုများတွင်လည်း ကာယကံရှင်ကိုယ်တိုင် စွဲဆိုခြင်းမဟုတ်ကြောင်း ရွှေဝါရောင်ဆရာတော် ဦးသောဘိတက မိန့်သည်။ 

၂၀၁၇ တွင် ထပ်မံပြင်ဆင်လိုက်သည့် ဆက်သွယ်ရေးဥပဒေတွင် “ပုဒ်မ ၆၆ (ဃ) ပါ ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်းပြုကြောင်း သက်ဆိုင်ရာနစ်နာသူကိုယ်တိုင်ဖြစ်စေ၊ ထိုသူ၏ ကိုယ်စားလွှဲအပ်ခြင်းခံရသူကဖြစ်စေ တိုင်တန်းချက်မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်းမပြုရ” ဟု ပြဋ္ဌာန်းပါရှိသည်။ 

“ဥပဒေကြောင်းအရကြည့်ရင် အဖြေကရှင်းတယ်။ ဒါပေမယ့် အဲဒါကိုစွဲချက်တင်တယ်။ သက်ဆိုင်ရာ စစ်ဆေးရေးဌာနတွေက ဦးဇင်းအပ်တဲ့ဖုန်းကို စစ်ဆေးတဲ့အခါမှာ ဒါဟာ ဦးဇင်းဖြစ်ပါတယ်ဆိုတာ သက်သေမခံနိုင်ဘူး” ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။ 

ဆရာတော်၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကမူ စွဲချက်တင်သည့်ပေါ် ကျေနပ်မှုမရှိပါက အထက်ရုံးသို့တက်ရုံသာရှိပြီး ယင်းမှာ ဥပဒေအရအခွင့်အရေးတစ်ရပ်ဖြစ်သလို တစ်ဖက်တွင်လည်း တရားရုံးများအနေဖြင့် ဤကဲ့သို့ အမှုမျိုးကို စွဲချက်အဆင့်တွင် လွှတ်ပေးသော အလေ့အထနည်းပါးကြောင်း ရှင်းပြသည်။ 

“ဘာဖြစ်လို့လဲဆိုတော့ စွဲတဲ့သူရဲ့ ပါဝါလည်း ရှိတာပေါ့။ သူက စစ်တပ်ပေါ့” ဟု ၎င်းက ဆိုသည်။ 

တရားလိုဖြစ်သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းသည် ယနေ့ တရားရုံးသို့ လာရောက်ခဲ့ခြင်း မရှိပေ။ 

သက်တော် ၄၀ ရှိ ဆရာတော်ဦးသောဘိတကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) သို့ ဦးတည်သည့် တိုင်တန်းချက်များဖြင့်လည်း ၂၀၁၉ နိုဝင်ဘာတွင် ထပ်မံတရားစွဲဆိုခဲ့သည်။ သို့သော် ယင်းစွဲချက်များကို အမရပူရမြို့နယ်တရားရုံးနှင့် မန္တလေးတိုင်းတရားရုံးတို့က ၂၀၂၀ ဧပြီနှင့် မေလတွင် အသီးသီးပယ်ချခဲ့သည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးက သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ (က) ဖြင့် ဦးသောဘိတကို ကရင်ပြည်နယ် မြဝတီမြို့မရဲစခန်း၌ အမှုဖွင့်ထားရာ အမှုနှစ်ခုကို လက်ရှိရင်ဆိုင်နေရသည်။ 

ဦးသောဘိတသည် ယခင်က အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်တွင် သီတင်းသုံးခဲ့ပြီး အမှုစတင်ရင်ဆိုင်ရသည့် ၂၀၁၈ စက်တင်ဘာ ၂၅ ရက်မှစ၍ ယင်းကျောင်းတိုက်မှ အပပြု (နှင်ထုတ်) ခြင်း ခံခဲ့ရသည်။ ယခုအခါ ဆရာတော်သည် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာ၊ မင်္ဂလာမြန်မာကျောင်း၌ သီတင်းသုံးလျက်ရှိသည်။

Show More

Related Articles

Back to top button