
စစ်ကောင်စီတပ်က အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးပြီး ထောင် ၂ နှစ်ချခဲ့သည့် မန္တလေးမြို့မှ ဘဝအလင်းဆရာတော် ဦးသောဘိတ (ခေါ်) အလင်္ကာကြယ်ကို အောက်တိုဘာ ၂၇ တွင် အခြားအမှုတစ်ခုဖြင့် ထောင် ၂ နှစ် ထပ်မံ ချမှတ်လိုက်သည်ဟု ရှေ့နေများထံမှ သိရသည်။
နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ကဖြင့် စွဲဆိုထားသည့် ထိုအမှုကို လိုက်ပါဆောင်ရွက်ခွင့် ကြိုးစားစဉ် စီရင်ချက်ချခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဆန်းညွန့်ဝေက ပြောသည်။
“ထောင်အာဏာပိုင်တွေက ဒီဆရာတော်က နာမည်ကြီးတယ်၊ အထက်ကို တင်ရမယ်ဆိုပြီး စောင့်ခိုင်းပါတယ်။ စောင့်နေရင်းနဲ့ ကျွန်တော် ထောင်ကို (အမှုလိုက်လို့) ရပြီလား၊ ရပြီလားနဲ့ မေးပေမဲ့ မရခဲ့ပါဘူး”ဟု ရှေ့နေက ဆိုသည်။
အိုးဘိုအကျဉ်းထောင်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့်လည်း ထောင်တွင်းတရားရုံးကို ဝင်ရောက်ခွင့်ကန့်သတ်ခံနေရသည်ဟု မန္တလေးရှေ့နေများထံမှ သိရသည်။
စစ်တပ်က ဖွင့်ခဲ့သည့် ပုဒ်မ ၅ဝ၅ (ခ) အမှုကို ၂၀၁၉ တွင် အမရပူရမြို့နယ်တရားရုံးနှင့် တိုင်းတရားရုံးက ပယ်ချခဲ့ပြီးဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလဆန်းတွင် ၅၀၅-က ဖြင့် အမှုပြန်ဖွင့်ခဲ့ခြင်း ဖြစ်သည်။
ပထမအမှုမှာလည်း စစ်တပ်ကပင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

၆၆ (ဃ) အမှုတွင် အမရပူရမြို့နယ်တရားရုံးက အာမခံပေးကာ သက်သေများ စစ်ဆေးနေခြင်းဖြစ်သော်လည်း အာဏာသိမ်းချိန်၌ ချက်ချင်းအဖမ်းခံရပြီး နောက်တစ်နေ့တွင် စီရင်ချက်ချခြင်းဖြစ်သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။
“တရားခံပြသက်သေတွေ စစ်ဆေးနေချိန်ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းခံလိုက်ရပြီးတော့ ၂ ရက်နေ့မှာ ရင်ဆိုင်ဆဲအမှု ၆၆(ဃ) ကို ထောင်ဒဏ် ၂ နှစ် ချခံလိုက်ရတာပါ” ဟု ဒေါ်ရွက်နုအောင်က ပြောသည်။
ထိုအမှုမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်းက ဆရာတော်ကို တပ်နှင့် စစ်သားများသိက္ခာကျစေရန် Facebook တွင် ရေးသားသည်ဟု ဆိုကာ ဖွင့်ခဲ့သော အမှုဖြစ်သည်။
၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှစ၍ စစ်ဗိုလ်ချုပ်များကို ထောက်ပြဝေဖန်ခဲ့သည့် ဦးသောဘိတသည် ဘဝအလင်းစာကြည့်တိုက်ကို တည်ထောင်ထားသူလည်းဖြစ်သည်။
၂၀၂၀ ဩဂုတ်တွင်လည်း သီတဂူဆရာတော်နှင့် ဓမ္မဒူတအရှင်ဆေကိန္ဒတို့ကို လူမှုကွန်ရက်ပေါ်တွင် ပုတ်ခတ်ရေးသားခဲ့သည်ဆိုကာ မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟ အသင်းဝင်တစ်ဦးက ဦးသောဘိတကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅-က ဖြင့် ကရင်ပြည်နယ် မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)