
တပ်မတော်ဂုဏ်သိက္ခာကျဆင်းအောင် Facebook ပေါ်တွင် ရေးသားသည်ဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသော ဆရာတော်ဦးသောဘိတအမှုတွင် တရားလိုပြသက်သေ ဗိုလ်မှူးမြင့်ဇော်လင်းကို အမရပူရမြို့နယ်တရားရုံး၌ ယနေ့ (အောက်တိုဘာ ၁၀ ရက်) စစ်ဆေးခဲ့သည်။
“ဒီနေ့ (တရားလိုပြသက်သေ) ဗိုလ်မှူးမြင့်ဇော်လင်းကို စစ်တယ်။ ဘာတွေစစ်ဖြစ်လဲဆိုတော့ အမှုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကိုယ်စားလှယ်လွှဲစာ မပါတာရယ်၊ တိုင်းမှူးရဲ့ ကိုယ်စားလှယ်လွှဲစာက တရားခွင်မှာ နှစ်စောင်ဖြစ်နေတာရယ်၊ နှစ်စောင်လုံးမှာ ရှာဖွေပုံစံ မပါဘူး၊ ဒါတွေကို မေးပါတယ်”ဟု ဆရာတော်၏ရှေ့နေ ဒေါ်ရွက်အောင်က ပြောသည်။
၂၀၀၇ ရွှေဝါရောင် အရေးအခင်းတွင် ပါဝင်ခဲ့ပြီး“အလင်္ကာကြယ်” ဟုလည်း လူသိများသည့် ဦးသောဘိတအား အရေးယူပေးရန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်သူ့စစ်မှ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်ကတည်းက အမရပူရ မြို့မရဲစခန်းသို့ တိုင်ကြားထားခြင်းဖြစ်သည်။
“၆၆ (ဃ) မှာ ဥပဒေအရ သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ကိုယ်စားလှယ်လွှဲစာ ပါရမယ်လို့ ဥပဒေအရ ဦးဇင်းတို့ သိထားတယ်။ အခုအမှုမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်လွှဲစာ မပါဘူးဆိုတော့ စဉ်းစားစရာပေါ့” ဟု
ဩစတြေးလျနိုင်ငံတွင် သီတင်းသုံးနေသော ဦးသောဘိတက မိန့်သည်။
သက်တော် ၃၇ နှစ်အရွယ် ဦးသောဘိတမှာ ၎င်း၏ Facebook စာမျက်နှာတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုရေးအဖွဲ့မှ မြတောင်ကျောင်းတိုက်အတွင်း ဆေးကုသနေမှုအား “စေတနာတွေ မှန်ကန်ဖို့လိုတယ်” ခေါင်းစဉ်ဖြင့် လူမှုကွန်ရက်တွင် ရေးသားဝေဖန်ခဲ့ခြင်း နှင့် ၂၀၁၈ စက်တင်ဘာလ ၁၁ ရက်နေ့တွင် “တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်” ဆိုသည့် ဗီနိုင်းဆိုင်းဘုတ်၏နောက်တွင် ခြေအတု တပ်ဆင်ထားသော စစ်မှုထမ်းဟောင်းပုံအားတင်ပြီး “တပ်မတော်က မစွမ်းဘဲခိုးတော့ တိုင်းပြည် မွဲတာပေါ့” ဟု ရေးသားခြင်းတို့အတွက် တိုင်ကြားခံရခြင်းဖြစ်သည်။
- မန္တလေးမှ ဆရာတော် ဦးသောဘိတကို တပ်က အမှု နှစ်ခုဖွင့်
- “သူတို့ဖွဲ့ပေးထားတဲ့ သံဃာ့နာယကကို စစ်တပ်ဟာ ဘယ်တုန်းကမှ မလေးစားခဲ့ဘူး” (အင်တာဗျူး)
ထို့အပြင် ၂၀၁၈ စက်တင်ဘာလ ၁၆ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နို့စား နွားမွေးမြူရေးခြံ တစ်ခုအတွင်း မွေးမြူရေးလုပ်ငန်းများ စစ်ဆေးနေသည့်ပုံအား “နွားခြံထဲနွားဝင်နေသည်” ဟု ရေးသားခဲ့မှုလည်း တိုင်ကြားထားချက်များတွင် ပါရှိသည်။
ဆရာတော်၏ အဆိုပါရေးသားဝေဖန်ချက်များမှာ တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဗိုလ်မှူးကြီးမျိုးခိုင်ဝင်းက တရားလိုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် ဗိုလ်မှူးမျိုးခိုင်ဝင်းအား စတင်စစ်ဆေးခဲ့ပြီး ဆရာတော်အား လိုအပ်မှသာ တရားရုံးလာရန် အမိန့်ချခဲ့သည်။
ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင် ၂ နှစ် အထိ ချမှတ်နိုင်သည့် အဆိုပါအမှုကို လာမည့်အောက်တိုဘာ ၂၄ ရက်နေ့တွင် ထပ်မံကြားနာမည်ဖြစ်သည်။