လေတပ်မှ အရာရှိနှင့် စစ်သည် အများအပြားထွက်ပြေးနေပြီး စုစုပေါင်း ၈၀ ခန့်ရှိသည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးက Myanmar Now ကို ယနေ့ (မေ ၃) ညနေပိုင်းတွင် ပြောသည်။
တံတားဦး၊ နမ့်စမ်၊ မြစ်ကြီးနား၊ ပုသိမ်၊ မင်္ဂလာဒုံနှင့် တောင်ငူလေတပ်စခန်းဌာနချုပ်များမှ အရာရှိစစ်သည်များမှာ မတ်လကတည်းက ထွက်ပြေးနေခြင်းဖြစ်ပြီး ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း ၎င်းက ပြောသည်။
“CDM လို့တော့ မကြေညာကြဘူးပေါ့။ ဒီအတိုင်းပဲပြေးတာ။ အဲဒီအရေအတွက် (၈၀) တော့ ရှိတယ်” အထက်ပါ ဗိုလ်ကြီးက ပြောပြီး အရာရှိ သုံးဦးပါဝင်ကာ ကျန်သူများမှာ အခြားအဆင့်ဖြစ်ကြောင်းဆိုသည်။
လေတပ်ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်သည် ၈၀ ကို တပ်ပြေးအဖြစ် ကြေညာထားသည်ဟု CDM တွင်ပါဝင်နေသူ တပ်မတော် (လေ) မှ တပ်ကြပ်ကြီးအောင်ဇေယျက ဧပြီ ၁၁ တွင် Myanmar Now ကို ပြောကြားထားသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ် လေတပ်မှတ်တမ်းရုံးတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီးအောင်ဇေယျသည် ဧပြီလဆန်းကတည်းက CDM တွင် ပါဝင်ခဲ့ပြီး လက်ရှိတွင် လုံခြုံရာ၌ ခိုလှုံနေကြောင်း သိရသည်။
“ရှင်းရှင်းပြောရင် အစောကြီးကတည်းက ကျွန်တော် မကြိုက်ဘူးဗျ။ ကိုယ့်အလုပ်ကိုယ်လုပ်တာပဲ ကြိုက်တယ်ဗျ။ စစ်သားဆို စစ်သားအလုပ်ပဲလုပ်။ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ လူတတ်ကြီးတွေ၊ နိုင်ငံရေးမှာဝင်ပြီး ကိုယ်လုပ်မှပဲ တိုင်းပြည်ကြီး ကောင်းတော့မယ့် ပုံစံမျိုးနဲ့ နဂိုကတည်းက ကြည့်မရဘူး” ဟု လေတပ်ကို ကျောခိုင်းစွန့်ခွာခဲ့သည့် အကြောင်းကို တပ်ကြပ်ကြီးအောင်ဇေယျက ပြောသည်။
လေတပ်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိစစ်သည်များ ထွက်ပြေးနေခြင်းနှင့် ပတ်သက်၍ တပ်ကြပ်ကြီးအောင်ဇေယျကို Myanmar Now က ယနေ့ (မေ ၃) ညနေပိုင်းတွင် ထပ်မံဆက်သွယ်မေးမြန်းရာတွင် “၂၀၂၁ မှာ ထွက်ပြေးတဲ့လူတွေအကုန်လုံးကို သူတို့က ပရင့် (Print) ထုတ်ပြီး စာရွက်ဓာတ်ပုံတွေနဲ့ လေတပ်ဌာနချုပ်တွေမှာ ကပ်ထားတာ” ဟု ပြောသည်။
ထွက်ပြေးသူများမှာ အယောင်ဆောင်ပြီး တပ်ထဲပြန်ဝင်လာမည် စိုးရိမ်သောကြောင့် ထိုသို့ကပ်ထားခြင်းဖြစ်ကြောင်း နေ့စဉ်တန်းစီချိန်တွင် မတွေ့ရှိပါက ခွင့်မဲ့ပျက်ကွက်စာရင်းသွင်းပြီး ၂၁ ရက်အကြာတွင် တပ်ပြေးစာရင်းသွင်းလေ့ရှိကြောင်းလည်း ၎င်းက ပြောသည်။
စစ်အာဏာသိမ်းမှုကို မလိုလားသောကြောင့် တစ်နိုင်ငံလုံးရှိ လေတပ်စခန်းဌာနချုပ်များမှ ထွက်ပြေးနေသူ တပ်ဖွဲ့ဝင် ၈၀ ကျော်ရှိကြောင်း၊ လေတပ်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကလေ) က ဧပြီ ၉ ရက်နေ့ တွင် စာထုတ်ပြန်ထားကြောင်း မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်က တပ်သားတစ်ဦးကလည်း ဧပြီ ၁၀ ရက်နေ့တွင် Myanmar Now ကို ဆက်သွယ်ပြောကြားခဲ့သည်။
“ကျွန်တော်ကတော့ အာဏာသိမ်းမခင်ကတည်းက ထွက်ပြေးလာတာ၊ လုံးဝ မခံနိုင်တော့လို့။ ကျွန်တော်က စက်မှုလက်မှုသင်တန်းဆင်းပါ။ လေတပ်မှာတော့ တံမြက်စည်းလှဲ၊ အမှိုက်ကျုံးပဲ လုပ်ရတယ်” ဟု မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် (ဒလခ) တွင် တာဝန်ထမ်းဆောင်နေသူ အဆိုပါ တပ်သားက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီး နှစ်လကျော်အတွင်း လေတပ်မှ ထွက်ပြေးနေသူများမှာ မင်္ဂလာဒုံ၊ မိတ္ထီလာ၊ မကွေးနှင့် အခြားလေတပ်စခန်းများမှဖြစ်ကြောင်း၊ စစ်ပြေးအများစုသည် တပ်သားအဆင့်ဖြစ်ပြီး တပ်ကြပ်ကြီးအဆင့်ရှိသူများလည်း ပါဝင်ကြောင်း အဆိုပါ တပ်သားက ပြောသည်။
လေတပ်တွင် တာဝန်ထမ်းဆောင်နေသည်မှာ ၂ နှစ်ကျော်ရှိပြီဖြစ်သည့် အသက် ၂၅ နှစ်အရွယ် အဆိုပါ တပ်သား၏ ကိုယ်ပိုင်အမှတ်နှင့် အမည်ကိုမူ ၎င်း၏လုံခြုံရေးအတွက် ဤနေရာတွင် ဖော်ပြနိုင်ခြင်း မရှိပေ။
“နိုင်ငံတော်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ပြီး ဆီခိုးထုတ်နေတဲ့အကြောင်းလည်း ပြောချင်တယ်။ ဒလခ မှာ အခု Mig-29 (တိုက်လေယာဉ်) တွေ မရှိတော့ဘူး။ F-7 (ကြားဖြတ်တိုက်လေယာဉ်) အစုတ်တွေနဲ့ Y-8 (လေတပ်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်) တွေပဲရှိတယ်။ နေ့စဉ် ဆီခိုးထုတ်ရောင်းတာက ကင်တာကားသုံးစီး အနည်းဆုံးပဲ” ဟု အဆိုပါ တပ်သားက ပြောသည်။
ဒလခဟု အတိုကောက်ခေါ်ဝေါ်သည့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် လေယာဉ်ဆီခိုးထုတ်ရောင်းခြင်းနှင့် အခြားသော အလွဲသုံးစားမှုများကို တာဝန်ခံဆောင်ရွက်နေသူမှာ စက်မှုလက်မှုတပ်မှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ကျော်မင်းထိုက်ဆိုသူဖြစ်ပြီး ၎င်း၏ လက်ထောက်မှာ မြေပြင်ပစ္စည်းထိန်း တာဝန်ခံ အရာခံဗိုလ်ကျော်ဝင်းဖြစ်ကြောင်း အဆိုပါ တပ်သားက ပြောသည်။
“တပ်ထဲမှာ လုံးဝတရားမျှတမှု မရှိဘူး။ တပ်သားတွေက လုံးဝအနှိမ်ခံပါ။ ဒလကရိပ်သာ (လူပျိုဆောင်) သွားကြည့်လိုက်၊ မိုးမလုံဘူး။ လေယာဉ်ဆီခိုးထုတ်ပြီး ရောင်းရတဲ့ငွေတွေနဲ့ ဆန်အိတ်တွေ၊ ဆီပုံး (စားသုံးဆီပုံး) တွေကို သင်္ဃန်းကျွန်းမှာရှိတဲ့ လေချုပ်သားအိမ် (ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ သားဖြစ်သူနေထိုင်သည့်အိမ်) သွားပို့ရဖူးတယ်။ ရွှေပြည်သာမှာရှိတဲ့ လေတပ်ကွပ်ကဲရေးအရာရှိ ညိုထွန်းအောင်အိမ်ကိုလည်း သွားပို့ဖူးတယ်” ဟု ၎င်းက ပြောသည်။
လေတပ်တွင် အသုံးပြုနေသော တိုက်ခိုက်ရေးနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် ရဟတ်ယာဉ်အများစုမှာ အဟောင်းအနွမ်းများဖြစ်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ဂျက်အင်ဂျင်တပ် အသစ်စက်စက်လေယာဉ်ကို အသုံးပြုကြောင်းလည်း အဆိုပါတပ်သားက ပြောသည်။