ဆောင်းပါး

တပ်တွင်းပုန်ကန်မှုကို ဦးတည်နေသည့် စစ်အာဏာသိမ်းမှု

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာ့တပ်မတော်အတွင်း ဖိနှိပ်မှုများ၊ မညီမျှမှုများ၊ ဆန္ဒပြပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေမှုများကို မနှစ်မြို့သည့် အရာရှိပိုင်းနှင့် အောက်ခြေတပ်သားတချို့သည် စစ်ကောင်စီကို အန်တုသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာနေကြသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ရန်ကုန်တွင် မွေးဖွားကြီးပြင်းလာခဲ့သူ အသက် ၂၉ နှစ်အရွယ် ဗိုလ်ကြီးလင်းထက်အောင်သည် ၎င်းတာဝန်ကျသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံတိုင်းစစ်ဌာနချုပ်ကို စွန့်ခွာပြီး CDM တွင် ပါဝင်နိုင်ရန် အချိန် ၁ လကျော်ကြာ ပြင်ဆင်ခဲ့ရသည်။

CDM တွင် ပါဝင်လိုသူ တပ်မတော်သား အများအပြားရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တည်ထောင်မည့် တပ်မတော်တစ်ရပ် ပေါ်ပေါက်လာပါက တပ်ရင်း၊ တပ်ဖွဲ့အလိုက်ပင် ပူးပေါင်းပါဝင်လာနိုင်သည်ဟု ၎င်းက  Myanmar Now ကို ပြောသည်။

“အဓိကကတော့ သူတို့မှာ လက်နက်ပဲ ရှိပါတယ်။ လက်နက်ဆိုတာကလည်း လူရှိမှ ပစ်လို့ရပါတယ်။ လူလည်း လုံလောက်တဲ့ အင်အားမရှိပါဘူး” ဟု စစ်တက္ကသိုလ်အပတ်စဉ် ၅၄ ကျောင်းဆင်း ဗိုလ်ကြီးလင်းထက်အောင်က ရှင်းပြသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်မတော်ကို စွန့်ခွာလိုသူ တပ်မှူး၊ တပ်သားများစွာ ရှိနေပြီး တပ်တွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်ဟု တပ်ကို စွန့်ခွာလာသူ CDM စစ်သည်များက Myanmar Now ကို တစ်ညီတစ်ညွတ်တည်းပြောသည်။

ဗိုလ်ချုပ်ကြီးများနှင့် စစ်အသုံးစရိတ်

အစဉ်အလာကြီးမားသည့် မြန်မာ့တပ်မတော်သည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၃၈ နေရာတွင်ရှိနေပြီး စစ်အသုံးစရိတ်မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ဘီလျံဝန်းကျင်ထိ သုံးစွဲထားကြောင်း Myanmar Now ၏ ဆောင်းပါးရှင် အေးချမ်းက “တပ်မတော်ကို အင်အားချည့်နဲ့စေတဲ့ တရားခံက ဘယ်သူလဲ” ဟူသည့် ဆောင်းပါးတွင် ဖော်ပြထားသည်။

သို့သော်လည်း မြန်မာ့တပ်မတော်မှာ အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုးနီးရှား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် နိမ့်ကျနေကြောင်း၊ ထိုနိုင်ငံများနှင့် စစ်အသုံးစရိတ် ကွာဟမှုမရှိသော်လည်း မြန်မာ့တပ်မတော်မှာ အင်အားချည့်နဲ့နေကြောင်း ဆောင်းပါးရှင်က သုံးသပ်ထားသည်။

ဗိုလ်ချုပ်ကြီးတို့တည်ထောင်ခဲ့သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ အမြတ်အစွန်းမှာ ၂၀၁၁ ခုနှစ် တစ်နှစ်တည်းတွင် အမေရိကန်ဒေါ်လာ ၄၈ သန်းအထိ ရှိနေပြီး တပ်ပိုင်လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ အမြတ်ငွေများနှင့်ပါ တွက်ချက်ကြည့်ပါက တပ်မတော်သားများမှာ သာမန်ပြည်သူလူထုထက် အဆများစွာ ချမ်းသာကြွယ်ဝနေရမည်ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

သို့သော်လည်း လက်တွေ့တွင်မူ တပ်မတော်သားများမှာ ကိုယ့်ရိက္ခာအတွက် ကိုယ်တိုင် စိုက်ပျိုးမွေးမြူ လုပ်ကိုင်စားသောက်နေရပြီး မပြည့်စုံသည့် လက်နက်ခဲယမ်းများကိုသာ အသုံးပြုနေရကြောင်း၊ ဒေါ်လာသန်းပေါင်းများစွာမှာ စစ်ဗိုလ်ချုပ်ကြီးများ၏ ပိုင်ဆိုင်မှုအဖြစ်သို့ ပြောင်းလဲသွားကြောင်း ဆောင်းပါးရှင်က သုံးသပ်သည်။

“ပြည်သူတွေကို နေ့စဉ် ရက်ရက်စက်စက်သတ်ဖြတ်၊ ပစ္စည်းတွေ လုယက်နေတဲ့ စစ်တပ်ဟာ စစ်တပ်တစ်ခုရဲ့ အင်္ဂါလက္ခဏာတွေ မရှိတော့ပါဘူး။ အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ ခါးပိုက်ဆောင်ကြေးစားတပ်နဲ့ ပိုပြီးဆင်တူလာပါတယ်” ဟု ဆောင်းပါးရှင်က သုံးသပ်ထားသည်။

ခေတ်သစ်ကျွန်စနစ်

ဆောင်းပါးရှင်သုံးသပ်သကဲ့သို့ပင် မြန်မာ့တပ်မတော်သည် ဖွဲ့စည်းပုံအရသာမက စိတ်ဓာတ်ပိုင်းတွင်လည်း ပျက်စီးနေပြီဖြစ်သည်ကို CDM တွင် ပါဝင်လာသူ တပ်မတော်အရာရှိများက ဝန်ခံကြသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ကျောင်းဆင်း ဗိုလ်ကြီးထွန်းမြတ်အောင်သည် ရန်ကုန်ရှိ ဆန္ဒပြသူများကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းရာတွင် နာမည်ကျော်သည့် ခြေမြန်တပ်မ ၇၇၏ တပ်စုမှူးတစ်ဦးဖြစ်သည်။

တပ်မတော်အရာရှိများ ရာထူးတိုးရန်အတွက် တပ်သားသစ်စုဆောင်းရေးမှာ အရေးပါသည့်အချက်ဖြစ်သည်။ တပ်အရာရှိများက တပ်သားသစ်များရရှိရန် ငွေပေးပြီး ဝယ်ယူနေကြရသည်ဟု ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောသည်။

“ကိုယ်တိုင်မစည်းရုံးဘဲနဲ့ ပိုက်ဆံပေးပြီးတော့ သူများနဲ့စုခိုင်းတာတို့ ကျွန်လိုမျိုးဝယ်တဲ့အထိပါ ဖြစ်လာတာ” ဟု ၎င်းက တပ်သားသစ်ရရှိရေး ကြိုးစားသည့်အခြေအနေကို ရှင်းပြသည်။

နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများကိုလည်း စစ်အင်အားသုံးဖြေရှင်းနိုင်သည့် အခြေအနေမရှိတော့၍ လက်နက်ကိုင်တပ်ဖွဲ့နှင့် တိုက်ခိုက်နေရသည့် အချိန်တွင် အခြားလက်နက်ကိုင်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲနေရသည်အထိ အင်အားချည့်နဲ့နေသည်ဟု ၎င်းက သုံးသပ်ပြသည်။

“နိုင်ငံနဲ့ စစ်တပ် နှစ်ခုထဲက တစ်ခု ရွေးခိုင်းမယ်ဆိုရင် ဘာကိုရွေးမလဲ။ ကျွန်တော်ကတော့ မတိုက်တွန်းချင်ဘူး။ တိုက်တွန်းလို့လည်း ရမယ်မထင်ဘူး။ အဲ့ဒီမေးခွန်းလေးပဲ ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်ပါ” ဟု တပ်မတော်အတွင်း ကျန်ရှိနေသည့် ၎င်း၏ ရဲဘော်၊ ရဲဘက်များကို ၎င်းက တိုက်တွန်းလိုက်သည်။

တပ်တွင်းအကျပ်အတည်း

မြန်မာ့လွတ်လပ်ရေးသမိုင်း၏ အဓိကမှတ်တိုင်တစ်ခုဖြစ်သည့် ဖက်ဆစ်တော်လှန်ရေးနေ့ မတ် ၂၇ တွင် ကရင်ပြည်နယ် ဖာပွန်မြို့အနီးရှိ သီးမူထာအခြေစိုက်စခန်း ခြေမြန်တပ်ရင်း ခမရ ၃၄၉ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ က တိုက်ခိုက်သိမ်းပိုက်ပြီး တပ်မတော်သား ၈ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

ထို ၈ ဦးအနက် အသက် ၂၂ နှစ်အရွယ် ဒုတပ်ကြပ်ဇော်မင်းမှာ ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ဆိပ်ကြီးခနောင်တိုဇာတိဖြစ်သည်။

“စစ်တပ်ကိုလည်း ဘယ်တော့မှ မပြန်ချင်တော့ဘူး။ ပြန်ပို့ခံရရင် ထောင်ချရင်ချ၊ မချရင် သတ်ကြမှာပဲ။ မိသားစုကိုလည်း ထုံးစံအတိုင်း စစ်တန်းလျားကနေ မောင်းချကြမှာပါပဲ”ဟု ၎င်းက ပြောသည်။

သုံ့ပန်းများမှာ စစ်တပ်ကို ပြန်ပို့ခံရမည်ကို စိုးရိမ်သကဲ့သို့ပင် တပ်မတော် နောက်တန်းတပ်စခန်းများရှိ မိသားစုဝင်များမှာလည်း တပ်စခန်းပြင်ပသို့ ထွက်ခွာခွင့်မရှိဘဲ ပြင်ပလောကနှင့် အဆက်ပြတ်နေကြသည်။

တပ်မတော်အရာရှိများနှင့် မိသားစုဝင်များမှာ အကျယ်ချုပ်ကျနေရသကဲ့သို့ ဖြစ်နေကာ အင်တာနက်ဖြတ်တောက်ခံထားရပြီး ၎င်းတို့၏ မှတ်ပုံတင်များလည်း သိမ်းဆည်းခံထားရသည်ဟု ဗိုလ်ကြီးညီသုတက ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ကို ဧပြီ ၂၂ က ဖြေကြားထားသည်။

“အထဲမှာရှိနေတဲ့သူတွေဟာ ထောင်တစ်ခုထဲမှာ နေနေရသလိုမျိုး။ ခေတ်သစ်ကျွန်စနစ်တစ်ခုထဲမှာ နေနေရသလိုမျိုး သူတို့တွေဟာ တပ်ပြင်ပကို ထွက်ခွင့်မရှိပါဘူး”ဟု ၎င်းက ပြောသည်။

ဗိုလ်ကြီးညီသုတမှာ စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ကျောင်းဆင်းဖြစ်ပြီး နေပြည်တော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးချုပ်၊ ထုတ်လုပ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးတပ်တွင် တာဝန်ထမ်းဆောင်နေရာမှ CDM တွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

CDM တွင် ပါဝင်သော်လည်း တရားဝင်ကြေညာထားခြင်းမရှိသေးသည့် တပ်မတော်သားအများအပြားလည်း ရှိနေပြီး ၎င်းတို့၏ မိသားစုများမှာလည်း ခြိမ်းခြောက်အကျပ်ကိုင်ခံနေရသည်ဟု ဗိုလ်ကြီးညီသုတက ပြောသည်။

“မကျေနပ်မှုတွေကြားထဲကမှ နေသားကျအောင်နေခဲ့ရတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် မကျေနပ်မှုတွေက ပုံစံတစ်မျိုးနဲ့ ကွယ်ပျောက်သွားကြတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက မြန်မာ့တပ်မတော်၏ အောက်ခြေတပ်မတော်သားများမှာ အစွန့်ပစ်၊ အသုံးချခံ၊ စတေးခံများ ဖြစ်နေပြီး အထက်ခေါင်းဆောင်များ၏ ဦးဆောင်လမ်းညွှန်မှု၊ အဖွဲ့အစည်း၏ ဖေးမပံ့ပိုးမှုမရှိဘဲ အမိန့်သက်သက်ဖြင့်သာ စစ်မြေပြင်သို့ ရောက်နေကြခြင်းဖြစ်ကြောင်း၊ ဆိုရှယ်မီဒီယာအသုံးပြုခွင့်မရှိဘဲ မိသားစု ၊ မိတ်ဆွေ ၊ သူငယ်ချင်းများနှင့်လည်း အဆက်အသွယ်ပြတ်နေကြကြောင်း Myanmar Now ကို ပြောသည်။

“ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ဆိုရင် ဒီရှေ့တန်းစစ်စခန်းတွေက စစ်သည် (တပ်ဗိုလ်၊ တပ်မှူးများအပါအဝင်) တွေက ကိုယ်ကျိုးစီးပွားကိုပဲကြည့်တဲ့ တပ်မတော်အကြီးအကဲများရဲ့ လူမဆန်တဲ့ အမိန့်ကိုသာ နာခံပြီး အကြမ်းဖက်စစ်တပ်အနေနဲ့ ဆက်လက်ရပ်တည်သွားမှာလား ရွေးချယ်ရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMတွင် ပါဝင်လာသူ တပ်အရာရှိအများစုမှာ စစ်တက္ကသိုလ်အပတ်စဉ် ၄၈၊ ၅၂၊ ၅၃ နှင့် ၅၄ တို့တွင် စစ်ပညာသင်ကြားလာသူများဖြစ်သည်။ 

ထိုတပ်အရာရှိများက တိုင်းရင်းသားလက်နက်ကိုင်တပ်များတွင် ခိုလှုံနေကြပြီး လိုအပ်လာပါက NUG က ဖွဲ့စည်းမည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တာဝန်ထမ်းဆောင်သွားမည်ဟု ဆိုသည်။ 

တပ်တွင်းပုန်ကန်မှုများ၏ အခြေအနေမှာ NUG က ဖွဲ့စည်းမည့် တပ်မတော်တစ်ရပ်၏ စစ်ရေးအခြေအနေပေါ်တွင် မူတည်နေပြီး ပြည်သူများတောင်းဆိုနေသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်မှာ မကြာခင်အချိန်တွင် ရရှိသွားမည်ဖြစ်သည်ဟု စစ်တက္ကသိုလ်အပတ်စဉ် ၄၈ ကျောင်းဆင်း ဗိုလ်မှူးဟိန်းသော်ဦးက Myanmar Now ကို ပြောသည်။

“အုတ်နံရံကို ခေါင်းနဲ့ မတိုက်နဲ့၊ တူနဲ့ထုရင် ပိုလွယ်တယ်။ (မြေကော်စက်) ဘတ်ဖိုးနဲ့ထိုးရင် ပိုလွယ်တာပေါ့” ဟု ၎င်းက ပြောသည်။

တပ်မတော်၏ အာဏာသိမ်းသည့် လုပ်ရပ်အပေါ် ကျေနပ်မှုမရှိသည့် စစ်ဗိုလ်ချုပ်များ အာဏာဖီဆန်ကြရန် NUG ကလည်း ဖိတ်ခေါ်ထားသည်။

ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲများနှင့် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည့် ဤကာလတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းသွားမည်ဖြစ်သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က Myanmar Now ကို ပြောသည်။

ဗိုလ်ကြီးလင်းထက်အောင်အပါအဝင် တပ်စခန်းအသီးသီးမှ ထွက်လာသည့် အရာရှိစစ်သည်များသည် NUG နှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး ၎င်းတို့မျှော်လင့်ထားသည့် တပ်မတော်တစ်ရပ်ကို တည်ထောင်ရန် ကြိုးပမ်းနေကြပြီဖြစ်သည်။

တပ်မတော်သားများအနေဖြင့် ပြည်သူလူထုကို အကာအကွယ်ပေးမည့် တပ်မတော်တစ်ရပ် ပေါ်ပေါက်လာရန် ဝိုင်းဝန်းကြိုးပမ်းသွားကြရန်နှင့် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းသွားရန် ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

“ပြည်သူနဲ့ပူးပေါင်းဖို့ အမြန်ဆုံးထွက်လာကြပါ။ ဒီထဲမှာနေပြီးတော့ လူတစ်စုကို ကာကွယ်နေတာထက်စာရင် လူအများရဲ့ ဆန္ဒကို လိုက်လျောဖို့က ဒီအချိန်မှာ အဖြစ်နိုင်ဆုံးပါပဲ”ဟု ဗိုလ်ကြီးလင်းထက်အောင်က တပ်မတော်အတွင်း ကျန်ရှိနေသည့် ၎င်း၏ ရဲဘော်ရဲဘက်များကို တိုက်တွန်းလိုက်သည်။

Show More

Related Articles

Back to top button