ဆရာတော် ဦးသောဘိတကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅(ခ) ဖြင့် တရားစွဲဆိုနိုင်ရန် တပ်မတော်က မန္တလေးတိုင်းတရားရုံးကို ထပ်မံအယူခံဝင်ခဲ့သော်လည်း တိုင်းတရားရုံးက အယူခံကိုပယ်ချလိုက်သည်။
“သူတို့တိုင်တန်းချက်က ပုဒ်မ ၅၀၅ မမြောက်လို့ပယ်ချလိုက်တာပါ။ တပ်မတော်အနေနဲ့ဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အယူခံတက်ခွင့်ရှိသေးတယ်” ဟု တိုင်းတရားလွှတ်တော်မှ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးမြင့်စန်းကပြောသည်။
ယင်းအမှုကို တိုင်းတရားရုံးက ၂၀၁၉ နိုဝင်ဘာ ၆ တွင်စတင်လက်ခံခဲ့ပြီး ရုံးချိန်း ၃ ချိန်းကြာစစ်ဆေးခဲ့ပြီးနောက် ဧပြီ ၂၈ တွင်ပယ်ချခဲ့ခြင်း ဖြစ်သည်။
တပ်မတော်၏ဂုဏ်သိက္ခာ ကျဆင်းအောင် လူမှုကွန်ရက်တွင် ရေးသားဝေဖန်သည်ဟုဆိုကာ ဆရာတော်ဦးသောဘိတ(အလင်္ကာကြယ်)ကို တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) ကို ဦးတည်သော တိုင်ကြားချက်များဖြင့် ၂၀၁၉ ဧပြီလအတွင်းက အမရပူရမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။
အမရပူရမြို့နယ်တရားရုံးက အမှုကိုစစ်ဆေးအပြီး ယင်းလ ၂၈ ရက်နေ့တွင်ပင် နိုင်ငံတော်အကြည်ညိုပျက်စေမှု မမြောက်ဟုဆိုကာ ပယ်ချခဲ့သည်။ ယင်းအပေါ် တပ်မတော်က ခရိုင်တရားရုံးနှင့် တိုင်းတရားရုံးများသို့ အယူခံဝင်ခဲ့ပြီး ယင်းတရားရုံးအသီးသီးကလည်း ပယ်ချခဲ့ခြင်းဖြစ်သည်။
တိုင်းတရားရုံး၏ အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဆရာတော်ဦးသောဘိတ က “တရားဥပဒေရဲ့ မှန်ကန်စွာ ဖြစ်တည်မှုနဲ့ တရားလိုတွေရဲ့ အခဲမကျေမှုကို တွေ့ရပါတယ်”ဟု Myanmar Now ကိုမိန့်သည်။
ဆရာတော်ဦးသောဘိတ ရေးသားသော အချက်များတွင် “နိုင်ငံရေးမှာ ဝင်ပြီးဖျာခင်း၊ ဘာသာရေးမှာ ဝင်ပြီးဖျာခင်း၊ လူမှုရေးမှာ ဝင်ပြီးဖျာခင်း၊ ပညာရေးမှာ ဝင်ပြီးဖျာခင်း၊ နေရာတကာခင်း၊ နောက်ဆုံး ဘုရားဂေါပကထိဝင်ခင်းနေပုံက ဖျာသယ်တပ်ကြီးလို ဖြစ်နေတယ်” ဆိုသောအချက်လည်း ပါဝင်ကြောင်း Myanmar Now က ရရှိထားသော တိုင်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်က တရားရုံးသို့ ဦးတိုက်လျှောက်ထားသော ယင်းတိုင်ချက်တွင် ဆရာတော်ဦးသောဘိတသည် လူမှုကွန်ရက်တွင် အစိုးရကို အကြည်ညိုပျက်အောင်၊ မုန်းထားအောင်၊ မလေးစားအောင် ရည်ရွယ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို ကြောက်အောင်၊ ထိတ်လန့်အောင် လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်ဟုဆိုကာ တိုင်ကြားထားကြောင်း တွေ့ရသည်။
ယင်းသို့ရေးသားမှုအတွက် ဦးသောဘိတကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်လည်း အမှုဖွင့်ထားသေးပြီး ယင်းအမှုကို တရားရင်ဆိုင်နေရကာ ဇွန် ၄ တွင် ထပ်မံချိန်းဆိုထားသည်။
အမရပူရမြို့နယ် မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် သီတင်းသုံးနေသော ဦးသောဘိတကို တပ်မတော်က တရားစွဲဆိုခဲ့သည့် ၂၀၁၈ တွင် ကျောင်းတိုက်က အပပြု(နှင်ထုတ်)ခဲ့သဖြင့် အမရပူရမြို့နယ် တောင်သမန် ဘဝအလင်း ဆေးခန်းတွင် သီတင်းသုံးနေသည်။
တပ်မတော်အနေနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅ (က) (ခ) တို့ကို အသုံးပြုကာ တရားစွဲဆိုမှုများရှိခဲ့ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ပိုင်ရဲသူ၊ ပိုင်ဖြိုးမင်း၊ ကေခိုင်ထွန်း၊ ဇော်လင်းထွဋ် (ခ) ဖိုးသား၊ မဆုရတနာမြင့်၊ ကိုငြိမ်းချမ်းစိုး တို့ကိုလည်းတရားစွဲဆိုခဲ့သည်။