
သီတဂူဆရာတော်နှင့် ဓမ္မဒူတအရှင်ဆေကိန္ဒကို လူမှုကွန်ရက်ပေါ်တွင် ပုတ်ခတ်ရေးသားခဲ့သည်ဆိုကာ ရွှေဝါရောင်ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ကို သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅-က ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းဝင်တစ်ဦးက ကရင်ပြည်နယ် မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။
မြဝတီမြို့နေ ဦးကျော်ဆန်းအမည်ရှိ အမျိုးသားတစ်ဦးက အမှုဖွင့်ထားခြင်းဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါရဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း၏ မြဝတီခရိုင် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။
အမရပူရ တာရိုးကျိုးသည့်ဖြစ်စဥ်တွင် အရှင်ဆေကိန္ဒကို “ငါဘုန်းကြီးဆိုတဲ့ စောက်ချိုးကြီးကို ပြင်စမ်းကွာ။ နားထောင်ရတာ စောက်မြင်တွေကပ်လွန်းလာလို့။ တာဝန်ရှိသူတွေ အလုပ်လုပ်နေတာ ဝင်မရှုပ်နဲ့ကွာ။ စကားပြောတာ အဆင့်အတန်းကိုမရှိဘူး။ ကျက်သရေကိုတုံးတယ်” ဟူ၍လည်းကောင်း၊ နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်ကို သီတဂူဆရာတော်၏ပုံနှင့်တွဲလျက် “မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါ ချိုကုတ်ရှိရာ ချိုကုတ်လာ” ဟူ၍ နွားဖြင့်နှိုင်းကာ ဝေဖန်ခဲ့သဖြင့် သာသနာညှိုးနွမ်းစေ၍ အမှုဖွင့်ရခြင်းဖြစ်သည်ဟု တရားလို ဦးကျော်ဆန်းက ပြောသည်။
“ကျွန်တော်လူပုဂ္ဂိုလ်တောင် သာသနာကို ဒီလောက်တန်ဖိုးထားတယ်ဆိုရင် သူက ရဟန်းတော်အားဖြင့် တန်ဖိုးထားသင့်တယ်” ဟု ဦးကျော်ဆန်းက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနလက်အောက်ရှိ အသင်းတစ်ခုဖြစ်ပြီး နာယကမှာ ဝန်ကြီးသူရဦးအောင်ကိုနှင့် အသင်းဥက္ကဋ္ဌမှာ ဇေကမ္ဘာလုပ်ငန်းအုပ်စုပိုင်ရှင် ဦးခင်ရွေ ဖြစ်သည်။ အသင်း၏ ကရင်ပြည်နယ်ဥက္ကဋ္ဌမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ၏ ဗိုလ်မှူးစောမုတ်သိုလ်ဖြစ်သည်။
အသင်းကိုယ်စားမဟုတ်ဘဲ တစ်သီးပုဂ္ဂလအနေဖြင့် အမှုဖွင့်ခြင်းသာဖြစ်သည်ဟု ဦးကျော်ဆန်းက ပြောသည်။
“ကျွန်တော်က သာသနာအတွက် သီးသန့်ကာကွယ်တဲ့သဘောပဲ။ တခြားကိစ္စမရှိဘူး။ ဆရာတော်ဘုရားကြီးတွေကို ခုလို မပုတ်ခတ်သင့်ဘူး” ဟု ၎င်းက ပြောသည်။
“ခိုင်းနွားတွေရှားသလောက် လူ့ငနွားတွေ၊ ဘုန်းကြီးနွားတွေ၊ စစ်နွားတွေပေါနေတဲ့ တိုင်းပြည်ကို ရဟန်းတော်ငါးသိန်းဦးဆောင်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဟုခေါ်သည်တဲ့။ အဲဒီလိုတွေရေးခဲ့တာ” ဟု ဦးကျော်ဆန်းက ဆိုသည်။
သာသနာညှိုးနွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၂၉၅-က မှာ ပြစ်မှုထင်ရှားပါက အများဆုံးထောင်ဒဏ်နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာ မင်္ဂလာမြန်မာကျောင်းတွင် လက်ရှိသီတင်းသုံးနေသော ဆရာတော် ဦးသောဘိတက အမှုဖွင့်ခံရခြင်းကို သိရှိကြောင်း၊ တစ်စုံတစ်ရာ မှတ်ချက်ပြုလိုခြင်း မရှိကြောင်း ဆရာတော်က မိန့်သည်။
ဆရာတော်ဦးသောဘိတသည် အစိုးရကို အကြည်ညိုပျက်အောင်၊ မုန်းထားအောင်၊ မလေးစားအောင် ရည်ရွယ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို ကြောက်အောင်၊ ထိတ်လန့်အောင် လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်ဟုဆိုကာ တပ်မတော်က ၅၀၅ (ခ) ကို ဦးတည်သော တိုင်တန်းချက်များဖြင့် ၂၀၁၉ နိုဝင်ဘာတွင် တရားစွဲဆိုခံခဲ့ရပြီး ယင်းအမှုကို အမရပူရမြို့နယ်တရားရုံးနှင့် မန္တလေးတိုင်းတရားရုံးတို့က ၂၀၂၀ ဧပြီနှင့် မေလတို့တွင် အသီးသီးပယ်ချခဲ့သည်။
အလင်္ကာကြယ်ဟု လူသိများသည့် သက်တော် ၄၀ အရွယ် ဦးသောဘိတသည် တပ်မတော်နှင့် တပ်မတော်သားများကို ဂုဏ်သိက္ခာကျဆင်းစေသည့် အရေးအသားများ Facebook တွင် ရေးသားခဲ့သည်ဟုဆိုကာ ၂၀၁၈ စက်တင်ဘာတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်လည်း အမှုဖွင့်ခံခဲ့ရသည်။
အဆိုပါအမှုမှာ လက်ရှိအထိ မပြီးပြတ်သေးဘဲ စွဲချက်မတင်ဘဲ လွှတ်ပေးသင့်ကြောင်း ဆရာတော်၏ရှေ့နေ ဒေါ်ရွက်နုအောင်က သြဂုတ် ၁၃ တွင် အမရပူရမြို့နယ်တရားရုံးတွင် လျှောက်ထားခဲ့ပြီး စွဲချက် တင်သင့် မတင်သင့် တရားရုံးက ဩဂုတ် ၂၇ တွင် ဆုံးဖြတ်မည်ဖြစ်သည်။
ဆရာတော်ဦးသောဘိတသည် ယခင်က အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်တွင် သီတင်းသုံးခဲ့ပြီး အမှုစတင်ရင်ဆိုင်ရသည့် ၂၀၁၈ စက်တင်ဘာ ၂၅ တွင် ယင်းကျောင်းတိုက်မှ အပပြု (နှင်ထုတ်) ခံခဲ့ရသည်။ ယခုအချိန်တွင် ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာ မင်္ဂလာမြန်မာကျောင်းတွင် သီတင်းသုံးလျက်ရှိသည်။