အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာ စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကြောင့် လူပေါင်းထောင်ချီပြီး အသက်ဆုံးရှုံးခဲ့ရသလို လူသန်းပေါင်းများစွာဟာလည်း စီးပွားရေး ရိုက်ခတ်မှုတွေကြောင့် ဆင်းရဲတွင်းထဲကို ရောက်ရှိခဲ့ပါတယ်။
နေ့စဉ်နဲ့အမျှ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေ၊ ရေနံဈေးတွေကြောင့် ကမ္ဘာပေါ်က လူအတော်များများဟာ ငွေကြေးဖောင်းပွမှုကို ကြုံတွေ့လာရပြီး ရှာသမျှ ဝင်ငွေတွေရဲ့ တန်ဖိုးကလည်း တဖြည်းဖြည်း လျော့နည်းလာနေပါတယ်။
အမေရိကန် ဗဟိုဘဏ်က စီးပွားရေးပညာရှင်တွေဖြစ်တဲ့ ဒါရီယို ကာလ်ဒါရာ (Dario Caldara) နဲ့ မက်တီယို အီယာကိုဗီရယ်လို (Matteo Iacoviello) တို့ ပြုစုထားတဲ့ ကမ္ဘာ့ပဋိပက္ခတင်းမာမှု အညွှန်းကိန်းအရ အခု အီရန်စစ်ပွဲဟာ ကိုဗစ်-၁၉ ကပ်ရောဂါတုန်းကထက်တောင် ကမ္ဘာကြီးကို ပိုပြီး မတည်မငြိမ် ဖြစ်စေခဲ့တယ်လို့ The Guardian သတင်းမှာ ဖော်ပြထားပါတယ်။
ဒုံးကျည်တစ်စင်းကို ဒေါ်လာသိန်းချီ ကုန်တယ်ဆိုတာမျိုးကျတော့ တွက်ရချက်ရ လွယ်ကူပေမဲ့ လက်ဘနွန်မှာရှိတဲ့ ဆေးရုံတွေ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပျက်စီးသွားတဲ့ ထိခိုက်မှုကျတော့ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်ဖို့ သိပ်မလွယ်ပါဘူး။
ပိုပြီးတော့ တန်ဖိုးဖြတ်လို့ မရတာကတော့ ဆုံးရှုံးသွားတဲ့ လူ့အသက်တွေပဲ ဖြစ်ပါတယ်။
The Time သတင်းစာရဲ့ ဇွန်လ ၂၂ ရက် ဖော်ပြချက်အရ အခုဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် အစ္စရေး၊ အီရန်၊ လက်ဘနွန်အပါအဝင် စစ်ပွဲဒဏ်သက်ရောက်ခဲ့တဲ့ နိုင်ငံတွေမှာ သေဆုံးသူ စုစုပေါင်း ၇၆၀၀ ကျော် ရှိခဲ့ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



