သတင်း

စစ်ကိုင်းဝန်ကြီးချုပ်၏ဇနီးကို ဝေဖန်သူအား ၆၆ (ဃ) ဖြင့် အမှုဖွင့်ပြီး စုံစမ်းနေ  

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ဇနီးဖြစ်သူ ဒေါ်တင့်တင့် (ခ) ဒေါ်ချူးချူးနှင့် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိတို့ကို လူမှုကွန်ရက် Facebook တွင် ဝေဖန်ရေးသားခဲ့သူကို ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသော်လည်း မည်သူမည်ဝါ သိရှိနိုင်ရန် စုံစမ်းနေဆဲသာ ဖြစ်သည်ဟု သိရသည်။ 

“မမိသေးဘူး။ အခု ရှာနေတုန်းရှိသေးတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ရေးလဲ မသိဘူး။ ပေါက်ကရ လျှောက်လုပ်နေကြတာပါ။ စုံစမ်းခိုင်းထားတယ် ”ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဒီဇင်ဘာ ၁၆ တွင် Myanmar Now ကို ပြောသည်။

လူမှုကွန်ရက် Facebook တွင် Ko Zaw Gyi ဆိုသော အကောင့်ပိုင်ရှင်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ တင်ဒါကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်၏ဇနီးဖြစ်သူ ဒေါ်တင့်တင့် (ခ) ဒေါ်ချူးချူးနှင့် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိတို့ကို ဝေဖန်ရေးသားခဲ့ခြင်းဖြစ်သည်။ 

“အန်တီချူးကို ထိန်းပေးပါ အမေစု၊ အဘတို့အကွက်တွေ NLD အစိုးရမှာလည်း တွေ့နေရတာ ရင်နာတယ်။ Covid ကာလမှာ အသက်စွန့်မဲပေးရတာ မတန်ဘူး။ ကျေးလက်တင်ဒါမှာ အန်တီချူးကိုယ်တိုင် ကစားပြီး PSO နှစ်ယောက်ကို ထိုးကျွေးတာ” ဟု Ko Zaw Gyi ဆိုသော Facebook အကောင့်က ဒီဇင်ဘာ ၃ ရက်တွင် ရေးတင်ခဲ့သည်။ 

ထိုသို့ဝေဖန်ရေးသားခဲ့သောကြောင့် ဂုဏ်သိက္ခာကျဆင်းသည်ဆိုကာ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးမျိုးကိုကိုက မုံရွာမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

“ဦးမြင့်နိုင်ကြီး ဝကခ (ဝန်ကြီးချုပ်) ပေမယ့် တင်ဒါကို အန်တီကိုင်တွယ်နိုင်တာ သားတို့သိတယ်လေ။ သားတို့ဆန္ဒမပြခင် တင်ဒါလောကကနေ လစ်လိုက်ပါ” ဟုလည်းကောင်း “မရသောကုမ္ပဏီများမှာ တိုင်ပတ်လျက်ရှိသော်လည်း PSO နှင့် အပေါင်းအပါ သူခိုးကုမ္ပဏီများမှာ ရေလျှံနေကြတယ်” ဟုလည်းကောင်း Ko Zaw Gyi ဆိုသော Facebook အကောင့်က ရေးသားခဲ့သည်။ 

အဆိုပါ ရေးသားချက်များနှင့်ပတ်သက်ပြီး ဟုတ်မှန်မှု ရှိမရှိ Myanmar Now က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို မေးမြန်းရာတွင် “အဲဒါတွေက မှားတယ်၊ မှားတယ်။ မှားလို့ တရားစွဲတာပေါ့။ မမှားရင် စွဲမလား” ဟု တုံ့ပြန်သည်။ 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လမ်း/တံတား တည်ဆောက်ရေးစီမံကိန်းအတွက် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း တင်ဒါ ၃ ခု ခေါ်ယူခဲ့ပြီး Ko Zaw Gyi Facebook အကောင့်၏ ရေးသားချက်သည် မည်သည့်တင်ဒါကို ရည်ညွှန်းကြောင်း မသိရပေ။ 

အဆိုပါ Ko Zaw Gyi အကောင့်မှာ ဒီဇင်ဘာ ၉ ရက်မှ ယနေ့အထိ Facebook ၌ ရှာဖွေမတွေ့ရှိရတော့ပေ။ 

“တင်ဒါလုပ်ငန်းကို (တင်ဒါ) ၉၀ ကျော်လောက် ခေါ်တယ်။ ၆၀ ကျော်လောက်က သတ်မှတ်တဲ့ Lots ပေါ့ဗျာ။ လျှို့ဝှက်ဈေးနှုန်းက အောင်တဲ့သူတွေမှာ ကိန်းဂဏန်း ၆ လုံးဆို ၆လုံးလုံး တူတာပေါ့ဗျာ။ ဒသမနောက်က ဂဏန်းတွေပါ လိုက်တူတာ။ အဲဒီတော့ (စစ်ကိုင်းတိုင်း) အစိုးရအပေါ်မှာ မကျေလည်လို့ တိုင်ကြတယ်။ Facebook ပေါ်မှာ တင်ကြတာတွေ တွေ့ရတယ်” ဟု ပုလဲမြို့နယ်၊ တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောသည်။ 

သို့သော် Facebook ပေါ် ဝေဖန်ရေးသားချက်များနှင့် ပတ်သက်၍ တင်ဒါမရသူများက တင်ခြင်းလား၊ တင်ဒါကိစ္စ အသေးစိတ်သိရှိ၍ တင်ခြင်းလား မသိရှိသည့်အတွက် သုံးသပ်ပြောဆိုရန် ခက်ခဲသည်ဟုလည်း ၎င်းက ပြောသည်။ 

“သတင်းတွေကတော့ ကြားနေတာပေါ့။ တချို့ကလည်း အွန်လိုင်းမီဒီယာတွေကနေ ရေးသားတာတွေလည်း ကျွန်မတွေ့တယ်ပေါ့နော်။ ဒါပေမယ့် ဝန်ကြီးချုပ်ရဲ့အနေအထားကို ကျွန်မ မထင်ဘူး၊ မထင်ရဘူး။ ဒါပေမဲ့ အန်တီချူးအနေနဲ့ ဒီကိစ္စမှာ ဝင်ပါ၊ မပါ ကျွန်မ မပြောနိုင်ဘူး။ ကျွန်မ မှတ်ချက်ပေးလို့မရဘူး” ဟု ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ရှားမီးက ပြောသည်။ 

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် မိသားစုသဖွယ်ရင်းနှီးသော်လည်း ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ချူးချူးနှင့် ပတ်သက်၍မူ နှိုက်နှိုက်ချွတ်ချွတ် မသိကြောင်းလည်း ၎င်းက ပြောသည်။ 

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် Ko Zaw Gyi  အကောင့်ပိုင်ရှင်ကို ရဲက အပူတပြင်းရှာဖွေလျက်ရှိပြီး လာရောက်မေးမြန်းမှုများလည်းရှိကြောင်း မုံရွာမြို့ခံတစ်ဦးဖြစ်သူ ဦးသောင်းက ပြောသည်။ 

“သူ ( Ko Zaw Gyi) တင်တာတွေ ခါတိုင်းစောင့်ကြည့်တာတော့ သူက အစိုးရ Cabinet (အစိုးရအဖွဲ့) ဆုံးဖြတ်ချက်တွေတို့၊ ခုလိုတင်ဒါကိစ္စတွေ သူ့ဆီက အရင်ဆုံးတက်လာတာဆိုတော့ ကျွန်တော်တို့အထင် ဒီအစိုးရအဖွဲ့ဝင်ထဲက ဖြစ်မယ်။ ဖမ်းချင်ရင်မိမှာပါ။ မဖမ်းချင်လို့ ခြောက်လှန့်ရုံလောက် အမှုဖွင့်တယ် ထင်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။ 

Show More

Related Articles

Back to top button