သတင်း

စစ်ကိုင်းဝန်ကြီးချုပ်ကို မုံရွာမှ မြင်းခြံထောင်သို့ စစ်ကောင်စီရွှေ့

မုံရွာထောင်တွင်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို မိုင် ၁၀၀ ကျော်ဝေးသည့် မြင်းခြံထောင်သို့ ဩဂုတ်လ ၂ ရက်တွင် စစ်ကောင်စီက ရွှေ့ပြောင်းလိုက်သည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက ပြစ်ဒဏ်ကြီးလေးသည့် အဂတိ ၇ မှုအပါအဝင် စုစုပေါင်း ၁၀ မှုဖြင့် စွပ်စွဲကာ ထောင် ၂၅ နှစ် ချထားသည်။

ဇူလိုင် ၂၇ ရက်တွင် နောက်ဆုံးအမိန့်ချသည့် ရွေးကောက်ပွဲအမှုအပြီးတွင် ထောင်ပြောင်းလိမ့်မည်ဟု ကြိုတင်ခန့်မှန်းမိသဖြင့် ဒေါက်တာမြင့်နိုင်၏ ဇာတိ ရွှေဘိုထောင်သို့ ရွှေ့ပေးရန် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ဇနီး ဒေါ်တင့်တင့်က ပြောသည်။

ဒေါက်တာမြင့်နိုင်၏ ဇနီးသည် နေထိုင်ရာ ရွှေဘိုနှင့် ပြောင်းရွှေ့လိုက်သည့် မြင်းခြံမြို့သည် တိုက်ရိုက်ယာဉ်လိုင်းကြောင်း မရှိသည့်အတွက် ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် အခက်အခဲရှိနေသည်ဟု သိရသည်။

ဒေါက်တာမြင့်နိုင်နှင့်အတူ မုံရွာထောင်တွင်ရှိနေသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့်ပါ တစ်ပါတည်း ပြောင်းရွှေ့ခံရသည်ဟု ဒေါ်တင့်တင့်က ဆက်ပြောသည်။ အသေးစိတ်အတည်မပြုနိုင်သေးပေ။

အသက် ၇၁ နှစ်အရွယ် ဒေါက်တာမြင့်နိုင်မှာ ၁၉၈၈ မှစ၍ NLD နှင့်အတူ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့မှုဖြင့် ယခင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကလည်း ထောင်ဒဏ်များကျခံရဖူးသည်။ ၂၀၂၁ တွင် အာဏာသိမ်းသည့် စစ်ကောင်စီက ချမှတ်သည့် ထောင်ဒဏ်များနှင့် ပတ်သက်၍ အယူခံမတက်နှင့်၊ သိက္ခာကျသည်ဟု ဒေါက်တာမြင့်နိုင်က ပြောထားသည်။

NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီတာဝန်ရှိသူအများအပြားကို ဖမ်းဆီးကာ ပုဒ်မမျိုးစုံတပ်၍ ထောင်ဒဏ်များချမှတ်နေသည်။

ထို့အပြင် ၎င်းတို့ကို ဆန့်ကျင်သူများကို နိုင်ငံအနှံ့တွင် ဖမ်းဆီးထားပြီး နေရာရွှေ့ပြောင်းနေသည်။

ပြီးခဲ့သည့် ရက်ပိုင်းကပင် အာဏာသိမ်းစစ်ကောင်စီက ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂၄ ဦးကို သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button