အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

“အယူခံမတက်နဲ့၊ သိက္ခာကျတယ်”၊ ထောင် ၂၁ နှစ်ထပ်ချခံရသူ စစ်ကိုင်းဝန်ကြီးချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကောင်စီ စွဲဆိုသည့် အဂတိမှု ၇ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံရသော်လည်း အယူခံ လုံးဝမတက်ရန် မှာကြားသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် မုံရွာထောင်တွင်းတရားရုံးက ထောင်ဒဏ်များ ချမှတ်စဉ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်က ထိုသို့မှာကြားလိုက်သည်ဟု ဇနီးဖြစ်သူ ဒေါ်တင့်တင့်က ယနေ့ (မတ် ၂) တွင် Myanmar Now ကို ပြောသည်။ 

“ကျွန်မတို့ကတော့ အယူခံတက်ဖို့ စိတ်ကူး လုံးဝမရှိပါဘူးရှင်။ ဆရာကလည်း အယူခံတက်မနေနဲ့လို့ မှာလိုက်ပါတယ်။ သူက အယူခံ လုံးဝမတက်ဘူးနော်။ အယူခံမတက်နဲ့၊ သိက္ခာကျတယ်လို့ ပြောတယ်” ဟု ရှေ့နေများကို ကိုးကား၍ ဒေါ်တင့်တင့်က ဆိုသည်။

“ဆရာက ကျန်းမာရေးကောင်းပါတယ်။ ကျန်းမာရေးကောင်းအောင် အဓိကထားပြီး နေနေတာပါပဲ။ ဆရာက အချိန်မှန် တရားထိုင်တယ်။ သူက နှလုံးအဆို့ရှင် လဲထားရတော့ ဆေးက ပုံမှန်သောက်နေရတယ်” ဟု လည်း ဒေါက်တာမြင့်နိုင်၏ ဇနီးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါက်တာမြင့်နိုင်မှာ ပြီးခဲ့သည့်နှစ် မေလအတွင်း အဂတိမှုများဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ကာ ၎င်းနှင့်အတူ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးလေးဦး၊ ဝန်ကြီးနှစ်ဦး၏ ကိုယ်ရေးအရာရှိ နှစ်ဦးလည်း ပါဝင်သည်။​

အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရသည့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက အဂတိမှု ၇ မှုအပြင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ပြီးဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဒေါက်တာမြင့်နိုင်မှာ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၁၇၁ (စ) အမှုကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။ 

လာမည့် မတ်လ ၉ ရက်တွင် ဆက်လက်ရင်ဆိုင်ရမည့် ပုဒ်မ ၁၇၁ (စ) သည် ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးမှု သို့မဟုတ် သူတစ်ပါးအယောင်ဆောင်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်သည်။​

NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဆိုကာ အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီက NLD ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် ပါတီဝင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို ပုဒ်မအများအပြားဖြင့် အမှုဆင်ကာ ထောင်ဒဏ်များ ဆက်တိုက်ချမှတ်နေသည်။ 

အမှုပေါင်း ၇ မှုဖြင့် အရေးယူခံရသူ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်အနှစ် ၈၀ ချမှတ်ပြီးနောက် ပြစ်ဒဏ်ထက်ဝက် လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ 

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှာ အမှုပေါင်း ၈ မှု တရားစွဲဆိုခံရပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီးဖြစ်သော်လည်း ပုဒ်မ ၁၇၁ (စ) အမှုကို ဆက်လက်ရင်ဆိုင်နေရသည်။​

အမှုပေါင်း ၁၀ မှုဖြင့် စွဲဆိုခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှာ အမှုနှစ်ခုအတွက် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံရပြီး ကျန်အမှုများ ဆက်လက်ရင်ဆိုင်နေရသည်။ 

အလားတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည်လည်း အမှု ၅ မှုတွင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး လက်ကျန်တစ်မှု ရင်ဆိုင်နေရသည်။ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းမှာ အမှု ၇ မှုအတွက် ထောင်ဒဏ် အနှစ် ၂၀ ချခံထားရသည်။​

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှာ ထောင်ဒဏ် ၂ နှစ်သာ ချမှတ်ခံရသေးပြီး ကျန်အမှုပေါင်း ၁၀ မှုကျော်ကို ဆက်လက်ရင်ဆိုင်နေရသည်။ 

ထွက်ပြေးတိမ်းရှောင်နေသည့် ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း အယ်ဖောင်းရှိုကို အဂတိပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ တွင် စစ်ကောင်စီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကြေညာသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles