စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို တင်ဒါစည်းမျဉ်းစည်းကမ်းဖောက်ဖျက်သည်ဟု စွပ်စွဲကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာက ယနေ့ (မေ ၆)တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အဂတိလိုက်စားမှုကျူးလွန်ကြောင်း တိုင်ကြားခံရသည့်ကိစ္စနှင့် စပ်လျဉ်း၍ ဒေါက်တာမြင့်နိုင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးပြီးနောက် အခြားသော တိုင်းအစိုးရအဖွဲ့ဝင် ၄ ဦး၊ ကိုယ်ရေးအရာရှိ ၂ဦး၊ စုစုပေါင်း ၇ဦးကို တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။
ဝန်ကြီးချုပ်နှင့်အတူ အမှုဖွင့်ခံရသူတို့မှာ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ ချင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံတို့ဖြစ်သည်။
ဝန်ကြီး ဦးကမ်ဇာမုံ၏ ကိုယ်ရေးအရာရှိဖြစ်သူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝေလင်းလှိုင်နှင့် ဝန်ကြီး ဦးသန်းညွှန့်ဝင်း၏ ကိုယ်ရေးအရာရှိဖြစ်သူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြတ်သန့်စင်တို့ကိုလည်း လာဘ်ယူသည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။
ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မှာ တင်ဒါလုပ်ငန်းများနှင့် ပတ်သက်သည့် စည်းကမ်းဖောက်ဖျက်ခြင်း၊ တံစိုးလက်ဆောင်ရယူခြင်း၊ တိုင်းဒေသကြီးဘဏ္ဍာစာရင်းသို့ ကြိုတင်ပေးသွင်းရမည့် အခွန်အခများကို ကောက်ခံခြင်းမပြုခြင်းတို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အမှုဖွင့်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
နိုင်ငံရေးရာထူးရယူထားချိန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က ကျပ်သန်း ၂သောင်းကျော်ရှိ လုပ်ငန်း ၆၆ ခုနှင့် ပတ်သက်ပြီး မူလကြမ်းခင်းဈေးနှုန်းများ သတင်းပေါက်ကြားသဖြင့် နိုင်ငံတော်ကရရှိမည့် ငွေကြေးများ ဆုံးရှုံးနစ်နာခဲ့သည်ဟု အာဏာသိမ်းစစ်ကောင်စီက ဆိုသည်။
ထို့အပြင် မြေအသုံးပြုမှုကိစ္စအချို့၊ မြန်မာ့သတ္တုတွင်းဥပဒေနှင့် ဆန့်ကျင်သည့် ကိစ္စအချို့တို့ကို အကြောင်းပြ၍ နိုင်ငံတော်၌ ဆုံးရှုံးနစ်နာမှုများစွာရှိခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူ ဒေါက်တာမြင့်နိုင်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင်များ၊ အရာရှိများကို စစ်ကောင်စီက စွပ်စွဲထားသည်။
ဖေဖော်ဝါရီ ၁က စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွေးကောက်ခံ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များအား ပြစ်ဒဏ်ကြီးလေးသော အဂတိလိုက်စားမှုဆိုင်ရာ ပုဒ်မများတပ်၍ အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲတရားစွဲဆိုလျက်ရှိသည်။
ဒေါက်တာမြင့်နိုင်စွဲဆိုခံထားရသည့် ပုဒ်မ ၅၅ အရ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ (သို့) နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။
ထိုသို့သော အဂတိလိုက်စားမှုဆိုင်ရာပုဒ်မများဖြင့် NLD အစိုးရလက်ထက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ သူရဦးအောင်ကို၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်အချို့ကိုလည်း စစ်ကောင်စီက အမှုဖွင့်ထားပြီးဖြစ်သည်။
ထို့အပြင် NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ပုဒ်မ ၂ခု၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုခြောက်မှုဖြင့် အမှုဖွင့်ပြီးဖြစ်သလို အဂတိလိုက်စားမှုဆိုင်ရာကိစ္စများကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ဆက်လက်ဆုပ်ကိုင်ထားသော အခြေခံဥပဒေကို ချိုးဖောက်ကာ အာဏာသိမ်းခြင်း၊ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ၏ ဖေဖော်ဝါရီ ၁ နောက်ပိုင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ အနိုင်ကျင့်စော်ကား နှိပ်စက်ခြင်း စသည့် ဥပဒေမဲ့လုပ်ရပ်များအတွက် တာဝန်ရှိသော်လည်း အခြားတစ်ဖက်တွင်မူ လူထု မဲပေးရွေးချယ်ထားသော ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များကို ပစ်မှတ်ထားဖမ်းဆီးနေရခြင်းမှာ “ဥပဒေ” အတိုင်း ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်လျက်ရှိသည်။
ဤသို့သောအခြေအနေဆိုးများ ဖြစ်ပေါ်နေသော်လည်း စစ်ကိုင်းတိုင်းအပါအဝင် ဒေသအသီးသီးမှ ပြည်သူများက အာဏာသိမ်းစစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်နေကြဆဲဖြစ်သည်။