သတင်း

တပ်က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားသူ အမျိုးသမီးကို အကြည်ညိုပျက်စေမှုဖြင့် စွဲချက်တင် 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို မဲပေးရန် ခြေလျင်တပ်ရင်းအတွင်း ဖိအားပေးမှုများ ရှိသည်ဆိုကာ လူမှုကွန်ရက် Facebook ပေါ် ရေးတင်ခဲ့ခြင်းကြောင့် ပုဒ်မ ၃ ခုဖြင့် တပ်မတော်၏ အမှုဖွင့် တရားစွဲဆိုခံထားရသူ မသဉ္ဇာသန်းမင်းကို ပခုက္ကူမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ယနေ့ (နိုဝင်ဘာ ၂၅) တွင် စွဲချက်တင်လိုက်သည်။ 

ပခုက္ကူမြို့နယ်ရှိ အမှတ် ၂၃၅ ခြေလျင်တပ်ရင်းတွင် မိဘများနှင့်အတူ နေထိုင်သူ ၂၅ နှစ်အရွယ် မသဉ္ဇာသန်းမင်းသည် ရွေးကောက်ပွဲကျင်းပရန် လပိုင်းအလို စက်တင်ဘာ ၂၃ တွင် မဲပေးခြင်းနှင့်ပတ်သက်၍ တပ်တွင်း ဖိအားပေးမှုများရှိကြောင်း Facebook လူမှုကွန်ရက်ပေါ် ရေးတင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ရေးတင်ခဲ့မှုကြောင့် ‘တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေသည်’ ဟုဆိုကာ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးအောင်ခိုင်ဝင်းက တရားလိုလုပ်၍ ပခုက္ကူတရားရုံးတွင် စွဲဆိုခဲ့ခြင်းဖြစ်သည်။

“ဒီနေ့က စွဲချက်တင် အမိန့်ချတယ်။ ၅၀၅ (က) နဲ့ အမိန့်ချတယ်။ အဲ့ဒီအပေါ်မှာပဲ တရားခံက အပြစ်မရှိဘူးလို့ ပြောတယ်။ သူ့မှာ သက်သေပြစရာ မရှိဘူး။ သက်သေပြလိုတဲ့ ဆန္ဒလည်းမရှိဘူးတဲ့။ ဘယ်သူ့ကိုမှလည်း သက်သေမပြချင်တော့ဘူးလို့ သူကိုယ်တိုင် ရုံးတော်မှာ ထွက်ဆိုသွားတယ်” ဟု မသဉ္ဇာသန်းမင်း၏ ရှေ့နေ ဒေါ်ချိုချိုမာက Myanmar Now ကိုပြောသည်။

ယနေ့ရုံးချိန်းတွင် မသဉ္ဇာသန်းမင်းကို လက်ထိတ်ခတ်လျက် တစ်ကိုယ်ရေရောဂါအကာအကွယ်ဝတ်စုံ (PPE) ဖြင့် ရုံးထုတ်လာသည်ကို တွေ့ခဲ့ရပြီး တရားရုံးသို့ လာရောက်ခဲ့သည့် မိခင်ဖြစ်သူ ဒေါ်စန္ဒာခိုင်ကလည်း “ဘာမှမပြောချင်ပါဘူး။ တရားရုံး ဆုံးဖြတ်ချက်အတိုင်းပဲ” ဟု သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။

Facebook အကောင့်အမည် Thin Zar ဖြင့် မသဉ္ဇာသန်းမင်းသည် စက်တင်ဘာ ၂၃ တွင် “ကျွန်မအဖေက စစ်သားဖြစ်နေလို့ USDP ကို မဲပေးရမယ်တဲ့။ ကျွန်မကတော့ NLD ကို မဲပေးတော့ ကျွန်မအဖေရာထူးကို ခြိမ်းခြောက်နေပါတယ်ရှင့်။…….အခုစာလည်း တင်လို့ဆိုပြီး အရေးယူမလား မသိဘူးရှင့်” ဟု ရေးသားခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာ ၂၄ တွင် တပ်အရာရှိက ခေါ်စစ်သဖြင့် မိခင်ဖြစ်သူနှင့်အတူ တပ်တွင်းရုံးသို့ သွားရာတွင် တပ်အရာရှိက မသဉ္ဇာသန်းမင်း၏ လက်ကိုင်ဖုန်းကို တောင်းယူသဖြင့် တပ်အရာရှိနှင့် အချင်းများခဲ့ကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒုတိယဗိုလ်မှူးကြီးအောင်ခိုင်ဝင်းနှင့် ၎င်း၏ တပ်မလက်အောက်ခံ အမှတ် (၂၃၅) ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးမျိုးမင်းလွင်တို့က မသဉ္ဖာသန်းမင်း၏ ရေးသားမှုသည် ၎င်းတို့ ဂုဏ်သိက္ခာကျဆင်းစေသည်ဆိုကာ ဆက်သွယ်ရေးဥပဒေပါ ၆၈ (က)၊ ၆၆ (ဃ) တို့ဖြင့် ပခုက္ကူမြို့နယ်ရဲစခန်း၌ စက်တင်ဘာလကုန်ပိုင်းတွင် အသီးသီး အမှုဖွင့်ထားကြသေးသည်။

သို့သော် ထိုအမှုများသည် တရားရုံးသို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း ပခုက္ကူမြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က Myanmar Now ကိုပြောသည်။

တရားလိုနှင့် လိုပြသက်သေ ၇ ဦးကို စစ်ဆေးပြီး ယနေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ပခုက္ကူတရားရုံးက စွဲချက်တင်ခဲ့သည်။ 

စွပ်စွဲခံထားရသူ မသဉ္ဇာသန်းမင်းကို ဝန်းရံရန်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးဆောင်ဖွဲ့စည်းထားသော ကော်မတီတစ်ခုက လက်ရှိရှေ့နေအစား ၎င်းတို့၏ရှေ့နေ ကိုယ်စားပြုနိုင်ရေးအတွက် မသဉ္ဇာသန်းမင်း၏ ခွင့်ပြုချက်ယူရန် ပခုက္ကူထောင်၌ ၎င်းနှင့် တွေ့ဆုံခွင့် တောင်းခဲ့သော်လည်း ထောင်အရာရှိများက တွေ့ခွင့်မပြုခဲ့ဟု ဆိုသည်။

ယနေ့ရုံးချိန်းတွင်လည်း မသဉ္ဇာသန်းမင်နှင့် တွေ့ခွင့်မရအောင် တာဝန်ကျရဲက တားဆီးခဲ့သည်ဟု ရှေ့နေကိုယ်စားပြုမှု လဲလှယ်တင်သွင်းရန် သွားရောက်ခဲ့သူ ရှေ့နေ ဦးဝါဝင်းမောင်က Myanmar Now ကို ပြောသည်။

“တရားခံရဲ့မိဘနှစ်ပါးလည်း လာတယ်။ တပ်က အရာရှိတွေက မိဘနှစ်ပါးကို ဖိအားပေးတာ တွေ့ရတယ်။ ဒီတရားခံကို တရားရုံးအပေါက် ကားဖင်ထိုးပြီးတော့ စစ်တယ်ဆိုတာ သမားရိုးကျမဟုတ်ဘဲနဲ့ တပ်ကနေ ဖိအားပေးတဲ့ အနေအထားနဲ့ ရုံးထုတ်တယ်လို့ ကျွန်တော်တို့တွေ့ရတယ်” ဟု တရားခွင်တွင် ဝင်ရောက်နားထောင်ခဲ့သူ ဦးဝါဝင်းမောင်က ပြောသည်။

လာမည့်ရုံးချိန်းကို ဒီဇင်ဘာ ၁ ရက်သို့ ချိန်းဆိုထားပြီး နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်များ တင်သွင်းရမည်ဟု မသဉ္ဇာသန်းမင်း၏ရှေ့နေ ဒေါ်ချိုချိုမာက ပြောသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) မှာ တပ်မတော်အကျိုး ပျက်ပြားစေရန် ဖော်ပြရေးသားခြင်း၊ ထုတ်ပြန်ကြေညာခြင်း၊ ကောလာဟလလွှင့်ခြင်းတို့အတွက် တပ်မတော်က စွဲဆိုသောပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော်လည်း အဆိုပါ ဖော်ပြရေးသားချက် သို့မဟုတ် ကောလဟသည် မှန်ကန်သည်ဟု ယုံကြည်ရန်အကြောင်းရှိသည့်အပြင် အကျိုးပျက်ပြားစေရန် အကြံမရှိဘဲ ပြုလုပ်ပါက ပုဒ်မ ၅၀၅ (က) ၏ ပြစ်မှုမမြောက်ဟု ရာဇသတ်ကြီးတွင် ပြဋ္ဌာန်းထားသည်။ 

Show More

Related Articles

Back to top button