အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပျောက်ဆုံးနေသည့် အမျိုးသမီးသတင်းထောက် ပုဒ်မ ၅၀၅−က ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရ

တစ်လကြာ ပျောက်ဆုံးနေသည့် သတင်းထောက်ဟောင်း မသူဇာကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

စက်တင်ဘာ ၁ ရက်ကတည်းက အဆက်အသွယ်ပြတ်တောက်နေသောကြောင့် လူပျောက်တိုင်ချက်ဖွင့်ရန် စီစဉ်နေစဉ် ယမန်နေ့ (စက်တင်ဘာ ၂၉) ညနေတွင် ရဲစခန်းက ဆက်သွယ်အကြောင်းကြားလာခြင်းဖြစ်သည်ဟု မသူဇာ၏ ခင်ပွန်း ကိုရဲကိုကိုက Myanmar Now ကို ပြောသည်။

“မနေ့ည ၈ နာရီလောက်က ဆက်သွယ်လာတာ။ စခန်းကို ရောက်နေပြီပေါ့နော်။ လူတွေ့လို့ မရသေးဘူးတဲ့။ ရောက်နေကြောင်း မိသားစုကို လှမ်းအကြောင်းကြားတာလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ (စက်တင်ဘာ ၃၀) နံနက်ပိုင်းတွင် မသူဇာအတွက် ဆေးဝါးနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို ရဲတပ်သားတစ်ဦးက မိသားစုထံ လာယူပြီး ကျန်းမာရေးကောင်းမွန်ကြောင်း စာတစ်စောင်လည်း လက်ခံရရှိခဲ့သည်ဟု ခင်ပွန်းဖြစ်သူက ဆက်ပြောသည်။

“စာရေးပြီး ပို့ပေးတယ်။ သူ ကျန်းမာရေးကောင်းတယ်။ အိမ်ကိုလည်း အရမ်းစိတ်ပူတယ်ပေါ့။ အမေကို မစိုးရိမ်ဖို့ မှာပါတယ်” ဟု ၎င်းက ပြောသည်။

အသက် ၃၅ နှစ်အရွယ် သတင်းထောက်ဟောင်း မသူဇာသည် ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅-က ဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး မေလအတွင်းက နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြားဖြင့် ဝင်ရောက်ရှာဖွေခဲ့သော်လည်း ဖမ်းဆီးမခံရဘဲ လွတ်မြောက်သွားခဲ့သည်။ 

ထို့နောက် ကမာရွတ်မြို့နယ်တွင် တိမ်းရှောင်နေထိုင်ခဲ့သည်ဟု ဆိုသည်။ စက်တင်ဘာ ၁ မွန်းလွဲ ၁ နာရီကျော်၌ နေအိမ်ပြင်ပရောက်နေစဉ် သမီးဖြစ်သူနှင့် ဖုန်းပြောပြီးနောက် ထပ်မံဆက်သွယ်မရတော့ဘဲ ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု ကိုရဲကိုကိုက ပြောသည်။ 

မသူဇာ ပျောက်ဆုံးသွားသဖြင့် မိသားစုနှင့် ရှေ့နေတို့က စစ်ကြောရေးစခန်းများ၊ ရဲစခန်းများနှင့် အင်းစိန်အကျဉ်းထောင်တို့တွင် လိုက်လံစုံစမ်းခဲ့သော်လည်း အဆက်အသွယ်ပြတ်တောက်ကာ သတင်းအစအန မသိခဲ့ရပေ။ 

လက်ရှိတွင် မသူဇာကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရဲစခန်း၌ ချုပ်ရမန်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားမည်ဖြစ်ပြီး လာမည့် အောက်တိုဘာ ၁၃ တွင် စတင်ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။

ပြီးခဲ့သည့်မေလက သတင်းထောက်ဟောင်း မသူဇာ၏ နေအိမ်ကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် ၎င်းကို မတွေ့၍ ခင်ပွန်းဖြစ်သူ ကိုရဲကိုကိုအား ဖမ်းဆီးပြီး စစ်ကြောရေးတွင် ၄ ရက်ကြာ ထိန်းသိမ်းစစ်ဆေးပြီးနောက် အာမခံဖြင့် ပြန်လွှတ်ခဲ့သည်။

“၂၉ ရက်လုံးပျောက်တဲ့အချိန်မှာ ကျွန်တော့်အတွက်တော့ ကမ္ဘာပျက်နေတဲ့အချိန်ပေါ့။ အခုတော့ အသက်ရှင်နေတယ်၊ ရဲစခန်းမှာ ရောက်နေတယ်လို့ အကြောင်းကြားလာတော့ ကျွန်တော့်အတွက် အတိုင်းမသိ ဝမ်းသာတာပေါ့။ နောက်ပိုင်းကတော့ တရားဥပဒေအရပဲ ရှေ့နေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု မသူဇာ၏ ခင်ပွန်းက ပြောသည်။

သတင်းထောက်ဟောင်း မသူဇာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်လက်က ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး လွတ်လပ်သည့် အာရှအသံ (RFA) သတင်းဌာန အပါအဝင် ပြည်တွင်းရှိ မော်ဒန်ဂျာနယ်၊ ဧရာဝတီသတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Times သတင်းဂျာနယ် တို့တွင် အလုပ်လုပ်ကိုင်ခဲ့သည့် ဝါရင့်သတင်းထောက်တစ်ဦးဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် Friday Times နှင့် Myanmar Pressphoto Agency (MPA) တို့တွင် အလွတ်တန်းသတင်းထောက်အဖြစ် မေလအထိ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူတချို့ရှိသော်လည်း သတင်းသမား ၅၀ ကျော် ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု ဖမ်းဆီးခံရသည့် သတင်းသမားများစာရင်း ကောက်ယူနေသည့် Detained Journalists Information Myanmar ၏ စက်တင်ဘာ ၁၆ ထိ အချက်အလက်များအရ သိရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button