အင်းစိန်ထောင်တွင် ထောင်ဒဏ် ၉ နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ယမန်နေ့ (ဇူလိုင် ၃၀) တွင် ထောင်တွင်း ကွယ်လွန်သွားသည်ဟု မိသားစုထံမှ သိရသည်။
အသက် ၄၁ နှစ်အရွယ် ကိုနေလင်းထိုက်သည် လည်ပင်းကင်ဆာရောဂါ (အဆင့် ၄) အထိ ခံစားခဲ့ရသည်ဟု မိသားစုဝင်က ပြောသည်။
ကင်ဆာရှိနေကြောင်း သိရသည့် တစ်နှစ်ကျော်ကြာ ကာလအတွင်း ထောင်ပြင်ပဆေးရုံ၊ ထောင်တွင်းဆေးရုံတို့တွင် ဆေးကုခဲ့သည်ဟု သူက ဆက်ပြောသည်။
မကြာသေးမီက ထောင်အာဏာပိုင်တို့ မိသားစုထံ ပေးသည့်စာတွင် ကင်ဆာအခြေအနေမှာ အဆိုးဆုံးအခြေအနေသို့ ရောက်နေသည်ဟု ဖော်ပြထားကြောင်း သူက ပြောသည်။
“သူရဲ့ကင်ဆာက လည်ပင်းထိ ပျံ့သွားပြီ၊ အဆုတ်ဘက်ကိုလည်း ပျံ့သွားပြီလို့ သူတို့စာထဲမှာ ရေးထားပါတယ်” ဟု အဆိုပါ မိသားစုဝင်က ဆိုသည်။
ရုပ်အလောင်းကို ယမန်နေ့က ထောင်အတွင်းမှ ထုတ်ယူပြီး ရေဝေးသုသာန်သို့ ပို့ထားသည်၊ ဩဂုတ်လ ၁ ရက်နေ့တွင် မီးသင်္ဂြိုဟ်မည်ဟု သိရသည်။
DVB သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ကိုနေလင်းထိုက်သည် DVB သတင်းဌာနတွင် ၂၀၂၁ ခုနှစ် မတိုင်ခင်အထိ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီလက်နက်ကိုင်တို့က ကိုနေလင်းထိုက်ကို ရန်ကုန်ရှိ နေအိမ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုနောက် သူ့ကို နိုင်ငံအကြည်ညိုပျက်စေမှု ၅၀၅၊ အကြမ်းဖက်ပုဒ်မှု တိုက်ဖျက်ရေးပုဒ်မ ၅၂ (က)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် တရားစွဲကာ ထောင်ဒဏ် ၉ နှစ်ခွဲ ချခဲ့သည်ဟု သိရသည်။
အကျဉ်းထောင်များတွင် ယခင်ခေတ်များထက် အခြေအနေဆိုးဝါးနေကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောကြသည်။
သရက်ထောင်မှ ကိုညီညီ
မကွေးတိုင်း သရက်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ အသက် ၃၈ နှစ်အရွယ် ကိုညီညီဆိုသူသည်လည်း ဆေးကုသခွင့်မရရှိ၍ ဇူလိုင် ၂၇ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
သွေးတိုးရောဂါရှိသည့် ကိုညီညီသည် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသူဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှု ဆန့်ကျင်သူများ၊ ဆန့်ကျင်သည်ဟု ယူဆရသူများကို နိုင်ငံအနှံ့အပြားတွင် နေ့စဉ်လိုလို ဖမ်းဆီးလျက်ရှိသည်။
နိုင်ငံအနှံ့ ထောင်များ၊ အကျဉ်းစခန်းများတွင် နိုင်ကျဉ်း ၂၀၈၀၀ ဦးထက်မနည်း ရှိနေကြောင်း သိရသည်။
အထင်ကရ နိုင်ငံရေးအကျဉ်းသားများအနက် သမ္မတ ဦးဝင်းမြင့်မှာ တောင်ငူထောင်တွင် ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်တော်ထောင်တွင် ရှိနေသည်ဟု ယူဆရသည်။
နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ တိုက်ပွဲဒေသ အကျဉ်းထောင်များသို့ စစ်ကောင်စီလက်နက်ကိုင်တို့ ရောက်လာ စခန်းချခြင်းကဲ့သို့သော အခြေအနေဆိုးများ ဖြစ်ပေါ်လာနေသလို ထိုအကျဉ်းထောင်၊ အကျဉ်းစခန်းများ စီးနင်းခံရပြီး နိုင်ကျဉ်းများ လွတ်မြောက်နိုင်သည့် အလားအလာကောင်းလည်း ရှိနေသည်။
တော်လှန်ရေးတပ်ဖွဲ့များ စီးနင်းနိုင်ခဲ့သည့် သံတွဲထောင်၊ လားရှိုးထောင်၊ ဟားခါးမြို့ ရဲစခန်းအချုပ်ခန်း၊ မတူပီ စစ်တပ်စခန်း စသည့် နေရာများမှ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည်။