သတင်း

သံတွဲထောင်ကို AA စီးနင်း၊ အကျဉ်းသားများကို ကယ်ထုတ်

တိုက်ပွဲဖြစ်နေသော သံတွဲမြို့တွင် ထောင်ကျနေသူ အများအပြား ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လွတ်လာသော်လည်း နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ကို AA သိမ်းပြီးမှ ပြန်လွတ်လာသည်။

တိုက်ပွဲ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့ သံတွဲအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ရာချီ ဇူလိုင် ၁၅ ရက်နေ့တွင် လွတ်မြောက်လာသည်ဟု သံတွဲမြို့ခံ လူမှုရေးအသင်းအဖွဲ့များ၊ အကျဉ်းသားမိသားစုဝင်များက ပြောသည်။

ထိုနေ့တွင် အာရက္ခတပ်တော် (AA) က သံတွဲ အကျဉ်းထောင်ကို တိုက်ခိုက်သိမ်းပိုက်ကာ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သံတွဲမြို့အခြေစိုက် လူမှုကူညီရေးလုပ်ကိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“နိုင်/ကျဉ်း ဘယ်လောက်ပါတယ်၊ နှစ်ကြီးသမားဘယ်လောက်ပါတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။ 

လွတ်လာသူများကလည်း နိုင်ကျဉ်းအရေအတွက် ထုတ်ဖော်ပြောဆိုခြင်း မရှိဟု သူက ဆက်ပြောသည်။

“သူတို့ဘက်ကလည်း ပေါက်ကြားမှာ စိုးလို့ထင်ပါတယ်။ ကျွန်တော်တို့ (သံတွဲ) ဘက်မှာက ဒလန်တော်တော်ပေါတဲ့ အနေအထားမှာရှိတယ်” ဟု သူက ရှင်းပြသည်။

“၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ ယမန်နှစ် နိုဝင်ဘာ ၁၃ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စတင်သည့် AA ၏ ထိုးစစ်များသည် ယခုနှစ် ဧပြီလအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းထိ ကူးစက်လာပြီး သံတွဲမြို့ပေါ်အထိ ကျယ်ပြန့်လာခဲ့သည်။

ဇွန် ၁၂ ရက်နေ့တွင် သံတွဲမြို့ပေါ်အထိ တိုက်ပွဲ ကူးစက်လာခဲ့ပြီး မြို့ပေါ် အမှတ် (၃) ရပ်ကွက်အနီးရှိ သံတွဲထောင်ကို လက်နက်ကြီး ကျည်ထိမှန်ခဲ့ရာ အကျဉ်းကျနေသူ အမျိုးသမီး ၂ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီက သံတွဲထောင်ကို မထိန်းနိုင်တော့၍ လက်နက်ကြီး ကျည်ကျသည့် ဇူလိုင် ၁၂ ညပိုင်းတွင်ပင် အကျဉ်းသား ရာနှင့်ချီကို ရွေးချယ် လွှတ်ပေးလိုက်ရာ သံတွဲဒေသခံတစ်ဦးက ကနဦး ပြန်လွတ်လာသူများထဲတွင် ၎င်း၏ မိတ်ဆွေ နိုင်ငံရေးအကျဉ်းသူတစ်ဦးလည်း ပါဝင်ကြောင်း၊ တရားဝင်ပြန်လွှတ်ခြင်းဟုတ်၊ မဟုတ် မသိရသေးကြောင်း ပြောသည်။

“နိုင်ကျဉ်း ၁၀ နှစ်သမား/ ၃ နှစ်သမားတွေ လွတ်လာတယ်။ တပ်စွဲထားတဲ့စစ်တပ်က ထွက်မပြေးခင် တရားဝင်လွှတ်ပေးလိုက်တာမျိုး။ ဒါပေမဲ့ ထောင်ထွက်လက်မှတ် စာရွက်စာတမ်း မပေးလိုက်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

 ကာလအတန်ကြာ ပိတ်မိပြီးနောက် လုံခြုံမည့်နေရာသို့ သွားရောက်ခိုလှုံရန် ပြင်ဆင်နေကြသော သံတွဲဒေသခံများကို AA တပ်သားတချို့နှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Arakan Bay News-ABN)

သို့သော်လည်း  AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ချခံထားရသူများ၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှု၊ ရာဇဝတ်မှု နှစ်ကြီးအကျဉ်းသားများ မပါဝင်ဟု လွတ်မြောက်လာသူ နိုင်/ ကျဉ်း၏ ပြောစကားကို ကိုးကားပြီး ၎င်းက ဆက်ပြောသည်။

“နိုင်ကျဉ်းထဲကတော့ ၁၇ (၁) သမားတွေကလွဲရင် အကုန်လွတ်လာပုံရတယ်၊ သူတို့နဲ့အတူတူ။ ကျန်သူတွေကတော့ ကျန်ခဲ့တယ်။ နောက်ပိုင်း AA ကယ်ထုတ်သွားတဲ့အထဲ ပါတယ် ကြားတယ်။ သူတို့တွေလည်း မိသားစုနဲ့ အဆက်အသွယ်မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။

ထို့နောက် ၃ ရက်အကြာတွင် AA က ထောင်ကို သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ 

သံတွဲ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများကို Myanmar Now က ဆက်သွယ် နိုင်ခဲ့သော်လည်း လုံခြုံရေးအခြေအနေအရ မဖြေကြားလိုကြောင်း ၎င်းတို့က ပြောသည်။

သံတွဲအကျဉ်းထောင် အခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

သံတွဲမြို့အနီး စစ်တပ် ထောင်ထားခဲ့သည့်မိုင်းများ ရှိကြောင်း AA က ဇူလိုင် ၁၃ ရက်က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ဧပြီလက စပြီး ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စတင်ခဲ့သည့် စစ်ပွဲများသည် မေနှင့် ဇွန်လများတွင် အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၁၅ ရက်နေ့တွင် သံတွဲမြို့ပေါ်ကို AA သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် သံတွဲမြို့ကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီ၏  ကြည်း၊ ရေ၊ လေ တပ်များက မြို့ကို နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေရာ အရပ်သားများသည် AA တပ်၏ အကူအညီဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်။ 

သံတွဲအခြေစိုက်  တပ်ရင်းနှစ်ခုဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ) ၅၆၆ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၅၅ တို့ကို AA က သိမ်းပိုက်ထားပြီး မြို့တောင်ဘက် မောင်ရွှေလေးရွာအနီးရှိ ရေတပ်စခန်း၊ ဒေသ အခေါ် ကွင်းဝိုင်းရေတပ်စခန်း တစ်ခုသာ ကျန်ရှိတော့သည်။

ထိုရေတပ်စခန်းတွင် စစ်ကူပို့ထားပြီး လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်နေသည်၊ ခံစစ်ဆင်ထားသည်ဟု သံတွဲ ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (ဇူလိုင် ၂၃) နံနက်တွင် ရခိုင်တပ် AA ထိန်းချုပ်ထားသည့် သံတွဲမြို့မှာ တည်ငြိမ်နေပြီး မြို့အနီးရှိ ရွာတချို့တွင် ပြန်လည်နေထိုင်ကြသူများလည်းရှိနေသည်ဟု သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီနေ့ပဲ သံတွဲမြို့ပေါ်ကို ကျွန်မ အဒေါ်ရဲ့ ယောက်ျားက ဆိုင်ကယ်နဲ့ ပတ်ကြည့်ခဲ့တာ၊ အခြေအနေက တည်ငြိမ်နေပြီလို့ ပြောတယ်။ မြို့နဲ့ အနီးဆုံးက ရွာတချို့လည်း လူပြန်နေလို့ရနေပြီ။ ကွင်းဝိုင်းရေတပ်ဘက်မှာတော့ နှစ်ဖက်ထိပ်တိုက် တိုက်ပွဲဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ အချိန်တွင် ရခိုင်တပ် AA က သံတွဲမြို့ အပါအဝင် လေဆိပ်နှင့် စစ်ကောင်စီ တပ်ရင်း ၂ ခု ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ လက်ကျန်ရေတပ်စခန်း ကျရှုံးသွားပါက ကမ္ဘာကျော် ငပလီကမ်းခြေရှိရာ သံတွဲမြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်နိုင်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ ကတည်းက သံတွဲတောင်ဘက်ရှိ လက်ကျန်ရေတပ်စခန်းကို AA က စတင် တိုက်ခိုက်နေပြီး သံတွဲတစ်မြို့နယ်လုံး သိမ်းယူရန် ကြိုးပမ်းနေသည်။

လက်ရှိတွင် သံတွဲမြို့ထဲ၌ AA က နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။

ထို့ကြောင့် သံတွဲကို လက်လွှတ်ရလုနီးပါးဖြစ်နေသော စစ်ကောင်စီတပ်သည် AA မတိုက်သေးသော ဂွ၊ တောင်ကုတ်နှင့် မာန်အောင်တို့တွင် ခံစစ်ပြင်ဆင်နေသည်ဟု ဒေသခံများက Myanmar Now ကို ပြောထားကြသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

မောင်တော တစ်မြို့နယ်လုံးရရှိရေးအတွက်လည်း ဆက်လက် တိုက်ခိုက်နေသည်။

Show More

Related Articles

Back to top button