ရုပ်သံသတင်း

ဦးထွန်းထွန်းဟိန်နှင့် နိုင်/ကျဉ်း ၂၀၀ ကျော်ကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း NUG ပြော

ယမန်နေ့ (ဇူလိုင် ၂၈) နံနက်ပိုင်းက လားရှိုးအကျဉ်းထောင် ပွင့်သွားပြီးနောက် ထိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် အကျဉ်းသားများမှာ လွတ်မြောက်သွားသည်။ လွတ်မြောက်သွားသူများထဲတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူ ဦးထွန်းထွန်းဟိန်လည်း ပါဝင်သည်။ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လားရှိုးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူက Myanmar Now ကို ယနေ့ ပြောသည်။ အချို့နိုင်ငံရေးအကျဉ်းသားများမှာ ဒဏ်ရာရထားသော်လည်း မစိုးရိမ်ရကြောင်းနှင့် ဆေးကုသမှုခံယူနေကြကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးမောင်မောင်ဆွေက ပြောသည်။ စစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချခံရသူ နိုင်ငံရေးအကျဉ်းသားမျိုးဆက်တိုင်းလိုလိုတွင် တော်လှန်ရေးရဲဘော်များက ထောင်ဖောက်၍ ၎င်းတို့ကို လာကယ်ကြလိမ့်မည်ဟူသော မျှော်လင့်ချက်များ ရှိကြစမြဲဖြစ်သည်။ ယခုအခါ ထိုစိတ်ကူးယဉ်၊ မျှော်လင့်ချက်များသည် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း လက်တွေ့ဖြစ်လာပြီ ဖြစ်သည်။ ကိုးကန့်တပ် MNDAA ဦးဆောင်၍ ယခုလ ၃ ရက်နေ့ကတည်းက လားရှိုးမြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီး၊ တစ်လနီးပါး ကြာလာချိန်တွင် မြို့နေရာအများအပြားကို ကိုးကန့်တပ်များ ထိန်းချုပ်ထားသည်။

Show More

Related Articles

Back to top button