သတင်း

ကိုမာန်ဇာမြေမွန် လက်ချောင်းများအချိုးခံရပြီး ပုဒ်မ ၅၀၅ ဖြင့် ၅ မှုဖွင့်ခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ ဆန္ဒပြပွဲခေါင်းဆောင် ကိုမာန်ဇာမြေမွန်သည် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) ဖြင့် အမှု ၅ မှု ဖွင့်ခံထားရပြီး နှိပ်စက်မေးမြန်းသည့်ကာလတွင် လက်ချောင်းများလှန်ချိုးခံထားရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ 

ဧပြီအတွင်း ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ရှမ်းထူးကျေးရွာတွင် ပုန်းရှောင်နေသည့် အသက် ၂၈ နှစ်အရွယ် ကိုမာန်ဇာမြေမွန်ကို စစ်တပ်က ပြီးခဲ့သည့် ဇွန် ၈ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။  

မုံရွာစစ်ကြောရေးစခန်းတစ်ခုတွင် ဇွန် ၈ မှ ၁၃ အထိ နှိပ်စက်စစ်ဆေးခံရပြီး ယခုအခါ မုံရွာအကျဉ်းထောင်တွင် ရောက်ရှိနေသည်။  

ယမန်နေ့ (ဇူလိုင် ၇) တွင် ထောင်တွင်းတရားရုံး၌ တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ရာ သူ၏ ရှေ့နေများနှင့် လူချင်းတွေ့ဆုံခွင့်ရခဲ့ကြောင်း ၎င်းမိသားစုဝင်က ပြောသည်။ 

“စစ်ကြောရေးမှာ လက်ချောင်းတွေက လှန်ချိုးခံထားရတယ်။ ဆယ်ချောင်းစလုံးပဲ။ လက်ချောင်းတွေက တုတ်ပြီး အခုထိကို မဆုပ်နိုင်မကိုင်နိုင်ဖြစ်နေတဲ့အနေအထားပါ” ဟု မျက်မြင်တွေ့ခဲ့သည့် ရှေ့နေများကို ကိုးကား၍ ၎င်းက ဆိုသည်။

ကိုမာန်ဇာမြေမွန်သည်၏ ပေါင်တွင်ရရှိသောဒဏ်ရာမှာ ဆိုင်ကယ်မှ လဲကျစဉ် ရရှိသောဒဏ်ရာဖြစ်ပြီး သက်သာပျောက်ကင်းခြင်း မရှိသေးကြောင်း သိရသည်။

“စစ်ကြောရေးမှာ လက်တွေဘာတွေ လှန်ချိုးခံရတော့ ကျန်းမာရေးက ပင်ကိုအနေအထားမှာ မရောက်သေးဘူး။ အဲ့ဒါတွေအတွက် တရားမျှတမှုရစေချင်တယ်” ဟု ကိုမာန်ဇာမြေမွန်၏ မိသားစုဝင်က ပြောသည်။

သူနှင့် မသက်ဆိုင်သည့် ဖြစ်ရပ်တချို့အတွက်လည်း ဆက်စပ်အမှုဖွင့်ခံထားရသည်ဟု ဆိုသည်။ 

“၅ မှု စွဲထားတာ။ သူများအမှုတွေထဲမှာပါ ထည့်ထားတာပေါ့။ အဲ့ဒီသူတွေကိုလည်း မသိဘူး၊ မသိဘဲနဲ့ အမှုဆွဲထည့်ထားတာ။ သူက နိုင်ငံရေးလုပ်တယ်ဆိုတော့ နိုင်ငံရေးပြစ်မှုနဲ့ စွဲတာမျိုးက လက်ခံပါသေးတယ်။ အခုက သူမသိတဲ့အမှုတွေနဲ့ရော စွဲတာမျိုးဆိုတော့ မတရားသဖြင့် လုပ်ထားတာပေါ့” ဟု ၎င်းမိသားစုဝင်က ဆိုသည်။

မိသားစုဝင်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ထံမှ တုံ့ပြန်ချက်ရရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရရှိသေးပေ။

၎င်း၏ဇနီးမှာ အသက် ၂၉ နှစ်အရွယ် ရဲမေတစ်ဦးဖြစ်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူ ဖြစ်သည်။ 

၂၀၁၄ လက်ပံတန်းကျောင်းသားသပိတ်တွင်လည်း ပါဝင်ခဲ့သည့် တက်ကြွလှုပ်ရှားသူ အသက် ၂၈ နှစ်အရွယ် ကိုမာန်ဇာမြေမွန်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အရွေးချယ်မခံခဲ့ရပေ။

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်ဖြေရှင်းမည့်အပေါ် ရပ်တည်ထောက်ခံကြောင်းပြသသည့် လှုပ်ရှားမှုကိုလည်း ချောင်းဦးမြို့၌ ကိုမာန်ဇာမြေမွန်က ဦးဆောင်ပြုလုပ်ခဲ့သည်။

၎င်းသည် အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA)၊ စစ်ကိုင်းတိုင်း၏ သဘာဝသယံဇာတဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ငန်း (EITI) တို့တွင် အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ 

MATA (မြန်မာနိုင်ငံလုံးဆိုင်ရာပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာမဟာမိတ်အဖွဲ့) ကလည်း ကိုမာန်ဇာမြေမွန်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန် ဇွန် ၈ တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

EITI အဖွဲ့ကလည်း ကိုမာန်ဇာမြေမွန်အပါအဝင် အရပ်ဘက်အဖွဲ့အစည်းအဖွဲ့ဝင်များ ဒီမိုကရေစီအရေးလှုပ်ရှားသူများအား မတရားဖမ်းဆီးချုပ်နှောင်ခြင်း မပြုရန်နှင့် အမြန်ဆုံးပြန်လည်လွှတ်ပေးပြီး လွတ်လပ်စွာ ဆွေးနွေးပြောဆိုခွင့်ပေးရန် ဇွန် ၁၀ တွင် တောင်းဆိုခဲ့သည်။ 

ယင်းနေ့မှာပင် အရပ်ဘက်အဖွဲ့အစည်းဖြစ်သော Publish What You Pay ကလည်း ၎င်းအဖမ်းခံရမှုအပေါ် စိုးရိမ်မကင်းဖြစ်မိပြီး အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတိုက်တွန်းခဲ့သည်။ 

UN SPECIAL RAPPORTEUR ON HUMAN RIGHTS DEFENDERS ရုံးမှလည်း ကိုမာန်ဇာမြေမွန်အဖမ်းခံရခြင်းအပေါ် စိုးရိမ်မိကြောင်း ထုတ်ပြန်ခဲ့သည်။ 

စစ်ကောင်စီသည် ၎င်းတို့အား ဆန့်ကျင်သူ၊ ဆန္ဒပြပွဲများတွင် ပါဝင်သူ၊ ဦးဆောင်သူများကို ဖမ်းဆီးကာ စစ်ကြောရေးတွင် နှိပ်စက်မေးမြန်းခြင်း၊ ၅၀၅(က) ဖြင့် အမှုတပ်ကာ တရားစွဲ၊ ထောင်ချခြင်းများ ပြုလုပ်နေသည်။ 

စစ်ကောင်စီက ပြီးခဲ့သည့် ဇွန် ၃၀ တွင် ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံရသူအများစုအပါအဝင် ချုပ်နှောင်ထားသူ ရာပေါင်းများစွာကို ပြန်လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ဇူလိုင် ၇ အထိ စာရင်းများအရ ထိန်းသိမ်းခံထားရသူ ၅၀၀၀ ကျော် ကျန်ရှိနေသေးသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button