သတင်း

ချောင်းဦးသပိတ်ခေါင်းဆောင် အကြမ်းဖက်ပုဒ်မများဖြင့် ထောင် ၁၁ နှစ် ထပ်ချခံရ

ပစ်ခတ်ဖမ်းဆီးခံရပြီး လက်ချောင်းများ အချိုးခံရသူကို အကြမ်းဖက်ပုဒ်မများဖြင့် စီရင်ချက်ချသဖြင့် စုစုပေါင်း ၂၁ နှစ် ကျခံနေရသည်။ ကိုမာန်ဇာမြေမွန်သည် အခြားအမှုများ ထပ်မံ ရင်ဆိုင်ရဦးမည်ဟု သိရသည်။

၂၀၂၁ ခုနှစ်တွင် ပစ်ခတ်ဖမ်းဆီးခံရသူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ ဆန္ဒပြခေါင်းဆောင်ကို ယနေ့ (အောက်တိုဘာ ၁၈) တွင် မုံရွာထောင်တွင်းတရားရုံးက အကြမ်းဖက်ပုဒ်မများဖြင့် ထောင် ၁၁ နှစ် ချလိုက်သည်။

ကိုမာန်ဇာမြေမွန်သည် ယခင်ကလည်း အမှုများစွာအတွက် ထောင် ၁၀ နှစ် ချခံထားရသူဖြစ်သည်။

“အကြမ်းဖက်မှုနဲ့ ထောင် ၁၁ နှစ် ထပ်ချခံရတယ်။ အရင်အမှုက ၅၀၅ ငါးမှုနဲ့ ၁၀ နှစ်။ အခုက အကြမ်းဖက်မှုနဲ့ ၁၁ နှစ် ထပ်ကျတာ” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) ၊ ၅၁ (ဂ) ၊ ၅၂ (က) များဖြင့် ထောင်ဒဏ် ၁၁ နှစ် တစ်ပေါင်းတည်းကျခံရန် အာဏာသိမ်းစစ်ကောင်စီ၏တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော မုံရွာထောင်ဆန္ဒပြပွဲတွင်လည်း ပါဝင်ခဲ့သည်ဟု သိရကြောင်း၊ ၎င်းကို ထပ်မံတရားစွဲဆိုရန် အစီအစဉ်ရှိသေးသည်ဟု ချောင်းဦးရဲစခန်းထံမှ သိရကြောင်း မိသားစုဝင်များကို ကိုးကား၍ အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

ယခုနှစ် စက်တင်ဘာလဆန်းက မုံရွာအကျဉ်းထောင်တွင်း ဖိနှိပ်မှုကို ရှုတ်ချသည့်အနေဖြင့် နိုင်ငံရေးအကျဉ်းသား ၅၀ ခန့်က အစာငတ်ခံဆန္ဒပြခဲ့ကြရာ ထောင်အာဏာပိုင်များက ဆန္ဒပြရာတွင် ပါဝင်သူများကို လျှော့ရက်ပိတ်ခြင်း၊ ထောင်တွင်းတရားစွဲဆိုခြင်းများ ရှိနေကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောထားသည်။

ထိုအစာငတ်ခံဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်သူ ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၉ ဦးကို လျှော့ရက် တစ်နှစ်ပိတ်ထားသည်ဟုလည်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စစ်ကိုင်းတိုင်းလူငယ်အဖွဲ့ဝင်လည်းဖြစ်သော အသက် ၃၀ အရွယ် ကိုမာန်ဇာမြေမွန်ကို ၂၀၂၁ ဧပြီလအတွင်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဇွန် ၈ ရက်တွင် ပစ်ခတ်ဖမ်းဆီးခံရသည်။

စစ်ကောင်စီက ပေါင်တွင် ကျည်ထိထားသည့် သူ့ကို စစ်ကြောရေးစခန်းတွင် ၅ ရက်ကြာ စစ်ဆေးစဉ် လက်ချောင်းများ ကျိုးသည်အထိ နှိပ်စက်ခဲ့သည်။

ထို့နောက် မုံရွာထောင်သို့ ပို့ဆောင်လိုက်ကာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှု ငါးမှု ဖွင့်ပြီး နှစ်ရှည်ထောင်ဒဏ် ချခဲ့သည်။

၂၀၁၄ လက်ပံတန်းကျောင်းသားသပိတ်တွင်လည်း ပါဝင်ခဲ့သည့် တက်ကြွလှုပ်ရှားသူ ကိုမာန်ဇာမြေမွန်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချောင်းဦးမြို့နယ် NLD ပါတီကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သည်။

အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ထိုလူငယ်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA)၊ စစ်ကိုင်းတိုင်း၏ သဘာဝသယံဇာတဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ငန်း (EITI) တို့တွင် အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

စစ်အာဏာသိမ်းသည့်နေ့မှ စပြီး စစ်ကောင်စီက ၎င်းတို့နှင့် သဘောထားမတူသူများ၊ အာဏာသိမ်းမှု ဆန့်ကျင်သူများကို နေ့စဉ် ဖမ်းဆီးလျက်ရှိရာ ၁၉၅၉၃ ဦးထက်မနည်း ထိန်းသိမ်းခံနေရဆဲဖြစ်သည်၊ ထိုအထဲမှ ၇၇၈၇ ဦးမှာ ထောင်ဒဏ် ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button