သတင်း

ပစ်ခတ်ဖမ်းဆီးခံရသည့် ကိုမာန်ဇာမြေမွန်အတွက် မိသားစုစိုးရိမ်နေ

ပစ်ခတ်ဖမ်းဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် လူငယ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် ထိန်းသိမ်းခံထားရသည့် နေရာ၊ ဒဏ်ရာအခြေအနေတို့နှင့် ပတ်သက်ပြီး မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။ 

ဇွန် ၈၊ နံနက် ၆ နာရီဝန်းကျင်က ရှမ်းထူးကျေးရွာတွင် ပုန်းရှောင်နေသည့် ကိုမာန်ဇာမြေမွန်ကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

MATA အရပ်ဘက်လူမှုအဖွဲ့အစည်းအင်္ကျီ ဝတ်ဆင်ထားပြီး ပေါင်တွင် ကျည်ထိထားသည့် ကိုမာန်ဇာမြေမွန် လက်ပြန်ကြိုးတုပ်ခံထားရပြီး မျက်နှာကို နှာခေါင်းစည်းဖြင့် ဖုံးအုပ်ထားသောဓာတ်ပုံ ဇွန် ၉ နံနက်အစောပိုင်း၌ အွန်လိုင်းလူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့ခဲ့သည်။ 

“အခြေအနေက ဘယ်လိုမှကို ဆက်သွယ်လို့မရဖြစ်နေတာ။ ရှေ့နေနဲ့တိုင်ပင်ပြီး လုပ်ကြည့်ရမှာပဲ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ 

ကိုမာန်ဇာမြေမွန်သည် အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA)၊ စစ်ကိုင်းတိုင်း၏ သဘာဝသယံဇာတဆိုင်ရာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးလုပ်ငန်း (EITI) တို့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသူလည်းဖြစ်သည်။ 

MATA အဖွဲ့ကလည်း ကိုမာန်ဇာမြေမွန်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန် ယမန်နေ့က တောင်းဆိုခဲ့သည်။ 

စစ်ကောင်စီက ဆန္ဒပြခေါင်းဆောင်များကို လိုက်လံဖမ်းဆီးနေသောကြောင့် မတ် ၃၁ ကတည်းက နေအိမ်မှ တိမ်းရှောင်ခဲ့သည်။ 

၎င်းကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ကြောင်း ဧပြီ ၁၇ တွင် စစ်ကောင်စီက ကြေညာခဲ့သည်။ 

၎င်း၏ဇနီးမှာ အသက် ၂၉ နှစ်အရွယ် ရဲမေတစ်ဦးဖြစ်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သောကြောင့် အတူတိမ်းရှောင်ခဲ့သည်။ 

“အဲဒီနေ့က စစ်ကားတွေ ဝင်တော့မယ်ဆိုလို့ စောင့်နေကြတာ။ အဲဒါ ရှမ်းထူးကို မဝင်ဘဲ ကင်းပွန်းတော်ရွာဘက် ရောက်သွားတာ။ ကိုယ်တွေရွာထဲကို မဝင်တော့ဘူး ငြိမ်းချမ်းပြီဆိုပြီး ခဏနားနေတဲ့အချိန်မှာ သူက ကိုယ်မသိအောင် စစ်ကားအခြေအနေကြည့်မယ်ဆိုပြီး ထွက်သွားတာ” ဟု ဇနီးဖြစ်သူက ပြောသည်။ 

ဇွန် ၈ နံနက် ၆ နာရီခန့်တွင် ကိုမာန်ဇာမြေမွန် ပုန်းရှောင်နေသော ရှမ်းထူးကျေးရွာသို့ စစ်တပ်က ဝင်ရောက်လာရာ အခြေအနေထွက်စုံစမ်းသော ကိုမာန်ဇာမြေမွန်ကို ပေါင်တွင် ကျည်ထိမှန်ကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။ 

“မကြာဘူး။ နာရီဝက်လောက်ကြာတော့ မာန်ဇာမြေမွန် အဖမ်းခံရတယ်ဆိုပြီး သတင်းတွေတက်လာတာ။ ဖုန်းက ခေါ်တာ၊ ခေါ်တာ၊ ဝင်တယ်၊ မကိုင်ဘူး။ အဲဒါနဲ့ မဟုတ်လောက်ဘူး ထင်တာ။ မနက် ၉ နာရီကျော်လောက်မှ စက်ပိတ်သွားတာ” ဟု ၎င်းက ပြောသည်။  

“အဖမ်းခံရတာကို မယုံနိုင်ဘူးဖြစ်နေတာ။ သူ့လောက်သတိကြီးတာ သူပဲရှိတာလေ။ ဒီလောက်သတိကြီးတဲ့ ကြားကနေ အဖမ်းခံလိုက်ရတာကို မယုံနိုင်ဘူးဖြစ်နေတာ။ သူက လက်ထောက်ချခံရပြီး ဖမ်းခံရတယ်လည်း ကြားတယ်”

ရဲတပ်ဖွဲ့တွင် လုပ်သက် ၅ နှစ်ရှိခဲ့သည့် ယင်းအမျိုးသမီးသည် ခင်ပွန်းသည်၏ တိုက်တွန်းမှုတစ်ဝက်၊ ကိုယ်တိုင်ဆန္ဒတစ်ဝက်ဖြင့် ၎င်းဝါသနာပါသည့် ရဲလုပ်ငန်းကို စွန့်လွှတ်၍ မတ် ၃၁ တွင် CDM လှုပ်ရှားမှု၌ ပါဝင်လာခဲ့သူဖြစ်သည်။ 

ရွာထဲမှ လူငယ်တစ်ဦးကို ကိုမာန်ဇာမြေမွန်က ဆိုင်ကယ်ဖြင့် ရွာထိပ် လိုက်ပို့ခိုင်းပြီး စစ်တပ်လာမလာ သွားရောက်စောင့်ကြည့်ခဲ့ပြီး ၎င်းအပါအဝင် ၄ ယောက်ခန့်က စောင့်ကြည့်ခဲ့သည်ဟု ကြားသိရကြောင်း ရွာခံများကို ကိုးကား၍ ဇနီးဖြစ်သူက ပြောသည်။  

“စစ်ကားကို တွေ့တဲ့အခါကျ ဆိုင်ကယ်ရှေ့က စီးတဲ့ကလေးက ပြန်ကွေ့တာ။ အဲဒါကို ဟိုကနေ သေနတ်နဲ့ ပစ်ဖမ်းလိုက်တာ။ သူ့ကို ထိသွားပြီး ပြုတ်ကျကျန်ခဲ့တာ။ အဲဒါ မာန်ဇာ၊ မာန်ဇာဆိုပြီး ပစ်ချခဲ့တာလို့ အဲဒီနားအိမ်တွေက ပြောသံကြားရတယ်” ဟု ဆိုသည်။ 

“စစ်ကားရှေ့ခေါ်ပြီး လုပ်ကြံလိုက်သလို ဖြစ်သွားတယ်” ဟု သူက ဆက်ပြောသည်။ 

“စိတ်ထဲ တအားဝမ်းနည်းတာ။ ယူကျုံးမရကို ဖြစ်တာ။ ကိုယ်က လှုပ်ရှားလို့မရ၊ CDM ကလည်း လုပ်ထားတာဆိုတော့”

ကိုမာန်ဇာမြေမွန်နှင့်အတူ ဆိုင်ကယ်စီးနင်းသွားသူများကို မည်သူမည်ဝါ မသိရှိရသေးဘဲ စုံစမ်းနေသေးကြောင်း၊ ယင်းအချက်နှင့် ပတ်သက်ပြီး ကာယကံရှင်ကို တွေ့မှသာ မေးမြန်းအတည်ပြုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။  

ဖမ်းဆီးခံထားရမှုအခြေအနေနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန် မေးမြန်းလိုသော်လည်း ချောင်းဦးရဲစခန်းနှင့် ဆက်သွယ်၍မရသေးပေ။

ချောင်းဦးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ ဦးဆောင်ဟောပြောခဲ့စဉ်။ (ဓာတ်ပုံ – ပေးပို့) 

၂၀၁၄ လက်ပံတန်းကျောင်းသားသပိတ်တွင်လည်း ပါဝင်ခဲ့သည့် တက်ကြွလှုပ်ရှားသူ အသက် ၂၈ နှစ်အရွယ် ကိုမာန်ဇာမြေမွန်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချောင်းဦးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)  ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အရွေးချယ်မခံခဲ့ရပေ။

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်ဖြေရှင်းမည့်အပေါ် ရပ်တည်ထောက်ခံကြောင်းပြသသည့် လှုပ်ရှားမှုကိုလည်း ချောင်းဦးမြို့၌ ကိုမာန်ဇာမြေမွန် ဦးဆောင်ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီ ၁ တွင် စစ်အာဏာသိမ်းပြီးနောက် ချောင်းဦးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်သူတစ်ဦးဖြစ်သည်။

ကိုယ်တိုင်က ရဲဝန်ထမ်းတစ်ဦးဖြစ်သောကြောင့် ဖမ်းဆီးခံရမှုကို လိုက်လံစုံစမ်းလိုသော်လည်း တိမ်းရှောင်နေရ၍ စုံစမ်းရခက်ခဲနေကြောင်း ၎င်း၏ ဇနီးက ပြောသည်။ 

“စုံစမ်းနေပေမဲ့ အများစုက မင်းအောင်လှိုင်ကို အားကျနေကြတဲ့သူတွေလည်းရှိတော့ ကိုယ်က ဆက်သွယ်လိုက်ရင် ကိုယ့်နေရာ သတင်းပေးလိုက်သလို ဖြစ်သွားမှာစိုးတာ။ ချောင်းဦးမှာလည်း CDM လုပ်တာ နှစ်ယောက်ပဲရှိတာကိုး။ အပြင်ကနေ အချိတ်အဆက်နဲ့ပဲ စုံစမ်းမယ်” ဟု ဆိုသည်။ 

 “CDM လုပ်တာ သူ့တိုက်တွန်းမှု အများကြီးပါပါတယ်။ ကိုယ်တိုင်ကလည်း ဒီ မကောင်းတာကြီးလုပ်နေတာ မြင်နေတော့၊ ပြည်သူတွေကို နှိပ်စက်နေတာ မကြည့်ရက်နိုင်တော့ CDM လုပ်ပစ်လိုက်တယ်။ သူ့တိုက်တွန်းမှုပါသလို ကိုယ့်စိတ်ဆန္ဒလည်း ပါတာပေါ့။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာလေ။ နွေဦးတော်လှန်ရေးက အောင်ကိုအောင်ရမယ်။ အားတင်းထားကြပါ” ဟု ကိုမာန်ဇာမြေမွန်၏ ဇနီး CDM ရဲက ပြောလိုက်သည်။ 

Show More

Related Articles

Back to top button