သတင်း

ချောင်းဦးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများဦးဆောင်သူ လူငယ်တစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ 

စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမာန်ဇာမြေမွန်ကို ယနေ့ (ဇွန် ၈) နံနက်အစောပိုင်းတွင် စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးသို့ ပို့ဆောင်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ယနေ့နံနက် ၆ နာရီခန့်တွင် ကိုမာန်ဇာမြေမွန် ပုန်းရှောင်နေသော ချောင်းဦးမြို့နယ် ရှမ်းထူးကျေးရွာ၌ စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ပစ်ခတ်ခံရပြီး ပေါင်တွင် သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

၎င်း၏ ဒဏ်ရာကို ဆေးကုသပေးထားသော်လည်း သံခြေချင်းခတ်ကာ မုံရွာစစ်ကြောရေးသို့ ပို့ဆောင်လိုက်သည်ဟု ကြားသိရကြောင်း ချောင်းဦးမြို့ခံတစ်ဦးက ယနေ့ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။ 

“အဲဒီရွာ (ရှမ်းထူး) စာသင်ကျောင်း ညက မီးရှို့ခံရပြီး မနက်ကျတော့ စစ်တပ်ရောက်လာတယ်။ အဲဒါကြောင့် ရွာကနေ ထွက်တာမှာ စစ်တပ်နဲ့ တိုးပြီး သေနတ်နဲ့ ပစ်လိုက်တာ ပေါင်ထိပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျသွားတယ်” ဟု ကိုမာန်ဇာမြေမွန်နှင့် နီးစပ်သူ ၎င်းမြို့ခံက ပြောသည်။

မိသားစုဝင်များအနေဖြင့် ယနေ့နံနက် ၇ နာရီခန့်တွင်မှ ကိုမာန်ဇာမြေမွန် ဖမ်းဆီးခံရသည့် သတင်းကြားသိရသော်လည်း လတ်တလောတွင် အဆက်အသွယ်မရသေးကြောင်း သိရသည်။

စာရေးဆရာမြေမွန်၏ သားဖြစ်သူ အသက် ၂၈ နှစ်အရွယ် ကိုမာန်ဇာမြေမွန်သည် ယခင်က အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ချောင်းဦးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သူဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းပြီးနောက် ချောင်းဦးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမာန်ဇာမြေမွန်ကို အာဏာသိမ်းစစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ဧပြီလအတွင်း ဖမ်းဝရမ်းထုတ်ခဲ့သည်။ 

ပြီးခဲ့သည့် မေ ၁၃ တွင် ချောင်းဦးမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ မယ်သဲကြိုးရွာကို စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံလူငယ်များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ 

Show More

Related Articles

Back to top button