စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၌ သီတင်းကျွတ်လပြည့်ညက ဆီမီးသပိတ် လေကြောင်း တိုက်ခိုက်ခံရမှုတွင် ဆယ်နှင့်ချီ ထိခိုက်ဒဏ်ရာရသည့်ပြည်သူများ ဆေးဝါးကုသမှု အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း တော်လှန်ရေးအင်အားစုများနှင့် မြေပြင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံက သိရသည်။
ချောင်းဦးမြို့၊ ဘုံတိုရွာတွင် အောက်တိုဘာလ ၆ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) ညပိုင်းက ဆီမီးထွန်း သပိတ်ကျင်းပနေချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသည့် အင်ဂျင်တပ်လေထီးက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးသူငယ်များအပါအဝင် အစုလိုက်အပြုံလိုက်သေဆုံးပြီး ဆယ်ချီပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာ စစ်ကိုင်းတိုင်းကို ဆေးဝါးအပါအဝင် ကုန်စည်စီးဆင်းခွင့်များကို စစ်တပ်က ပြီးခဲ့သည့်လပိုင်းကစတင်၍ တင်းကျပ်ထားရာ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိချိန်တွင် ဆေးဝါးမလုံလောက်သော အခက်အခဲကို ပိုမိုဆိုးရွားစွာရင်ဆိုင်နေရသည်။
ကိုလှိုင်း/ Myanmar Now



