သတင်း

တပ်က အမှုဖွင့်ထားသည့် DMG သတင်းသမားနှစ်ဦး အာမခံ ရရှိ

ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ်အခြေစိုက် သတင်းသမားနှစ်ဦးကို ရဲတပ်ဖွဲ့က ယမန်နေ့ (ဇန်နဝါရီ ၂၆) တွင် အာမခံပေးလိုက်သည်ဟု ကာယကံရှင်များက ပြောသည်။ 

ဇန်နဝါရီ ၁၀ က Development Media Group (DMG) သတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် “ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတောင်း ၇၀၀ ကို တပ်မတော်သားများ ယူဆောင်သွား ”ဆိုသည့် သတင်းကြောင့် သတင်းရေးသူ မနှင်းနွယ် (၂၂ နှစ်)နှင့် ဒုတိယတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံ (၂၆ နှစ်)တို့ကို ဗိုလ်မှူးဘုန်းမြင့်ကျော်က ဇန်နဝါရီ ၂၂ က စစ်တွေမြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

သတင်းဌာန လိုင်စင်ရှိမရှိနှင့် ၎င်းသတင်း ထုတ်လုပ်‌ရေးသားခဲ့ပုံများကို ရဲတပ်ဖွဲ့က ယမန်နေ့က စစ်ဆေးမေးမြန်းခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းတန် အာမခံများဖြင့် ပြန်လွှတ်ပေးလိုက်သည်ဟု ကိုနေဝင်းစံက Myanmar Now ကို ပြောသည်။

ထို့ပြင် သတင်းထောက် မနှင်းနွယ်အသုံးပြုသည့် ကွန်ပျူတာတစ်လုံးနှင့် ဆက်သွယ်သတင်းယူခဲ့သည့် ဖုန်းတစ်လုံးတို့ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းထားလိုက်သည်ဟု ၎င်းက ဆက်ပြောသည်။  

“နှင်းနွယ် ဆက်သွယ်တဲ့ ဖုန်းနဲ့ သတင်းရေးသားတဲ့ ကွန်ပျူတာကို သိမ်းထားလိုက်တယ်။ အဲဒါတွေ (ကွန်ပျူတာနဲ့ဖုန်း) ကို၊ အသံဖိုင်တွေကို တရားရုံးရောက်မှ ဖွင့်ပြဖို့ တောင်းဆိုတယ်။ ဒါပေမယ့် မရဘူး။ ရဲက ပေးရမယ်ဆိုပြီး ပုံစံမျိုးနဲ့ပြောလို့ ပေးခဲ့ရတယ်”ဟု ကိုနေဝင်းစံက ပြောသည်။

DMG ၏ တာဝန်ခံအယ်ဒီတာ မိုးဇော်မြင့်ကိုလည်း ရဲစခန်းက ယနေ့ ညနေ ဆင့်ခေါ်ထားကြောင်း ယင်းသတင်းဌာနမှ သိရသည်။

“တရားရုံးကို ဘယ်နေ့တင်မလဲ မသိသေးဘူး။ ဒီနေ့ ကိုမိုးဇော်မြင့်ကို စစ်ဆေးဦးမယ်ဆိုတော့ ဘယ်လိုအနေအထား ဖြစ်လာမလဲ မသိသေးဘူး”ဟု ကိုနေဝင်းစံက ပြောသည်။

စစ်ရေးပဋိပက္ခသတင်းများကို အဓိကရေးသားသည့် အသက် ၂၂ နှစ်အရွယ် မနှင်းနွယ်သည် သတင်းရေးသားမှုကြောင့် ရခိုင်ပြည်နယ်တွင် အမှုဖွင့်ခံရသည့် ပထမဆုံး အမျိုးသမီးသတင်းထောက် ဖြစ်လာသည်။

သတင်းစာကျင့်ဝတ်နှင့်အညီ ရေးသားခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကိုမျှ ထိခိုက်နစ်နာစေရန် ရေးသားခဲ့ခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ ဆုံးရှုံးနစ်နာမှုအပေါ်တွင် အခြေခံရေးသားခဲ့ခြင်းဖြစ်သည်ဟု မနှင်းနွယ်က Myanmar Now ကို ပြောသည်။

“ကျွန်မတို့ကလည်း တပ်ပိုင်းဆိုင်ရာတွေကို ဆက်သွယ်လို့မရခဲ့ဘူးဆိုတာကို မီဒီယာကျင့်ဝတ်နဲ့အညီ သတင်းမှာ ရေးသားဖော်ပြခဲ့တယ်။ အဲဒါကို သူတို့ကို စွပ်စွဲတယ်ဆိုပြီး အမှုဖွင့်တယ်ဆိုတာက မဖြစ်သင့်ဘူး။ ပြည်သူလူထု ဆုံးရှုံးနစ်နာမှုကို ဖော်ပြချင်ရုံသက်သက်နဲ့ ရေးသားခဲ့တာဖြစ်တဲ့အတွက် ခုလိုအမှုဖွင့်ခံရတာကို စိတ်မကောင်းဖြစ်မိတယ်”ဟု ၎င်းက ဆိုသည်။

တရားစွဲခံရသည့် သတင်းတွင် ဒေသခံများအသံ ဖော်ပြထားပြီး တစ်ဖက်အသံဖြစ်သော ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးတို့အား ဆက်သွယ်၍ မရသောကြောင့် မဖော်ပြနိုင်ကြောင်း ပါရှိသည်။ 

“အခု အမှုရင်ဆိုင်နေရတယ်ဆိုတော့ ကိုယ်ရေးလိုက်တဲ့သတင်းကြောင့် နောက်ထပ် တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်မှုဖြစ်တယ်။ အလုပ်မှာ ထိခိုက်သွားတယ်” ဟု မနှင်းနွယ်က ဆိုသည်။

DMG သတင်းဌာနအနေဖြင့် တပ်မတော်အရာရှိတစ်ဦးက အမှုဖွင့်ခဲ့ခြင်းအပေါ် ကြားဝင်ညှိနှိုင်းပေးရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) ထံ ဇန်နဝါရီ ၂၅ က တိုင်ကြားထားပြီး ကောင်စီအနေဖြင့် တပ်မတော်သို့ စာပေးပို့အကြောင်းထားသည်ဟု သိရသည်။

ပြဋ္ဌာန်းထားသော သတင်းမီဒီယာဥပဒေအရ သတင်းသမားတစ်ဦးအား အရေးယူမည်ဆိုပါက သတင်းမီဒီယာကောင်စီကို ရှေ့ဦးစွာ တိုင်ကြားရမည်ဖြစ်သော်လည်း တပ်မတော်အရာရှိက ရာဇဝတ်ပုဒ်မဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သောကြောင့် MPC ထံ အကြောင်းကြားထားခြင်း ဖြစ်သည်ဟု ထပ်မံသိရသည်။ 

တပ်မတော်ဘက်ကမူ သတင်းတွင်ပါရှိသော မာလာ (ရခိုင်) ကျေးရွာတွင် ၂၀၂၀ မတ်လကတည်းကစ၍ လူနေထိုင်သူ မရှိဘဲ လယ်စိုက်ပျိုးမှု မရှိကြောင်း၊ (ရက္ခိုင့်တပ်တော်- AA နှင့်) တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်နေချိန်တွင် တပ်မတော်ကို လူထု အထင်လွဲအောင် ရေးသား၍ အမှုဖွင့်ခြင်းဖြစ်ကြောင်း ပြောသည်။ 

“ရခိုင်မှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုအနေနဲ့ မြေပြင်အခြေအနေမှာ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအပေါ်မှာ မူတည်ပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု မလုပ်ထားတဲ့အချိန်မှာ တစ်မျိုးတစ်မည် ထင်လာအောင်ပေါ့နော်။ လုပ်ကြံဖန်တီးပြီး ရေးထားတာကြောင့် (အမှုဖွင့်) လုပ်ရခြင်းဖြစ်တယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ 

စစ်တွေမြို့အခြေစိုက် DMG သည် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများ၊ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများကို အဓိကရေးသားနေသည့် သတင်းဌာနဖြစ်ပြီး လက်ရှိတွင် အခြားအမှု သုံးခု ရင်ဆိုင်နေရသည်။ 

အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၂) ဖြင့် ၂၀၁၉ မေလတွင် သတင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။ ထို့ပြင် DMG ၏ မောင်တောမြို့နယ်အခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာနက ၂၀၂၀ ၊ဒီဇင်ဘာ ၁၁ က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ယ)ဖြင့် အမှုဖွင့်ထားသည်။

အမှုသုံးခုကို ရင်ဆိုင်နေရသောကြောင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေသည်ဟု ကိုနေဝင်းစံက ပြောသည်။

“ရုံးအခြေအနေက မလည်ပတ်နိုင်ဘူး။ ဆိုလိုတာက သတင်းထောက်၊ အယ်ဒီတာတွေ အမှုဖွင့်ခံရတယ်။ ဒီနေ့လည်း တာဝန်ခံအယ်ဒီတာ စစ်ဆေးခံရမယ်။ အဲလိုအခြေအနေမျိုးမှာ လုပ်ငန်းလည်ပတ်မှုက ရပ်တန့်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်လုပ်သွားမယ်။ လတ်တလောအနေအထားမှာ သတင်းလုပ်ငန်း ထိခိုက်မှုရှိသွားတယ်”ဟု ၎င်းက ဆိုသည်။

DMG သတင်းဌာနကို လွန်ခဲ့သည့် ၂၀၁၂ တွင် စတင်တည်ထောင်ခဲ့ပြီး ပုံနှိပ်သတင်းဂျာနယ်ကို တစ်လလျှင် နှစ်ကြိမ် ထုတ်ဝေခဲ့သည်။ ဂျာနယ်ထုတ်ဝေခွင့်သက်တမ်း ၂၀၁၉ ၌ ကုန်ဆုံးချိန်တွင် သက်တမ်းတိုးရန် ထပ်မံခွင့်ပြုချက်မရသောကြောင့် ထုတ်ဝေမှု ရပ်နားခဲ့ရသည်။ 

 သတင်းဌာန၏ ဝက်ဘ်ဆိုက်စာမျက်နှာလည်း မြန်မာနိုင်ငံတွင် ကြည့်ရှုရန် ပိတ်ထားခြင်းခံရပြီး သတင်းဌာနလိုင်စင် မရှိသောကြောင့် ပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းရာတွင် အခက်အခဲနှင့် ရင်ဆိုင်ရတတ်သည်ဟု သိရသည်။

“ပြည်နယ်အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေကို ဖုန်းဆက်မေးမြန်းတဲ့အခါမှာ မင်းတို့ဌာနဟာ မှတ်ပုံတင်ထားလား၊ မှတ်ပုံတင်ရှိလား မေးတာတွေ ကြုံရတယ်။ အဲဒါကြောင့် တစ်ခါတလေ အင်တာဗျူးမရတာတွေလည်း ရှိပါတယ် ”ဟု ကိုနေဝင်းစံက ပြောသည်။

Show More

Related Articles

Back to top button