သတင်း

စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ  ငါးလကျော် ရပ်နားထားရ

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း လွတ်လပ်သော သတင်းမီဒီယာများ တက်ရောက်လေ့မရှိသည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲကို လွန်ခဲ့သော ငါးလကျော်၊ ၂၀၂၂ နိုဝင်ဘာ ၁၈ တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော် ပြန်ကြားဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ပြီးနောက် ယနေ့တိုင် ထပ်မံ ကျင်းပနိုင်ခြင်းမရှိတော့ပေ။

၂၁ ကြိမ်မြောက်အဖြစ် ကျင်းပသည့် ထိုသတင်းစာရှင်းလင်းပွဲတွင် စစ်တပ်က ဖမ်းထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အမေစု၊ အန်တီစုဟု သုံးနှုန်းပြောဆိုမှုများကို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ရင်ဆိုင်ရပြီးနောက်တွင် ရပ်နားသွားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ်နှင့် တစ်လေသံတည်းထွက်သူများ၊ စစ်ကောင်စီကို ထောက်ခံသူအများစုသာ တက်ရောက်သည့် ထိုသတင်းစာရှင်းလင်းပွဲတွင် ကမောက်ကမဖြစ်စဉ်များ ရှိခဲ့ပြီး ယင်းတို့အနက် တစ်ခုမှာ သူရိယနေဝန်းဂျာနယ်မှ ဦးမိုးဟိန်း မေးမြန်းစဉ် ပေါ်ပေါက်ခဲ့သည်။

မြန်မာ့ဒီမိုကရေစီအရေးတော်ပုံခရီးအစ ၁၉၈၈ နောက်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးသော်လည်း လက်ရှိတွင် ရုပ်သံဆွေးနွေးခန်းများဖြင့် စစ်ကောင်စီအတွက် ဝါဒဖြန့်ချိသူအဖြစ် ရပ်တည်နေသည့် ဦးမိုးဟိန်းက အကြံပြုချက်၊ တွေ့မြင်ချက်ဟု ခေါင်းစဉ်တပ်၍ အကြောင်းအရာနှစ်ခု မေးမြန်းရာ စုစုပေါင်း အချိန် ၁၄ မိနစ်ခန့် ကြာသည်။

၎င်း၏ ဒုတိယမေးခွန်းတွင် NLD အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးကာ စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် NLD နာယက ဦးဝင်းထိန်ထံမှ ထွက်လာသော ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြားချက်ဆိုသည်မှာ အစစ်အမှန်မဟုတ်ဟူသောအချက် ပါဝင်သည်။

ယနေ့အထိ စစ်ကောင်စီ အကျပ်အတည်းတွေ့နေသည့် ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်မှု၊ တစ်နိုင်ငံလုံး ပုန်ကန်တော်လှန်နေမှုများ ပေါ်ပေါက်စေရန် ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်နာမည်ကို အလွဲသုံးခြင်းဖြစ်သည်၊ အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို လိမ်ညာပြောတတ်သူမဟုတ်ဟု ဦးမိုးဟိန်းက ဗိုလ်ချုပ်ဇော်မင်းထွန်းကို ပြောခဲ့သည်။ ထိုပန်ကြားချက်ကို အကြောင်းပြ၍ စစ်ကောင်စီက အသက် ၈၀ အရွယ် ဦးဝင်းထိန်ကို ထောင်အနှစ် ၂၀ ချကာ မန္တလေး အိုးဘိုထောင်သို့ ပို့ထားပြီးဖြစ်သည်။ ထို့အတူ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မမျိုးစုံဖြင့် လီဆယ်၍ ထောင် ၃၃ နှစ်ချကာ နေပြည်တော်အချုပ်ထောင်တွင် ထားရှိသည်။

စစ်ကောင်စီ ပြောခွင့်ရသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း။ ဓာတ်ပုံ – စစ်ကောင်စီ

ထိုမေးခွန်းနှင့် ပတ်သက်ပြီး  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်ဖြေရာတွင် အာဏာသိမ်းသည်မှာ တရားဝင်သယောင် ကမ္ဘာသိ ဝါဒဖြန့်ထားပြီးဖြစ်သည့် စစ်ကောင်စီ၏ ဇာတ်ညွန်းနှင့် အံချော်နေသည့် အကြောင်းအရာများ ပါဝင်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ နံနက်မိုးလင်းပြီးချိန်မှ နိုင်ငံတော်သမ္မတရုံးတွင် ဒုတိယ သမ္မတ၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေက အခမ်းအနားဖြင့် အာဏာလွှဲပေး၍ အာဏာကို တရားဝင် ရယူလိုက်ရသယောင် ပုံဖမ်းကာ လွန်ခဲ့သော နှစ်နှစ်ကျော်က စစ်ကောင်စီ၏ ဝါဒဖြန့်ချိခဲ့မှုနှင့် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်တို့ ရှေ့နောက်မညီဖြစ်ခဲ့သည်။

ထိုအခမ်းအနားမလုပ်မီ နာရီများစွာစောသည့် ၂၀၂၁ ဇန်နဝါရီ ၃၁ သန်းခေါင်ယံလွန်ချိန်ကတည်းက NLD ခေါင်းဆောင်များဖြစ်သော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်တပ်က ဖမ်းဆီးထားပြီးဖြစ်သည်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်ကြောင့် ပို၍ ခိုင်မာသွားသည်။

“ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်း (မိုးမလင်းမီ) ၁ နာရီ၊ ၂ နာရီလောက်မှာ နိုင်ငံတော်တာဝန်ယူနိုင်ရေးအတွက် တချို့  ထိန်းသိမ်းခဲ့ရတာတွေရှိပါတယ်။ စနစ်တကျဆောင်ရွက်ခဲ့တယ်။ မှတ်တမ်းများရှိပါတယ်” ဟု စစ်ကောင်စီ ပြောခွင့်ရသူက ပြောခဲ့ခြင်းဖြစ်သည်။

ထို့အတူ NHP News မှ ဦးဝင်းဦးက ဒေါ်အောင်ဆန်းစုကြည်ကို အမေစုဟု သုံးနှုံးပြောဆိုခဲ့ခြင်း၊ တဲ့ပြောသတင်းဌာနမှ ဦးဇော်မင်းဦးက ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် စစ်တပ်တို့အကြား တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ပါ သဘောတူညီချက် ပျက်မပျက် မေးမြန်းခဲ့ခြင်းတို့မှာလည်း အထက်ပါ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့သည်။

NHP Newsနှင့် တဲ့ပြောတို့၏ မေးမြန်းမှုများကို ဗိုလ်ချုပ်ဇော်မင်းထွန်းက တိတိပပ ပြန်လည်ဖြေဆိုခြင်းမရှိသလို ဦးဝင်းဦးနှင့် ဦးဇော်မင်းဦးတို့ကိုလည်း သတင်းစာရှင်းလင်းပွဲ ပြီးလျှင်ပြီးချင်း စစ်ကောင်စီက ဖမ်းသည်။ ထိုနှစ်ဦးကို တစ်ပတ်ဝန်းကျင်ကြာမှ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ယင်းနောက်ပိုင်းတွင် စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲများ ထပ်မလုပ်တော့ပေ။

ဒဲ့ပြော ဦးဇော်မင်းဦး (ဝဲ)၊ NHP News ဦးဝင်းဦး (ယာ)။ ဓာတ်ပုံ – စစ်ကောင်စီ

အတိုင်အဖောက် မညီတော့သဖြင့် ပွဲများ ရပ်သွားခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်ထုတ်မပြောလိုသည့် အသက် ၃၀ ကျော်အရွယ် သတင်းထောက်တစ်ဦးက မှတ်ချက်ပြုသည်။

“သူမွေးတဲ့မျောက် သူတို့မနိုင်တော့လို့ ရှင်းလင်းပွဲက မလုပ်တော့တာ။ မေးခွန်းသတ်မှတ်တယ်။ မေးချင်တာ မေးတယ်၊ မေးခွန်းမဟုတ်ဘဲ အကြံပြုချက်ဆိုပြီး ပေါက်ကရတွေ ပြောတော့ ကြာလာတော့ အရှက်ကွဲ ပြောစရာဖြစ်တော့ နားထားတာ” ဟု သူက ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းစ ၂၀၂၁ ကတည်းက စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲများတွင် အကြောင်းအရာနှင့် မေးခွန်းအရေအတွက်ကို ကန့်သတ်ထားသော်လည်း မော်တော်ယာဉ်ကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းမိ၍ ဒဏ်ရိုက်ခံရခြင်း၊ မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းကဲ့သို့သော ကိုယ်ကျိုးစီးပွားဆိုင်ရာ ရှည်လျားထွေပြားသည့် မေးမြန်းမှုများရှိခဲ့သည်။ 

စစ်ကောင်စီ၏ ထိုသတင်းစာရှင်းလင်းပွဲများတွင် အာဏာမသိမ်းမီက ရွေးကောက်ပွဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်သည့် NLD အစိုးရလက်ထက် သတင်းစာရှင်းလင်းပွဲများတွင် မတွေ့ဖူးသူများ၊ မကြားဖူးသည့် သတင်းဌာနများ တွေ့ရသည်။

NLD အစိုးရလက်ထက်တွင် Facebook ၌ သတင်းဌာနအမည်ခံကာ ရပ်တည်ခဲ့ကြသည့် အမျိုးသားရေးအမည်ခံ တက်ကြွလှုပ်ရှားသူများ၊ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စစ်တပ်ထောက်ခံသူ အများအပြားသာ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲသို့ တက်သည်။

Myanmar National Post, New History For People, Voice of Myanmar, Myanmar Hardtalk, 97 Media, Myanmar Public Press, နေပြည်တော်တိုင်းမ် အွန်လိုင်းအေဂျင်စီ၊ သူရိယနေဝန်း၊ တဲ့ပြော၊ အကုန်သိ စသည့် သတင်းဌာနများဖြစ်ကြသည်။

“သူတို့တွေက တစ်တိုက်ကို နာမည်ခံပြီးတော့ သတင်းထောက်လည်း သူတို့ပဲ၊ အယ်ဒီတာချုပ်လည်း သူတို့ပဲ၊ အဲဒါမျိုးဖြစ်နေတာ။ ဌာနတစ်ခုတည်ထောင်ထားပြီး လူတစ်ယောက်ရှိတယ်ပေါ့” ဟု စစ်ကောင်စီသတင်းစာရှင်းလင်းပွဲသို့ ရံဖန်ရံခါ တက်လေ့ရှိသူတစ်ဦးက ပြောသည်။

ထိုသတင်းဌာနများက မေးမြန်းသည့် မေးခွန်းအများစုတွင် NLD၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များကို အကြမ်းဖက်အဖြစ် စစ်ကောင်စီနှင့် တစ်လေသံတည်း သုံးနှုန်း ပြောဆိုသည်ကို တွေ့ရသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် ပြည်သူတစ်ဦးက စစ်တပ်ထိန်းချုပ်ထားသည့် မြန်မာ့အသံနှင့် မြဝတီတို့ သတင်းမှားများ ထုတ်လွှင့်နေကြောင်း ရန်ကုန်မြို့၌ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ – Myanmar Now

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီးနောက် မိသားစုထံ အလောင်းပင်ပြန် မပေးသည့်ကိစ္စ၊ အလိုရှိသူကို မမိလျှင် ကလေးပါမချန် ဓားစာခံဖမ်းဆီးမှုပြည်သူ့အိုးအိမ် ဖျက်ဆီးမှုအစုအလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ကလေးငယ်များပါ သေဆုံးရသည့် လေကြောင်းတိုက်ခိုက်မှု စသည့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှုဆိုင်ရာ မေးခွန်းများကို စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ကြားရလေ့မရှိပေ။

“အခုသတင်းစာရှင်းလင်းပွဲတွေမှာ သတင်းထောက်အစစ်တွေမှ မတက်တော့တာပဲ။ သတင်းစာရှင်းလင်းပွဲတောင် မလုပ်တော့တာ အဲဒါတွေကြောင့်လို့ ကြားတာပဲ” ဟု စစ်ကောင်စီသတင်းစာရှင်းလင်းပွဲများကို ရှောင်ကြဉ်သူ ရန်ကုန်အခြေစိုက် သတင်းထောက်တစ်ဦးက ပြောသည်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းတို့ အလိုမကျသည့် သတင်းမျိုးကို ဖော်ပြသော Myanmar Now အပါအဝင် သတင်းဌာနများကို ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းခြင်း၊ သတင်းထောက်များကို ဖမ်းဆီးခြင်း၊ ပြည်သူ့သတင်းသိပိုင်ခွင့်ကို ထိခိုက်စေသည့် အင်တာနက် ပိတ်ပင်ခြင်း၊ Facebook သုံးစွဲမှုကို စောင့်ကြည့်ခြင်းတို့ကို စစ်ကောင်စီက ဆက်တိုက် လုပ်ဆောင်နေသည်။ 

“(အာဏာသိမ်းပြီးနောက်) သတင်းစာရှင်းလင်းပွဲတွေကတော့ ကိုယ်မေးလိုက်တာပဲဖြစ်ဖြစ်၊ ကိုယ်သုံးနှုန်းလိုက်တဲ့ စကားတွေကြောင့်ပဲဖြစ်ဖြစ် ဖမ်းဆီးခံရနိုင်ခြေရှိတယ်။ … သူတို့ ဘက်က လူတွေတောင်မှ သူတို့မကြိုက်တဲ့ အသုံးအနှုန်းကို သုံးတယ်ဆိုရင် ဖမ်းခံရတယ်ဆိုတော့ လုံးဝလွတ်လပ်ခွင့်မရှိတော့ဘူးဆိုတာကို ပြတာပေါ့” ဟု BBC သတင်းထောက်ဟောင်း ကိုအောင်သူရက ပြောသည်။

၎င်းမှာ အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ မတ် ၁၉ ရက်တွင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် ဖမ်းဆီးခံရဖူးသူဖြစ်ပြီး စစ်ကောင်စီ၏ စစ်ကြောရေးစခန်းကို သုံးရက်ကြာ ဖြတ်သန်းပြီး ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

ဖမ်းဆီးချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ကားပေါ်ဆွဲတင် ခေါင်းစွပ်စွပ်၍ ခေါ်သွားသဖြင့် မည်သည့်နေရာသို့ ရောက်ခဲ့မှန်းပင် မသိခဲ့ရ၊ ၂၄ နာရီ ထမင်းငတ်ခဲ့သည်၊ ထိုသို့ ဖမ်းဆီးခံရချိန်တွင် ၎င်းမှာ ဗြိတိန်အခြေစိုက် ဘီဘီစီသတင်းဌာနအတွက် တာဝန်ထမ်းဆောင်နေသူဖြစ်၍သာ စစ်ကြောရေးအတွင်း သက်သာရာရခဲ့သည်ဟု ကိုအောင်သူရက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် Myanmar Now သတင်းထောက် မကေဇွန်နွေးအပါအဝင် သတင်းထောက်အချို့ ရန်ကုန်မြို့ မြေနီကုန်း၌ ဖမ်းဆီးခံရစဉ်။ ဓာတ်ပုံ-ပေးပို့

ဇူလိုင် ၁၁ ရက်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့၍ ကလေး ၄၀ အပါအဝင် လူပေါင်း ၁၇၀ နီးပါး သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာဖြစ်စဉ်အပြီး Facebook တွင် အမဲရောင်ပုံတင်ခဲ့သည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကိုပင် စစ်ကောင်စီက မကြာသေးမီကပင် ဖမ်းထားသည်။

နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) ၏ ၂၀၂၂ နှစ်ကုန်စာရင်းအရ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း မြန်မာသည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းတွင် အောက်ဆုံးမှ ရေတွက်လျှင် အဆင့်သုံးနေရာ၌ ရပ်တည်နေသည်။ မြန်မာသတင်းသမား ၇၀ ကျော်ကို စစ်ကောင်စီက ဖမ်းထားဆဲဖြစ်သည်ဟု RSF ၏ အထက်ပါစာရင်းက ဆိုသည်။

ထိုအခြေအနေကို ကြည့်လျှင် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲများသို့ တက်ရောက်နေသူတို့၏ အရည်အသွေးကို သိနိုင်သည်ဟု ကိုအောင်သူရက ပြောသည်။

“အရင်တုန်းက သတင်းစာရှင်းလင်းပွဲတွေက ပြည်သူလူထု သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို အခြေခံပြီး မေးကြ၊ ဖြေကြတာပေါ့။ လွတ်လွတ်လပ်လပ်လည်းရှိတယ်။ ပြန်လည်ရေးသားတဲ့အပေါ်မှာ ဘာပြဿနာမှမရှိဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းကျတော့ (စစ်ကောင်စီ) ပြောချင်တာကို လူထုဆီ ရောက်ဖို့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေ ဖြစ်သွားတယ်” ဟု ၎င်းက ပြောလိုက်သည်။

Show More

Related Articles

Back to top button