သတင်း

လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ သေဒဏ်ဖြင့် အင်းစိန်ထောင်အပို့ခံရ

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ထံ လက်နက်ချအညံ့ခဲ့ကြသည့် ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်အောင်ဇော်လင်းနှင့် ဗိုလ်မှူးကြီးသိန်းအောင်စိုးတို့ကို စစ်ခုံရုံးဖြင့် သေဒဏ်ချပြီးနောက် နာမည်ကျော် အင်းစိန်ထောင်ပို့လိုက်သည်။

တရုတ်-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ထံ လက်နက်ချ အညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ်နှစ်ဦးနှင့် ဗိုလ်မှူးကြီးတစ်ဦးမှာ သေဒဏ်ချခံရပြီးနောက် ယခုလဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့ အပို့ခံလိုက်ရသည်။

သေဒဏ်ကျအကျဉ်းသားများအဖြစ် အင်းစိန်ထောင် အပို့ခံရသူများမှာ စစ်ကောင်စီတပ်မှ ရှေ့တန်းစစ် မြေပြင်ရောက် တပ်မှူးများဖြစ်သည့် ဗိုလ်မှူးချုပ်မိုးကျော်သူ၊ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်မှ စကခမှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်းနှင့် စစ်ဗျူဟာအဖွဲ့အခြေချ (ကွတ်ခိုင်)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုးတို့ဖြစ်သည်။

Myanmar Now က ဖတ်ရှုခွင့်ရသည့် အကျဉ်းဦးစီးဌာနမှ အထက်အဆင့်ဆင့်သို့ ဖေဖော်ဝါရီ ၇ ရက်နေ့ ရက်စွဲဖြင့် လျှို့ဝှက်အဆင့် တင်ပြစာတွင် ဗိုလ်မှူးချုပ်နှစ်ဦးနှင့် ဗိုလ်မှူးကြီးတစ်ဦးသည် “မိမိကာကွယ်ခုခံရန်၊ တာဝန်ဝတ္တရားရှိသော နေရာတစ်ခုခုကို ရှက်ဖွယ်ကောင်းစွာ စွန့်ပစ်မှုအရ သေဒဏ်ပြစ်ဒဏ် ကျခံစေရန် အပြစ်ပေးခြင်းခံရသူများ” ဖြစ်သည်ဟု ဖော်ပြထားသည်။

၎င်းတို့သုံးဦးကို တပ်မတော်အက်ဥပဒေပုဒ်မ ၃၂( က) ဖြင့် သေဒဏ်ကျခံစေရန် စစ်ကောင်စီ၏ အကျဉ်းစစ် တရားရုံးချုပ်က သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“မိမိအား လွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိကာကွယ်ခုခံရန် တာဝန်ဝတ္တရားရှိသော မြို့စောင့်တပ်စခန်း၊ ခံတပ်၊ တာဝန်ကျနေရာ၊ နေရာ၊ သင်္ဘော၊ သို့တည်းမဟုတ် ကင်းတစ်ခုခုကို ရှက်ဖွယ်ကောင်းစွာ စွန့်ပစ်လျှင်၊ သို့တည်းမဟုတ် ပေးအပ်လျှင်၊ သို့တည်းမဟုတ် အဆိုပါပြုလုပ်မှုများအနက် ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ရန် တပ်မှူးတစ်ဦးဦးအားသော်လည်းကောင်း၊ အခြားသူတစ်ဦးဦးအားသော်လည်းကောင်း၊ အတင်းအကျပ်ပြုရန် ဖြစ်စေ၊ သွေးဆောင်းဖြားယောင်းရန် ဖြစ်စေ၊ မည်သည့် နည်းမျိုးကိုမဆို အသုံးပြုလျှင်” သေဒဏ်ထိုက်သော ပြစ်မှုဖြစ်သည်ဟု ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ၊ ပုဒ်မ ၃၂ (က) တွင် ပြဋ္ဌာန်းထားသည်။

အထက်ပါ ဗိုလ်မှူးချုပ်နှစ်ဦးနှင့် ဗိုလ်မှူးကြီးကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် တပ်ရင်းများနှင့် သင်တန်းကျောင်းများတွင် သီးခြားစီစစ်ဆေးခဲ့သည်။

ဗိုလ်မှူးချုပ် မိုးကျော်သူကို အမှတ် (၆၂၆) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း၊ ဗိုလ်မှူးချုပ် အောင်ဇော်လင်းကို အမှတ် (၄) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းနှင့် ဗိုလ်မှူးကြီး သိန်းအောင်စိုးကို အမှတ် (၉၁၂) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့တွင် စစ်ခုံရုံးဖြင့် အမိန့်ချပြီးနောက် အင်းစိန်ထောင်သို့ ပို့လိုက်ခြင်းဖြစ်သည်။

သေဒဏ်ကျအကျဉ်းသားများဖြစ်သွားသည့် အဆင့်မြင့်တပ်အရာရှိကြီးများကို နာမည်ကျော် အင်းစိန်ထောင်ရှိ အထူးဆောင် (၁၀) ခန်းတွဲတိုက်၊ အခန်းအမှတ် (၁၊ ၂၊ ၄) တို့တွင် သီးခြားစီ ထိန်းသိမ်းထားသည်ဟု အကျဉ်းဦးစီးဌာနက ပြည်ထဲရေးဝန်ကြီးထံ တင်ပြသည့်စာအရ သိရသည်။

 ကွမ်းလုံစစ်ကောင်စီဗျူဟာစခန်းကို သိမ်းပိုက်ပြီးနောက် မြောက်ပိုင်းမဟာမိတ်တပ်များကို တွေ့ရစဉ် (ဓာတ်ပုံ – The Kokang)

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ အခြေချစစ်ဗျူဟာများ၊ တပ်ရင်းများ အပါအဝင် စစ်စခန်း ရာနှင့်ချီ စွန့်လွှတ်ခဲ့ရကာ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ပေါင်း ၇ မြို့ကိုလည်း အာဏာသိမ်းစစ်တပ်က လက်လွတ်ခဲ့ရသည်။

လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ဒေသဦးစီးအဖွဲ့ ယာယီဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် အရာရှိ၊ စစ်သည်အင်အား စုစုပေါင်း ၂၁၀၀ ကျော်သည် ယခုနှစ် ဇန်နဝါရီ ၄ တွင် ကိုးကန့်တပ်ထံ လက်နက်ချခဲ့ကြသည်။

ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် အပါအဝင် အခြားသော ဗိုလ်မှူးချုပ်များ၏ နောက်ဆုံးအခြေအနေအသေးစိတ်ကို လတ်တလော မသိရပေ။

လောက်ကိုင်တွင် လက်နက်ချခဲ့ခြင်းသည် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ အထက်အမိန့်အရသာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ သေဒဏ်ချမှတ်ခြင်းမှာ နောက်လူများအတွက် စံနမူပြဖြစ်စေရန် ဟန်ပြလုပ်ရပ်သာဖြစ်သည်ဟု စစ်ကောင်စီတပ်တွင် နှစ် ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ကြီးဟောင်းတစ်ဦးက ပြောသည်။

“မင်းအောင်လှိုင်အနေနဲ့က အရေးယူပြန်ရင်လည်း ဒုက္ခ၊ အရေးမယူပြန်ရင်လည်း သောကပေါ့။ နောက်လူတွေ စံနမူနာပြဖြစ်အောင် အရေးမယူပြပြန်ရင်လည်း မဖြစ်တော့ ဥပဒေအရ သေဒဏ်ချပြီး အင်းစိန်ထောင်ထဲမှာပဲ ‘ဥ’ ထားတဲ့သဘော” ဟု ၂၀၂၁ စစ်အာဏာသိမ်းပြီး လပိုင်းအကြာတွင် စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်ကောင်စီကမူ ရှမ်းမြောက်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးကို သေဒဏ်ချမှတ်ခြင်း မရှိဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလနှောင်းပိုင်းတွင် ပြည်ပသတင်းဌာနတစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့သေးသည်။

၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ဆင်နွှဲခဲ့သည့် ညီနောင်သုံးဖွဲ့ဖြစ်ကြသော ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရက္ခိုင့်တပ် AA နှင့် စစ်ကောင်စီတို့ တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နှစ်ကြိမ်တိုင် တွေ့ဆုံဆွေးဆွေးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီအပစ်ရပ်ရန် သဘောတူညီခဲ့ကြသည်။

ထိုသဘောတူညီချက်တွင် ညီနောင်တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ရှမ်းမြောက်မှ နေရာများကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှု မလုပ်ရန်နှင့် အပြန်အလှန်အားဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုရန်တို့ ဖြစ်သည်။

ထိုသဘောတူညီချက် ထွက်ပေါ်လာပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်၊ တအာင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား လက်ရှိအချိန်ထိ တိုက်ပွဲများ ရပ်စဲသွားသည်။

သို့သော် ၁၀၂၇ စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နေသည့် ညီနောင်သုံးဖွဲ့မှ တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှာ ရက္ခိုင့်တပ် AA ဖြစ်သည်။

ရက္ခိုင့်တပ် AA သည် ရခိုင်ပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေးကို နိုဝင်ဘာ ဒုတိယပတ်တွင် စတင်ဆင်နွှဲခဲ့ပြီး ယခုအခါ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အနည်းဆုံး မြို့ကြီး ငါးမြို့ကို သိမ်းပိုက်၊ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

Show More

Related Articles

Back to top button