ဆောင်းပါး

ယခင် သရုပ်ဆောင်၊ ယခု ထောင်အာဏာပိုင်တို့၏ လက်ပါးစေ

မုဒိမ်းမှုဖြင့် ထောင်၂၅ နှစ်ကျနေသူ သရုပ်ဆောင် မင်းရာဇာသည် အင်းစိန်ထောင်တွင် “အကျဉ်းသားအရာရှိ” ဖြစ်လာပြီး နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ညှဉ်းပန်းနေသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လက ရန်ကုန်ရှိ နာမည်ကျော် အင်းစိန်ထောင်တွင် အကျဉ်းသားတချို့ကို ထောင်တွင်း နိုင်ငံရေးလှုပ်ရှားမှု စွဲချက်ဖြင့်  ဝိုင်းဝန်း ရိုက်နှက်နေကြသည်။ 

ရိုက်နှက်ခံရသူများမှာ စစ်ကောင်စီကို ဆန့်ကျင်မှုစွဲချက်ဖြင့် ထောင်ထဲရောက်နေသူများဖြစ်သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်သူများထဲတွင် မုဒိမ်းမှုဖြင့် ထောင် ၂၅ နှစ်ကျနေသူ သရုပ်ဆောင် မင်းရာဇာလည်း ပါဝင်နေသည်ကို တွေ့ခဲ့ရကြောင်း မကြာသေးမီက အင်းစိန်ထောင်မှ ပြန်လွတ်လာသည့် ကိုသူရ* ဆိုသူက ပြောသည်။

“ပိုးစိုးပက်စက် အရိုက်ခံခဲ့ရတယ်” ဟု  စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းတွင် ၁ လ၊ အင်းစိန်ထောင်တွင် ၂ နှစ် နေခဲ့ရသူ ကိုသူရက ပြောသည်။

“မိန်းဂျေး (ပင်မဆောင်) ကို ခေါ်ထုတ်သွားပြီး ရိုက်လို့ရှိရင် ဒီကောင် ထိပ်ဆုံးကပါတယ်”

အကျဉ်းသားသစ်များကို ဆီးကြိုရိုက်နှက်ခြင်း၊ ထောင်တွင်းစည်းကမ်းချိုးဖောက်သည်ဟု စွပ်စွဲခံရသူများကို ပင်မဆောင်သို့ ခေါ်ယူစစ်ဆေးရိုက်နှက်ကြခြင်းတို့တွင် မင်းရာဇာက ဦးဆောင်သည်ဟု နိုင်ကျဉ်းဟောင်းများက ပြောသည်။

အင်းစိန်ထောင်မှ ပြန်လွတ်လာသူ နိုင်ကျဉ်းဟောင်းလူငယ် ၃ ဦးကလည်း ထောင်အာဏာပိုင်များက ၎င်းတို့၏  လက်ကိုင်တုတ်ဖြစ်လာသူ မင်းရာဇာကို အကျဉ်းသားအရာရှိ အဆင့် ၂ အဖြစ် ခန့်ထားသည်ဟု Myanmar Now ကို ပြောသည်။

ဤသို့ဖြင့် ဗီဒီယိုဇာတ်လမ်းများတွင် ရန်ဘက်များကို တိုက်ခိုက်သော အက်ရှင်မင်းသား မင်းရာဇာသည် ရန်ကုန်မြို့ အင်းစိန်ထောင်သို့ ရောက်သွားသောအခါ ဘဝတူအကျဉ်းသားများကို ထိုးကြိတ်ရိုက်နှက်သူ ဖြစ်နေသည်။

ထောင်အာဏာပိုင်၏ လက်စွဲ

မင်းရာဇာသည် ၂၀၁၉ ခုနှစ်ထုတ် ပစ်ခတ်တိုက်ခိုက်မှု အသားပေး ဟောင်ကောင်ရုပ်ရှင် Line Walker 2 ၏ ဇာတ်ဝင်ခန်းတချို့ ရန်ကုန်တွင် လာရောက် ရိုက်ကူးစဉ် ပါဝင်ခွင့်ရဖူးသူတစ်ဦး ဖြစ်သည်။

နောက်တစ်နှစ် ၂၀၂၀ ပြည့်နှစ်တွင်မူ အသက်မပြည့်သေးသည့် အိမ်အကူမိန်းကလေးကို ခြိမ်းခြောက်မုဒိမ်းကျင့်ခြင်း၊ ထိုမိန်းကလေး၏ အမျိုးသမီးအင်္ဂါအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဇနီးသည်နှင့်အတူ အက်ဆစ်နှင့် ဖျန်းခြင်း၊ ဓားဖြင့်ခွဲခြင်းတို့ ပြုလုပ်ခဲ့သည်ဆိုကာ တိုင်ကြားခံရပြီးနောက် မင်းရာဇာ ထွက်ပြေးတိမ်းရှောင်သွားသည်။

ထိုနှစ် ဧပြီလဆန်းတွင် DKBA အဖွဲ့က ၎င်းတို့နယ်ထဲ ရောက်လာသော မင်းရာဇာအပါအဝင် ၃ ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရဲတပ်ဖွဲ့လက်သို့ အပ်ခဲ့ခြင်း ဖြစ်သည်။

မင်းရာဇာ၏အမှုများကို တရားရုံးက ၃ နှစ်ကြာ စစ်ဆေးပြီးနောက် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် မုဒိမ်းမှု ပုဒ်မ ၃၇၆ အတွက် နှစ် ၂၀၊ ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ အတွက် ၅ နှစ် ချလိုက်သည်။

အမှုစစ်ဆေးစဉ်ကာလ အချုပ်သားဘဝဖြင့် ရှိစဉ်ကတည်းက မင်းရာဇာသည် အင်းစိန်ထောင်ဦးစီးအရာရှိ ထွန်းဝင်းထိုက်၏ လက်စွဲတော်ဖြစ်သည်ဟု အသက် ၂၀ ကျော်အရွယ် နိုင်ကျဉ်းဟောင်း ကိုအောင်မြင့်က ပြောသည်။

“နေတာလည်းကြာ၊ မင်းသားလည်းဖြစ်တော့ မိန်းဂျေးဦးစီးရဲ့လက်စွဲပေါ့၊ ဘယ်သွားသွား ဘယ်လာလာ လိုက်ရတယ်၊ ဦးစီးက ဒီကောင့်ရိုက်ဆို ရိုက်တယ်၊ နားပန်ကျင်းဆို ကျင်းတယ်။ ဦးစီးက အဆောင်တွေ ပတ်ပြီး စကားပြောရင် ဒီကောင်က ဘေးနားမှာ ဘော်ဒီဂတ်ပေါ့ဗျာ” ဟု အင်းစိန်ထောင်တွင် ၁ နှစ်ခွဲခန့် နေခဲ့ရသူ ကိုအောင်မြင့်က ပြောသည်။

သို့သော်လည်း ထောင်တွင်းရှိ အခြားရင်းမြစ်တစ်ခုကမူ မင်းရာဇာသည် ထောင်ထဲသို့ ရောက်လာစအချိန်က အစားအသောက်ဆင်းရဲသူဖြစ်သည်၊ ကြမ်းကြမ်းတမ်းတမ်း ပြုမူသူလည်းမဟုတ်ဟု ဆိုသည်။

ဦးစီးအရာရှိ ဦးထွန်းဝင်းထိုက်ဆိုသူ အင်းစိန်ထောင်ကို ပြောင်းလာပြီးနောက် ထောင်တွင်း ပျော်ပွဲရွှင်ပွဲများပြုလုပ်စေသည်၊  အကျဉ်းကျ အနုပညာရှင်များကို စုစည်းရာ၌ မင်းရာဇာကို ဦးဆောင်စေခဲ့သည်ဟု ထိုအချိန်က အင်းစိန်ထောင်တွင် ရှိနေခဲ့သူ အမည်မဖော်လိုသည့် ထောင်အရာရှိတစ်ဦးက ပြောသည်။

“သူစားစရာမရှိလို့၊ သနားလို့ အနားခေါ်ထားတာ၊ သူ(မင်းရာဇာ) ကလည်း အနုပညာရှင်တစ်ဦးဖြစ်တော့ ရုန့်ရင်းကြမ်းတမ်းတာတွေ ဘာမှမလုပ်ဘူး၊ အဆောင်တွေမှာ သွားရင်တော့ အကျဉ်းသားတွေက များတော့ သူ(မင်းရာဇာ) တို့က လုံခြုံရေး လိုက်ပေးတယ်” ဟု ထိုထောင်အရာရှိက ဆိုသည်။

“သူ့လိုနာမည်ကြီးတဲ့သူက ဒီလိုအလုပ်တွေ ဘယ်လုပ်မလဲ၊ သူအပြင်ထွက်ရင် သူ့ရပ်တည်မှု ရှိသေးတယ်လေ၊ အရင်ကတော့မလုပ်ဘူး၊ အခုတော့မသိဘူး”

မင်းရာဇာကို နေရာပေးခဲ့သည့် ထောင်ဦးစီးအရာရှိ ဦးထွန်းဝင်းထိုက်သည် နိုင်ကျဉ်း ၁၂ ဦးကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲလုပ်ရန် ကြိုးပမ်းသည်ဟု စွပ်စွဲကာ ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက်နေ့က တိုက်ပိတ်ခဲ့သူဖြစ်သည်ဟု သိရသည်။

အမည်မဖော်လိုသည့် အင်းစိန်ထောင်အရာရှိတစ်ဦးကမူ ထိုစဉ်က ပင်မဆောင်ဦးစီးအရာရှိ ဦးထွန်းဝင်းထိုက်သည် နိုင်ကျဉ်းလူငယ်များ ပြလုပ်မည့် အဆိုပါ မွေးနေ့ပွဲအစီအစဉ်ကို တားမြစ်ခဲ့သည်၊ အင်းစိန်ထောင် ၅ တိုက်တွင်သာ ခွဲထားခြင်းဖြစ်ပြီး ပြစ်ဒဏ်တိုက်တွင် တိုက်ပိတ်ခဲ့ခြင်းမဟုတ်ဟု ပြန်ချေပသည်။

တိုက်ပိတ်ခြင်း ဆိုသည်မှာ လေနှင့် အလင်းရောင် ဝင်ထွက်မှု မရှိသလောက် နည်းပါးသည့် အခန်းကျဉ်းထဲတွင် ပိတ်လှောင်ထားခြင်းဖြစ်သည်။ တိုက်ပိတ်ခံရမည့် အကျဉ်းသားသည် ဝိုင်းဝန်းရိုက်နှက်မှုကို ခံရပြီးနောက် ထိုအခန်းကျဉ်းထဲတွင် တစ်ကိုယ်တည်း ရက်အတန်ကြာ နေထိုင်ရသည်။ အဝတ်တစ်ထည်ကိုယ်တစ်ခု၊ ပန်းကန်တစ်ခုနှင့် နေရပြီး ရေချိုးခွင့်လည်း မရပေ။ ပုံမှန်အားဖြင့် အနည်းဆုံးတစ်ပတ်ခန့် ပိတ်လေ့ရှိသည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျသော်တို့ကို ကြိုးပေးကွပ်မျက်မည့်အစီအစဉ်အတွက် ဆန္ဒပြကန့်ကွက်သည့် နိုင်ကျဉ်းကို ရိုက်နှက်၊ တိုက်ပိတ်ခဲ့သူမှာ ဦးထွန်းဝင်းထိုက်ပင်ဖြစ်သည်ဟု သိရသည်။

ထိုစဉ်က သပြေဆောင်ရှိ ဆန္ဒပြ နိုင်ကျဉ်းများကို ဦးထွန်းဝင်းထိုက်ကိုယ်တိုင် ဝင်ရိုက်နှက်ရာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထိုအချိန်က မင်းရာဇာသည် တရားရုံးက အမိန့်မချသေးသဖြင့် ထောင်ဝတ်စုံဖြင့်မဟုတ်ဘဲ အရပ်ဝတ် ဝတ်ဆင်ကာ ထောင်အရာရှိနောက်လိုက်ဖြစ်လာသည်။ အကျဉ်းသားအရာရှိအဖြစ် အကျသမား ခေါ် ထောင်ဒဏ်ချမှတ်ခံရပြီးသူကိုသာ ခန့်အပ်လေ့ရှိသော်လည်း မင်းရာဇာကမူ အမှုရင်ဆိုင်ဆဲကာလမှာပင် ထိုနေရာရခဲ့သည်။

အကျဉ်းသားများထဲမှ လူဆိုးလူမိုက်များ၊ နှစ်ရှည်ထောင်ဒဏ် ကျခံထားရသူတို့က အကျဉ်းသားသစ်များကို အနိုင်ကျင့်၊ ဗိုလ်ကျ ခိုင်းစေလေ့ရှိသည်။

နိုင်ငံအနှံ့ အကျဉ်းထောင်တိုင်းတွင် အကျဉ်းသားအချင်းချင်း ထိုသို့ အနိုင်ကျင့် အုပ်ချုပ်သူတို့ကို တန်းစီးဟု အများက သိကြပြီး ထောင်အာဏာပိုင်တို့ကမူ အကျဉ်းသားအရာရှိဟု သတ်မှတ်ပေးထား၊ လုပ်ပိုင်ခွင့်ပေးထားသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။

အဆောင်မှူး၊ အခန်းလူကြီး၊ အခန်းစာရေး စသည့် ရာထူးများ ရယူထားသည့် တန်းစီးလူမိုက်တို့က ငွေမပေးသည့် အကျဉ်းသားများကို အနိုင်ကျင့်၊ စေခိုင်းတတ်ကြသည်။

ဤနည်းဖြင့် လူမိုက်တန်းစီးတို့ ဝင်ငွေအများအပြား ရရှိနေကြပြီး အကျဉ်းသား ထောင်သောင်းချီရှိသော အင်းစိန်ထောင်သည် ၎င်းတို့ ငွေရှာကောင်းသည့်နေရာ ဖြစ်လာသည်။

ထောင်ဝန်ထမ်း လုံလောက်စွာ ခန့်မထားဘဲ အကျဉ်းသားအချင်းချင်း အုပ်ချုပ်စေသည့် မြန်မာပြည် အကျဉ်းထောင်စနစ်တွင် မင်းရာဇာကဲ့သို့သော အကျဉ်းသားအရာရှိများသည် ထောင်ထဲတွင် အုပ်စုဖွဲ့ မိုက်ကြေးခွဲပြီး ငွေရှာခြင်း၊ ငွေကြေးမတတ်နိုင်သူကို အနိုင်ကျင့် နှိပ်စက်ခြင်း အပါအဝင် မတရားမှုများကို ပြောင်ပြောင်တင်းတင်း လုပ်ပိုင်ခွင့်ရနေကြသည်။

ထောင်တွင်း အဓိကရုဏ်းဖြိုခွဲခြင်းလေ့ကျင့်ခန်းလုပ်နေသည့် ထောင်အာဏာပိုင်များ (ဓာတ်ပုံ − MOI)

နိုင်ကျဉ်းများကို နှိပ်စက်ခြင်း

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်မှုစွဲချက်တစ်ခုခုဖြင့် အင်းစိန်ထောင်ရောက်လာသည့် လူငယ်များကို မင်းရာဇာက ဦးဆောင်ပြီး ဆဲဆိုရိုက်နှက်သည်ဟု နိုင်ကျဉ်းဟောင်းများက တညီတည်း ဆိုသည်။

ဆန့်ကျင်ဆန္ဒပြသူများ၊ အွန်လိုင်းတွင် ဝေဖန်ရေးသားသူများသည် အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးခံနေရခြင်း ဖြစ်ရာ မင်းရာဇာက ထိုသူတို့ကို ငရုတ်သီးမှုန့်အကြမ်းဖတ်ဟု လှောင်ပြောင် ခေါ်ဆို နှိပ်စက်တတ်သည်ဟု ဆိုသည်။

“အကြမ်းဖတကို အစိမ်းမှုန့်ပြောင်းပစ်လိုက်မယ်တို့၊ ဆီသတ်ပစ်လိုက်မယ်တို့ သူကပြောပြီး ဝင်လာသူတွေကို ပုံစံပေးရိုက်နှက်တာ” ဟု ကိုအောင်မြင့်က ပြောပြသည်။

ကိုအောင်မြင့်သည် ၂၀၂၃ ခုနှစ်အစောပိုင်းက ပင်မဆောင်(မိန်းဂျေး) တွင် မင်းရာဇာတို့ လူစု၏ ရိုက်နှက်ခံရဖူးသည်။ ထောင်တွင်းစည်းကမ်းတစ်ခုကို ချိုးဖောက်သည်ဆိုကာ ပင်မဆောင်သို့ ခေါ်ယူခံရပြီးနောက် ဒူးထောက်ခိုင်းပြီး မေးမြန်းစစ်ဆေးကာ နှိပ်စက်ကြသည်ဟု သူက ပြောသည်။ 

“တဖုန်းဖုန်းနဲ့ရိုက်တာ။ မင်းရာဇာက ဘေးက ဆဲနေတာ။ အဲ့ကောင်တွေက အဲ့လိုပဲ​- xx ယားနေတာ။ အားနေ ထောင်ဆူဖို့ စဉ်းစားနေတာ” ဟု ကြိမ်းမောင်းပြီး ရိုက်နှက်ကြောင်း ကိုအောင်မြင့်က ပြောသည်။

သန်လျင်မြို့မရဲစခန်းမှ ရဲ ၂ ဦးကို ဓားဖြင့်ထိုးသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသူ တင်မြင့်၊ မကြာသေးခင်က အသတ်ခံလိုက်ရသည့် နာမည်ကျော်လူမိုက် ကျော်ဝင်းစိန်၏တပည့် အရှည်ကြီး၊ သေဒဏ်ချမှတ်ခံထားရသည့် ရာကွပ် ဆိုသူတို့က မင်းရာဇာအနီး ရှိနေသည်ဟု ဆိုသည်။ ၎င်းတို့လူစုကို အင်းစိန်ထောင်၏ ချေမှုန်းရေးအဖွဲ့ဟု ခေါ်ပြီး MJ (Main Jail) ဟု ရေးထားသော၊ နံပါတ်ပါသော ရင်ထိုးများ တပ်ဆင်ထားကြသည်ဟု သိရသည်။

အင်းစိန်ထောင်မှ အမည်မဖော်လိုသည့် ထောင်အရာရှိတစ်ဦးကမူ နံပါတ်ပါသော ရင်ထိုးတပ် အကျဉ်းသားတို့မှာ ချေမှုန်းရေးအဖွဲ့မဟုတ်ကြောင်း၊ “အလုပ်သမား” အနေဖြင့် သတ်မှတ်ထားခြင်းဖြစ်ပြီး ထိုရင်ထိုးကြောင့် မည်သူမည်ဝါဖြစ်သည်ကို အလွယ်တကူ သိရှိနိုင်ကြောင်း ပြောသည်။

“ချေမှုန်းရေးအဖွဲ့ ဖွဲ့စည်းထားတာမရှိပါဘူး။ အလုပ်သမားကတ်တွေ ပေးထားတယ်ဆိုတာက အင်းစိန်ထောင်မှာ လူတစ်သောင်းကျော်ရှိတယ်၊ ကျွန်တော်တို့က ခိုင်းလိုက်တဲ့အခါ ဒါက ဘယ်ကကောင်ပေါ့ (ဆိုပြီး ခွဲခြား သိနိုင်တယ်)” ဟု ထိုအရာရှိက ဆိုသည်။

ပင်မဆောင်ကဲ့သို့ပင် စည်းကမ်းထိန်း၊ အဆောင်မှူး၊ အချုပ်ရုံး၊ အကျရုံး၊ သန့်ရှင်းရေး၊ မီးဖိုကြီးနှင့် လမ်းကြောင်း စသဖြင့် အခြားကတ်များလည်း ရှိသည်ဟု သိရသည်။

“(အကျဉ်းသားတွေ) မသွားရတဲ့နေရာတွေရှိတယ်လေ၊ အမှတ်အသားထားတာ၊ မိန်းဂျေးဆို မိန်းဂျေးကတ်ပေါ့၊ ရုံးဌာနအလိုက် ရင်ထိုးတွေပေးထားတာ” ဟု အမည်မဖော်လိုသည့် ထောင်အရာရှိက ပြောသည်။

ပင်မဆောင်ဦးစီးအရာရှိ ထွန်းဝင်းထိုက် အင်းစိန်ထောင်မှ ပြောင်းရွှေ့သွားပြီးနောက် လက်ရှိဦးစီးအရာရှိလက်ထက်တွင် မင်းရာဇာသည် အကျဉ်းသားအရာရှိ အဆင့်- ၂ ဖြစ်လာသည်ဟု သိရသည်။

အင်းစိန်ထောင်အတွင်းပိုင်းမှ ထောင်၏ ပင်မဝင်ပေါက်အဆောက်အအုံကို မြင်တွေ့ရပုံ။ (Myanmar Now)

မင်းရာဇာ၏ ထောင်တွင်းနှိပ်စက်မှုများ

၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် မင်းရာဇာ၏ ရိုက်နှက်မှုကို ခံရသော နိုင်ကျဉ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက တက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ကို သတင်းပေး အကူအညီတောင်းထားသည်။

အမှတ် – ၄ ဆောင်၊ အခန်း ၃ သို့ အသစ်ရောက်လာသည့် ဆယ်ကျော်သက်လူငယ်တစ်စုကို မင်းရာဇာက ကျောတွင်အညိုအမည်းစွဲသည်အထိ ရိုက်နှက်ခဲ့သည်ဟု အဆိုပါ မိသားစုဝင်က ပြောသည်။

“ကလေးတိုင်းလိုလို ရိုက်ခံရတာ” ဟု သူက ပြောသည်။

ထိုဖြစ်စဉ်တွင် နိုင်ကျဉ်းလူငယ် ၂ ဦး ထောင်ဆေးရုံတွင် ဆေးကုသမှုခံယူလိုက်ရသည်။

အကျဉ်းသားသစ်များကိုသာမက ထောင်မှ လွတ်တော့မည့်သူတချို့ကိုလည်း ထောင်မှ ထွက်ခါနီးတွင် မင်းရာဇာက ရိုက်နှက်လေ့ရှိသည်ဟု ထိုမိသားစုဝင်က ပြောသည်။

အိမ်အကူမိန်းကလေးကို အဓမ္မကျင့်မှု မိန်းမကိုယ်အား အက်ဆစ်နှင့်ပက်မှုတို့ဖြင့် တရားစွဲဆိုခံရသည့် မင်းရာဇာ ၂၀၂၀ ခုနှစ်ဇွန်လအတွင်း မြောက်ဥက္ကလာတရားရုံးတွင် တရားရင်ဆိုင်ရန် လာရောက်စဉ်။

နိုင်ကျဉ်းမိသားစုဝင်များသည် ထောင်တွင်းဖိနှိပ်ခံရမှုများကို ထုတ်ဖော်မပြောရဲကြပေ။ သတင်းပေါက်ကြားလျှင် ထောင်တွင်းရှိ နိုင်ကျဉ်းများ ပိုရိုက်နှက်ခံရခြင်း၊ ပုဒ်မထပ်တိုးခံရခြင်းတို့နှင့် ရင်ဆိုင်ရသောကြောင့်ဖြစ်သည်ဟု ဆိုကြသည်။

မင်းရာဇာ၏ ရိုက်နှက်မှုကြောင့် အကျဉ်းသားတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု အမည်မဖော်လိုသူ မိသားစုဝင်တစ်ဦးကလည်း အတည်ပြုသည်။

လက်ရှိ အင်းစိန်ထောင် အမှတ်-၄ အဆောင်မှူး သော်ဇင်ထွဋ်၏ ခွင့်ပြုချက်ဖြင့် မင်းရာဇာက နိုင်ကျဉ်းများကို နှိပ်စက်နေခြင်းဖြစ်သည်ဟု ကိုမြင့်အောင်က ပြောသည်။

“သူ(သော်ဇင်ထွဋ်) မီးစိမ်းမပြဘဲ မင်းရာဇာ ရိုက်လို့မရဘူး” ဟု ကိုအောင်မြင့်က ပြောသည်။

အမှတ်-၄ ဆောင် အဆောင်မှူးသည် သော်ဇင်ထွဋ်၊ ပင်မဆောင်ဦးစီးမှူး ချစ်စမ်းမောင်တို့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ လူ့အခွင့်အရေးနေ့တွင် အသံတိတ်သပိတ်ပြုလုပ်ကြသည့် နိုင်ကျဉ်း ၈၉ ဦးကို ဆဲဆိုရိုက်နှက်ရာတွင် အဓိကပါဝင်ခဲ့သူများဖြစ်ကြသည်။

နိုင်ငံအနှံ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုများကို နေ့စဉ်ကျူးလွန်နေသည့် စစ်တပ်၊ အဖမ်းခံရ​သူများကို အမှုဖွင့်သည့် ရဲတပ်ဖွဲ့၊ ထိုသူများကို စစ်ဆေးစီရင်သည့် တရားရုံးတို့ကို စစ်ကောင်စီက ချုပ်ကိုင်ထားရာ ထောင်ထဲတွင်ပါ နာမည်ကြီးနေသော မင်းရာဇာနှင့် လူရမ်းကားများ၏ လုပ်ရပ်ကို တိုင်ကြားနိုင်သည့် အခြေအနေမရှိသေးပေ။  ။(*သတင်းရင်းမြစ်လုံခြုံရေးအရ နာမည်များ လွှဲပြောင်းထားပါသည်။)

Show More

Related Articles

Back to top button