ရွေးကောက်ပွဲမဲပေးရန် အကြောင်းပြချက်ဖြင့် ပုဒ်မ ၅၀၅-က အကျဉ်းသား၊သူအချို့ကို ပြန်လွှတ်ပေးခြင်းသည် ဟန်ပြသာဖြစ်ပြီး ထောင်နှင့်ချီသည့် နိုင်ငံရေး အကျဉ်းသားများ သံတိုင်နောက်တွင် ကျန်နေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကို အကူအညီပေးနေသူများနှင့် မိသားစုဝင်များက ဆိုသည်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည်ဆိုကာ ပုဒ်မ ၅၀၅−က ဖြင့် ဖမ်းဆီးထောင်ချခံထားရသူ အကျဉ်းသား၊ အကျဉ်းသူ ၃၀၀၀ ကျော်ကို ပြစ်ဒဏ်များမှ လျှော့ပေါ့ပေးလိုက်ကြောင်း နိုဝင်ဘာလ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
ထိုသို့ ပြစ်ဒဏ်များမှ လျှော့ပေါ့ပေးသော်လည်း ထိုအကျဉ်းသား၊ သူများသည် လွတ်ရက်ပြည့်ခါနီးသူ အများစုပါဝင်ပြီး တစ်နှစ်အောက်ထောင်ဒဏ် ချမှတ်ခံထားရသူများသာ ပါဝင်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်/ကျဉ်း အများစုအတွက် သက်ရောက်မှုမရှိဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
“အဓိက နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနဲ့ ဖြေရှင်းပေးချင်တယ်ဆိုရင် စိတ်ရှိတယ်ဆိုရင် ဒေါ်အောင်ဆန်းကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လိုတယ်၊ သူတို့ကို နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပြန်ပြီးတော့ ထဲထဲဝင်ဝင် ပါဝင်နိုင်ခွင့် ရှိဖို့လိုတယ်။ ဒါတွေမရှိဘဲ အပြုသဘောဆောင်တဲ့ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုမျိုး ဖြစ်လာမှာ မဟုတ်ဘူး” ၎င်းက ဆိုသည်။
နိုင်ငံရေး အကျဉ်းသားများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ပြီး စစ်ကော်မရှင်၏ ဆန္ဒအရ လွှတ်ပေးချင်ချိန်တွင် လွှတ်ပေးပြီး ပြန်ဖမ်းချင်ချိန်တွင် အဖမ်းခံရနိုင်သည့် အခြေအနေများလည်း ကြုံတွေ့လာနိုင်ကြောင်း ဦးဘိုကြည်က ဆက်ပြောသည်။
“တိုင်းပြည်မှာ တရားဥပဒေစိုးမိုးဖို့လိုတယ်၊ ဒီစစ်အုပ်စုက ဥပဒေစိုးမိုးရေးကို တည်ဆောက်နိုင်တဲ့ စစ်အုပ်စုမဟုတ်ဘူး၊ အဲဒီလိုပဲ ဥပဒေတွေနဲ့ ဒီအကျဉ်းထောင်တွေဆိုတာက သူတို့လက်နက်သဖွယ် အသုံးချနေတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်” ၎င်းက ဆိုသည်။

ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ ထောက်ခံမှုရရှိရန် ပြစ်ဒဏ်နည်းသည့် နိုင်ကျဉ်းများကို ဟန်ပြလွှတ်ပေးခြင်းဖြစ်ပြီး အကျဉ်းသားများအတွက် မျှတသည့် လွှတ်ပေးမှုမျိုးမဟုတ်ကြောင်း ဟု ၅၀၅-က အပါအဝင် ပုဒ်မများစွာဖြင့် ထောက်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်က ဝေဖန်ပြောဆိုသည်။
“အနိမ့်ဆုံး ပြစ်ဒဏ်သမားတွေ ရွေးလွှတ်လိုက်တာလို့ မြင်ပါတယ်၊ တကယ်စေတနာပါလို့ မဟုတ်ဘဲ နိုင်ငံတကာ အမြင်မှာရွေးကောက်ပွဲကို လက်ခံလာအောင် ပြန်လွှတ်ပေးလိုက်တာပါ”ဟု ပြောသည်။
နိုင်ကျဉ်းများကို ရွေးကောက်ပွဲတွင် ပါဝင်စေရန်ရည်ရွယ်ချက်ဖြင့် လွှတ်ပေးလိုပါက ၅၀၅-က ပုဒ်မတစ်ခုတည်း မဟုတ်ဘဲ အခြားနိုင်ငံရေးပုဒ်မများဖြစ်သည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၀ ည ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူများကိုလည်း ပြန်လည်လွှတ်ပေးရန်လိုသည်ဟုလည်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်က ဝေဖန်ပြောဆိုသည်။
“နိုင်ကျဉ်းတွေကို တကယ်စေတနာရှိလို့ မဟုတ်တာ၊ တကယ်စေတနာရှိရင် တပြေးညီတည်း လွှတ်ပေးရမှာ၊ ခုလိုခွဲခြားပြီး လွှတ်ပေးတယ်ဆိုကတည်းက ဟန်ပြသက်သက်ဆိုတာ မြင်သာပါတယ်” ဟု ပြောသည်။
စစ်ကော်မရှင်က ပြစ်ဒဏ်မှ လျှော့ပေါ့ပေးလိုက်သူများသည် နိုင်ငံဆူပူအောင်လှုံ့ဆော်သည့် ပုဒ်မအဖြစ် လူသိများသည့် ပုဒ်မ ၅၀၅−ကဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသူများဖြစ်သည်။
ယခု ပြန်လွှတ်ပေးလိုက်သူများထဲမှ ၇၂၄ ဦးသည် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ထိုပြစ်ဒဏ်အပြင် ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဖြစ်သည်။
နောက်ထပ် ၂၃၆၁ ဦးကိုမူ ယင်းတို့တရားစွဲဆို ထောင်ချခံရသည့် ပုဒ်မ ၅၀၅−က ပါ ပြစ်ဒဏ်များကို လျှော့ပေါ့ကာ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်သည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုသူများသည် ပုဒ်မ ၅၀၅−က ပါပြစ်ဒဏ်များကို သက်သာခွင့်ရသော်လည်း အခြား ပုဒ်မတစ်မျိုးမျိုးဖြင့် တရားစွဲဆိုခံထားရပါက ထိုပြစ်ဒဏ်မှ လွတ်မြောက်မည်မဟုတ်ပေ။
ပုဒ်မ ၅၀၅−က ကို စစ်တပ်အာဏာသိမ်းအပြီး နှစ်ပတ်အကြာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စစ်ကောင်စီက ပြဌာန်းခဲ့ခြင်းဖြစ်သည်။ ထိုပုဒ်မသည် တရားစွဲခံရပါက အာမခံမရသည့် ပုဒ်မဖြစ်ပြီး ပြစ်ဒဏ်ကို သုံးနှစ်သတ်မှတ်ခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လူထောင်ပေါင်းများစွာကို ပုဒ်မ ၅၀၅−က ဖြင့်တရားစွဲဆို၍ ဖမ်းဝရမ်းထုတ်ခဲ့သည်။ ဖမ်းဝရမ်း ထုတ်ခံထားရပြီးနောက် တိမ်းရှောင်ခြင်းကြောင့် တရားခံပြေးပုဒ်မ ၅၁၂ ဖြင့် ထပ်မံ တရားစွဲဆိုခံထားရသူ ၅၅၈၀ ဦးကိုလည်း အမှုပိတ်သိမ်းပေးလိုက်သည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထိုသူများသည်လည်း ပုဒ်မ ၅၀၅−က ဖြင့်တရားစွဲဆိုခြင်း၊ တရားခံပြေးပုဒ်မ ပုဒ်မ ၅၁၂ နှင့် တရားစွဲဆိုခံ ရခြင်းမှ လွတ်မြောက်သော်လည်း အခြားပုဒ်မ တစ်မျိုမျိုးတပ်၍ တရားစွဲဆိုခံထားရပါက ထိုပြစ်ဒဏ်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခဲ့သူ ၃၀၀၃၉ ဦးအထိရှိပြီး ဖမ်းဆီးခံရစဉ် သေဆုံးသူ ၂၂၃၃ ဦးရှိကာ ထိုအထဲမှ အကျဉ်းထောင်၊ ရဲစခန်းနှင့် စစ်ကြောရေး စခန်းများတွင် သေဆုံးသူ ၆၀၅ ဦးအထိ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။



