
လောက်ကိုင်ကျဆုံးခြင်းက မည်သည့်အဓိပ္ပာယ်ဆောင်နေသနည်း။ ညီနောင်မဟာမိတ်အဖြစ် စုဖွဲ့ထားသည့် တအာင်းတပ် (TNLA)၊ ရက္ခိုင့်တပ် (AA)၊ ကိုးကန့်တပ် (MNDAA) တို့အတွက် လောက်ကိုင်ကို အောင်နိုင်ခြင်းသည် ၂၀၂၃၊ အောက်တိုဘာ ၂၇ တွင် “၁၀၂၇” အမည်ဖြင့် စတင်သည့် စစ်ဆင်ရေး၏ မဟာအောင်ပွဲ (Great Victory) ဖြစ်သည်မှာ သေချာလှသည်။
စစ်အောင်နိုင်သူ MNDAA ခေါင်းဆောင်များက သဘောထားကြီးစွာဖြင့် စစ်ကောင်စီ၏ ဗိုလ်မှူးချုပ်များကို စစ်သုံ့ပန်းသဖွယ် မဆက်ဆံဘဲ၊ တစ်စားပွဲတည်းထိုင် တစ်ခွက်တစ်ဖလား ဆင်နွှဲနေကြပုံများ ဆိုရှယ်မီဒီယာပေါ် ပလူပျံနေချိန်တွင် နိုင်ငံ၏လွတ်လပ်ရေးနေ့ကို အကြောင်းပြု၍ နေပြည်တော်ရှိ စိမ်းမြမြ မြက်ခင်းတုများပေါ်၌ ဝိုင်ခွက်မြှောက်၍ မင်းအောင်လှိုင် တစ်ခွက်တစ်ဖလား ဆင်နွှဲနေပုံက ဆန့်ကျင်ဘက်အရောင်များဖြင့် စုတ်ချက်ကြမ်းကြမ်း ခြယ်သထားသော ပန်းချီကားတစ်ချပ် ကြည့်နေရသည့်နှယ်။ ပစ္စုပ္ပန်၏ကျဆုံးမှုကို အတိတ်၏အောင်ပွဲနှင့် ဖုံးကွယ်နေဘိသကဲ့သို့ ရှိသည်။
ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်ရှိ လောက်ကိုင်ကို စစ်ကောင်စီက ကိုးကန့်ဒေသ၏ နောက်ဆုံးခံတပ်သဖွယ် ခုခံစစ်အတွက် အကြီးအကျယ် ပြင်ဆင်ထားခဲ့ပြီးမှ “ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) -လောက်ကိုင်”သည် ရင်ဆိုင်တိုက်ပွဲ မနွှဲတော့ဘဲ လက်နက်ချလိုက်ခြင်းမှာ မင်းအောင်လှိုင်နှင့် နေပြည်တော်စစ်အုပ်စုအတွက် မဟာဆုံးရှုံးမှုကြီး (Great Loss) ဖြစ်ခဲ့သည်။ လောက်ကိုင် အကြွင်းမဲ့လက်နက်ချပွဲမှာ စစ်တပ်အတွက် ဖျောက်ဖျက်မရသည့် သမိုင်းဝင် စစ်ရှုံးမှုတစ်ခုအဖြစ် ထင်ကျန်ရစ်ခဲ့လေပြီ။

တရားစီရင်ခဲ့သူ အိမ်နီးချင်း
နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးနေ့ရက်များကို မီးရှူးမီးပန်းများ၊ ပွဲလမ်းသဘင်များဖြင့် ခြိမ့်ခြိမ့်သဲ ကြိုဆိုကျင်းပလေ့ရှိသည့် လောက်ကိုင်မြို့သည် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးရက်များတွင်မူ တစ်မြို့လုံး စစ်ရိပ်စစ်ငွေ့များ ဖုံးလွှမ်းထားသောကြောင့် မြို့နေပြည်သူများမှာ အသက်ရှင်သန်ရေး ပြေးလွှား ပုန်းခိုရင်း ဖြတ်သန်းခဲ့ကြရသည်။
လောက်ကိုင်၏ကံကြမ္မာ အလှည့်အပြောင်း ထိုမျှ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု မြို့ခံပြည်သူများ မျှော်လင့်ခဲ့ကြမည်မထင်။ လောက်ကိုင်ကို ဝိုင်းဝန်းတရားစီရင်ခဲ့ကြသူများအထဲ အိမ်နီးချင်းအင်အားကြီး တရုတ်နိုင်ငံက အဓိကအခန်းကဏ္ဍမှ ပါဝင်နေ၍သာ အဖြစ်အပျက်များက ဤမျှ အရှိန်အဟုန်ပြင်းပြင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
လောက်ကိုင်ကို အခြေပြုထားသော အွန်လိုင်းငွေလိမ်ဂိုဏ်းများ (Online Scams Gangs) က တရုတ်နိုင်ငံသားများကို အဓိကသားကောင်အဖြစ် ပစ်မှတ်ထားလိမ်လည်သည်။ ထိုဂိုဏ်းများကို ဦးစီးလုပ်ကိုင်နေသူများမှာ တရုတ်နိုင်ငံသား ရာဇဝတ်ပြေးများဖြစ်ပြီး သူတို့ကို လက်ခံထားသူများမှာ ကိုးကန့်၏ အချမ်းသာဆုံး သူဌေးမိသားစုများ ဖြစ်နေသည်။
နယ်စပ်မျဉ်းတစ်ဖက်မှနေ၍ အချိန်ကြာမြင့်စွာ ၎င်းတို့ မျက်ခုံးမွေးပေါ် စင်္ကြန်လျှောက်နေပြီး၊ မည်သို့မျှ အရေးယူနိုင်ခြင်းမရှိသော ထိုရာဇဝတ်ဂိုဏ်းများကို တရုတ်အစိုးရ သည်းခံနိုင်စွမ်းကုန်ဆုံးသွားချိန် လောက်ကိုင် ကြမ္မာငင်သော နေ့ရက်များ အစပြုလာခဲ့လေသည်။

မထင်မှတ်ဘဲ ရုတ်တရက်ပွင့်ထွက်လာသော တရုတ်၏ဒေါသကို နိုင်ငံရေးအခွင့်အလမ်းတစ်ခုအဖြစ် လျင်မြန်စွာ အမိအရ အသုံးချနိုင်ခဲ့သူများမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည်။ ထိုရာဇဝတ်ဂိုဏ်းများကို ထိရောက်စွာ နှိမ်နင်းဖယ်ရှားရေးကို ၁၀၂၇ စစ်ဆင်ရေး ဦးတည်ချက်တစ်ခုအဖြစ် ချမှတ်ပြီး ၎င်းတို့၏ မဟာဗျူဟာမြောက်ပါးနပ်မှုကို ပြသခဲ့ကြသည်။
၁၀၂၇ စစ်ဆင်ရေးကို ဖုန်ကြားရှင်ဂိုဏ်းက ကိုးကန်ဒေသ ပြန်လည်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းမှုအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မှားယွင်းစွာ သုံးသပ်ခဲ့သည်။ ၎င်းတို့၏ စစ်စခန်းများ ရှမ်းမြောက်တစ်ခွင် တဖြုတ်ဖြုတ်ကျဆုံးလာမှ မျက်ဖြူဆိုက်လာပြီး တရုတ်ထံ အကူအညီ အပြေးအလွှား တောင်းခံရသည်။
တစ်ဖက်တွင် ၁၀၂၇ စစ်ဆင်ရေး ကာလတစ်လျှောက်လုံး တရုတ်၏ နှစ်ဖက်သွားသံတမန်ရေး (Double-edged Diplomacy) မည်မျှထက်ရှသည်ကို ထင်ထင်ရှားရှား မြင်တွေ့ကြရသည်။ လောက်ကိုင်ကို သိမ်းပိုက်ပြီးနောက် ကိုးကန့်ဒေသတစ်ခုလုံးကို ညီနောင် ၃ ဖွဲ့ အောင်နိုင်လိုက်ချိန်၊ တရုတ်အစိုးရကလည်း ၎င်းတို့လိုလားသော ကိုးကန့်ဒေသက အွန်းလိုင်းငွေလိမ်ဂိုဏ်းများကို လုံးဝနီးပါး နှိမ်နင်းနိုင်လိုက်ချိန်၊ တရုတ်၏ တတိယအကြိမ် ကြားဝင်ဆောင်ရွက်မှုတွင် “ဟိုင်ဂင်သဘောတူညီချက်” အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့သော ဟိုင်ဂင်သဘောတူညီချက်ပါ အချက်များကို လေ့လာကြည့်လျှင် တရုတ်ကြားဝင်စေ့စပ်သော အပစ်ရပ်ရေးဆွေးနွေးပွဲတွင် စစ်ကောင်စီ ထပ်မံအရေးနိမ့်ပြန်သည်။ သဘောတူညီချက်အရ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိုးစစ်များကို ရပ်တန့်ပေးခဲ့သည်ကလွဲလျှင် ကျန်သည့်အချက်များတွင် အသာစီးရရှိခဲ့ပြီး၊ ၎င်းတို့၏အကျိုးစီးပွားများကို နှစ်ဖက်စလုံးက အကာအကွယ်ပေးပါမည်ဟု အတိအလင်းသဘောတူခဲ့ရ၍ တရုတ်အစိုးရအတွက်လည်း အမြတ်ထွက်ခဲ့သည်။

ပြည်တွင်းရေးဝင်မစွက်ဖက်သည့် မူဝါဒကို မည်သို့ပင် အကြိမ်ကြိမ်ပြောနေစေကာမူ တရုတ်အစိုးရသည် ၎င်း၏ အကျိုးစီးပွားကို ထိခိုက်လာသည့် အိမ်နီးချင်းနယ်မြေထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် ဆုံးဖြတ်လိုက်သည့်အခါ အိမ်နီးချင်း၏ ပြည်တွင်းရေးကို စနစ်တကျ အကွက်ချ ဝင်ရောက်စွက်ဖက်ခဲ့သည်မှာ မဖုံးနိုင်မဖိနိုင် တွေ့မြင်ခဲ့ရသည်။
ထိုမျှနှင့် အဆုံးသတ်မည် မထင်။ နောက်တစ်ကြိမ် နိုင်ငံ၏လုံခြုံရေးကို ထိပါးနိုင်သော အခြေအနေမျိုး မဖြစ်ပေါ်စေရန် တရုတ်အစိုးရသည် ၎င်းတို့၏ မျိုးနွယ်တူ ဟန်တရုတ် (Han Chinese) အနွယ် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် မည်သို့ ညှိနှိုင်းပြီး၊ ကိုးကန့်နယ်ခြားဒေသလုံခြုံရေးကို မည်သို့ ကိုင်တွယ်လာမည်နည်း ဆိုသောအချက်မှာလည်း စိတ်ဝင်စားစရာ ကောင်းပါသည်။
လောက်ကိုင်ကျဆုံးခြင်းက သံလွင်မြစ်အရှေ့ခြမ်း ကိုးကန့်နယ်မြေတစ်ခွင်လုံး စစ်ကောင်စီ လက်လွတ်ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။ ပထဝီနယ်မြေထိစပ်မှုကြောင့် တရုတ်နိုင်ငံ၏ လောင်းရိပ်အောက် ရောက်ရှိလာသော ကိုးကန့်ဒေသသည် အနာဂတ်တွင် ပို၍ တရုတ်ဆန်သွားလေမည်လား။ လောက်ကိုင်၏ စာမျက်နှာသစ်ကို ပုံဖော်ရာတွင် တရုတ်ဩဇာ ကင်းလွတ်လိမ့်မည် မဟုတ်သည်မှာ သေချာပါသည်။

ကိုးကန့်နှင့် အတိတ်က မင်းအောင်လှိုင်
ယနေ့ကိုးကန့်ပြဿနာ၏ ဗဟိုချက်တွင် မင်းအောင်လှိုင်ကိုယ်တိုင် ရှိနေခဲ့သည်။ အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေလက်ထက်၌ ရှမ်းမြောက်တွင် ကစထမှူး (စစ်ဆင်ရေးအထူးအဖွဲ့မှူး) တာဝန်ယူထားသူ မင်းအောင်လှိုင်သည် ၂၀၀၉ ခုနှစ်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လက်နက်စက်ရုံတည်ဆောက်နေသည်ဟု စွပ်စွဲချက်ဖြင့် ကိုးကန့်ဒေသကို စစ်ခင်းခဲ့သဖြင့် ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်မိသားစု ထွက်ပြေးခဲ့ကြရသည်။
ထို့နောက် မင်းအောင်လှိုင်သည် ၎င်း၏သစ္စာခံ ပယ်ဆောက်ချိန်ကို ဖုန်ကြားရှင်ခေတ်လွန် ကိုးကန့်ဒေသကို စိုးမိုးအုပ်ချုပ်ခွင့်ပေးခဲ့ရာ ဖုန်ကြားရှင်ထက် ပိုမိုဆိုးရွားသော ကိုးကန့်တစ်ခေတ်ကို ထူထောင်ခြင်းဖြစ်ခဲ့သည်ကို ယနေ့ တွေ့မြင်ခဲ့ရပြီ ဖြစ်သည်။

ပယ်ဆောက်ချိန်ကို မင်းအောင်လှိုင်က ထိုအခွင့်အရေးပေးခဲ့ခြင်းမှာ ပယ်ဆောက်ချိန်သည် ဖုန်းကြားရှင်နှင့် MNDAA ကို ကိုးကန့်ဒေသက တိုက်ထုတ်ရာတွင် အဓိကကူညီခဲ့သူဖြစ်သောကြောင့် ဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပယ်ဆောက်ချိန်သည် စစ်တပ်ထောက်တိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီ (USDP) ကိုးကန့်မဲဆန္ဒနယ် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံးဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ပယ်ဆောက်ချိန်ခေတ်တွင် ပယ်မိသားစုအပါအဝင် ကိုးကန့်၏ အချမ်းသာဆုံးမိသားစု ၄ စု ပေါ်ထွက်လာပြီး ကိုယ်ပိုင်လက်နက်ကိုင်တပ်များဖြင့် ကိုးကန့်ဒေသကို မာဖီးယားဂိုဏ်းများဆန်ဆန် စိုးမိုးမင်းမူခဲ့သည်။ နယ်စပ်မြို့ငယ်ကလေးဖြစ်သော်ငြားလည်း ကြီးကျယ်ခမ်းနားသော ဟိုတယ်ကြီးများထူထောင်ကာ မြေပေါ်စီးပွားရေးလုပ်ငန်းမျိုးစုံ ဗန်းပြထားသည်။ နောက်ကွယ်တွင်မူ ကိုးကန့်ဒေသကို နိုင်ငံပေါင်းစုံက လူကုန်ကူးခံရသော သားကောင်များ၏ ငရဲဘုံနယ်မြေ အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းများ၏ နိဗ္ဗာန်ဘုံအဖြစ် ဖန်တီးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အွန်လိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရာမှ သောင်းနှင့်ချီသော တရုတ်နိုင်ငံသားများ၊ ရာနှင့်ချီသော ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသားများအပြင်၊ မလေးရှား၊ တောင်ကိုရီးယား၊ လာအို စသဖြင့် နိုင်ငံပေါင်းစုံမှ လူကုန်ကူးခံရသော သားကောင်များနှင့် ရာဇဝတ်ဂိုဏ်းဝင်များ လောက်ကိုင်မြို့တွင် ရှိနေခဲ့သည်ကို မြန်မာပြည်သူများ ထိုအချိန်မှ သိရှိခွင့် ရရှိခဲ့ကြသည်။ စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်ရှိနေခဲ့သော်လည်း စစ်ခေါင်းဆောင်များသည် လောင်ကိုင်မြို့၏ အခြေအနေမှန်ကို ပြည်သူများမသိရှိနိုင်ရန် အလုံးစုံ ဖုံးဖိထားခဲ့ကြသည်။
အခြားတစ်ဖက်တွင် ပယ်မိသားစုအပါအဝင် ကိုးကန့်၏ မာဖီးယားမိသားစု ၄ စုသည် မြို့မျက်နှာဖုံး စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးများ ရုပ်သွင်သဏ္ဌာန်ဖြင့် နေပြည်တော်ကို ချောင်းပေါက်အောင် ကူးသန်းသွားလာခဲ့ပြီး၊ ဘုရားဒကာ၊ ကျောင်းဒကာဘွဲ့များကိုလည်း ခံယူထားခဲ့ကြသည်။
မင်းအောင်လှိုင်၏ မာရဝိဇယရုပ်ပွားတော် တည်ဆောက်ရေး အဓိကအလှူရှင်များထဲ ပယ်မိသားစု၏ “ပယ်စိမ်းကုမ္ပဏီ”၊ ဝေမိသားစု၏ “ဟိန်းလီကုမ္ပဏီအုပ်စု” (Hanley Group) နှင့် လီကျိန်းချန် (ခ) လျိုအားပေါက် ၏ “ဖူလီလိုက်ကုမ္ပဏီအုပ်စု” တို့က ထိပ်ဆုံးက သိန်းထောင်ချီ ထည့်ဝင်လှူဒါန်းပါဝင်ပြီး၊ မင်းအောင်လှိုင်ကိုယ်တိုင် ချီးမြှောက်သော ဘွဲတံဆိပ်အမျိုးမျိုး ရထားကြသူများ ဖြစ်သည်။
တရုတ်ပြည်သူများထံမှ လိမ်လည်ရယူသွားသည့် ငွေကြေးများ မည်သည့်နေရာရောက်သွားသနည်းဟုဆိုလျှင်၊ ထိုမသန့်ရှင်းသော ငွေကြေးများကို မင်းအောင်လှိုင်ကိုယ်တိုင် အလှူခံရယူခဲ့ပြီး မာရဝိဇယရုပ်ပွားတော်ကြီး တည်ဆောက်မှုကုန်ကျစရိတ်ထဲ တစ်စိတ်တစ်ပိုင်း ရောက်ရှိနေပါသည်ဟု ဆိုရမည်ထင်သည်။

ဆယ်စုနှစ်တစ်ခုအတွင်း ကြွယ်ဝချမ်းသာလာပြီး ကိုးကန့်ဒေသ၏ ဩဇာအာဏာအကြီးဆုံး ထိုမိသားစုများနှင့် မင်းအောင်လှိုင်အကြား နက်ရှိုင်းသော ဆက်ဆံရေးရှိခဲ့သည်မှာ ယုံမှားသံသယ ဖြစ်စရာမလိုပါ။
ယခုအခါ တရုတ်အစိုးရ၏ အလိုအရှိဆုံး ပယ်ဆောက်ချိန်နှင့် ၎င်း၏သားများသည် ပျောက်ခြင်းမလှ ပျောက်ဆုံးလျက်ရှိသည်။ နိုင်ငံပြင်ပ ထွက်ပြေးရန် မဆိုထားနှင့် လောက်ကိုင်မြို့တည်ရှိရာ ရှမ်းမြောက်ဒေသမှ ကုန်းလမ်းဖြင့် ထွက်ပြေးလျှင် ညီနောင်မဟာမိတ် ၃ ဖွဲ့လက်က လွတ်မြောက်နိုင်ဖွယ်မရှိပေ။
သို့ဆိုလျှင် သူတို့ကို မည်သူတွေက ကယ်ထုတ်သွားပြီး၊ မည်သည့်နေရာတွင် ပုန်းအောင်နေကြသနည်း။ MNDAA ခေါင်းဆောင် ဖုန်တာရွှင်က ၎င်း၏နှစ်သစ်ကူးမိန့်ခွန်းထဲ၌ တရုတ်အစိုးရ အလိုရှိနေသော ပယ်ဆောက်ချိန်အပါအဝင် အဓိက ဝရမ်းပြေးတရားခံများကို လောက်ကိုင်မှ စစ်တပ်၏ ရဟတ်ယာဉ်များဖြင့် ကယ်ထုတ်သွားသည်ဟု ဆိုထားသည်။
ပယ်ဆောက်ချိန် နေပြည်တော်တွင် ခိုအောင်းနေကြောင်း နေပြည်တော်သတင်းရပ်ကွက်မှ သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ရန် ခက်ခဲပါသည်။ လက်ရှိအခြေအနေတွင် ၎င်းတို့အတွက် လုံခြုံစိတ်ချရဆုံးနေရာမှာ နေပြည်တော်ပင် ဖြစ်သည်။ မြီမိသားစုကဲ့သို့ ပယ်မိသားစုကို တရုတ်လက်ထဲ ထိုးအပ်ရန် အဘယ်ကြောင့် စစ်ကောင်စီ အခက်ကြုံနေရသနည်း။ သို့မဟုတ် မင်းအောင်လှိုင်ကိုယ်တိုင်က အကာအကွယ်ပေးထားသလား။
၂၀၀၉ ခုနှစ်တွင် ကိုးကန့်ကို စစ်အောင်နိုင်ပြီး ၎င်း၏ကိုယ်ပွားအဖြစ် ထားရစ်ခဲ့သော ပယ်ဆောက်ချိန်၏ ကျဆုံးခန်းသည် မင်းအောင်လှိုင်အတွက် ကိုးကန့်ကို ပြန်လည်ရှုံးနိမ့်ခြင်းဟူသော အဓိပ္ပာယ်လည်း ဖြစ်သည်။ ထို့အတူ တစ်ချိန်က ဇာတိမြေမှ မောင်းထုတ်ခံခဲ့ရသော ဖုန်မိသားစုရှေ့မှောက်တွင် ၎င်း၏ တပ်မှူး ၆ ဦး၏ လက်နက်ချခြင်းသည် မင်းအောင်လှိုင်၏ ရှုံးနိမ့်ခြင်းလည်းဖြစ်သည်။

“ဖုန်မိသားစု” ၏ ပြည်တော်ပြန်ခရီး
လောက်ကိုင်ကျဆုံးခန်းက ကံဇာတ်ဆရာ စနစ်တကျ အကွက်ချထားသော ဇာတ်ညွှန်းအတိုင်း ကပြခဲ့သည့်နှယ် သပ်သပ်ရပ်ရပ် ရှိလှပေသည်။ ဖခင်အတွက် သွေးကြွေးဆပ်နိုင်ခဲ့သည့် စစ်သူကြီး ဖုန်တာရွှင်၏ အိမ်အပြန်ခရီးက အိပ်မက်ဆန်သော အရှိတရား ဖြစ်လို့လာခဲ့လေပြီ။
၁၉၈၉ ခုနှစ်တွင် အထူးဒေသ (၁) အဖြစ် ကိုးကန့်ဒေသကို စိုးမိုးအုပ်ချုပ်ခွင့်ရရှိခဲ့သော ကွယ်လွန်သူ MNDAA ၏ ပဲ့ကိုင်ရှင် ဖုန်ကြားရှင်နှင့် ၎င်း၏မိသားစုအတွက် နှစ်ကာလအတော်ကြာ ပျောက်ဆုံးသွားသော ဂုဏ်သိက္ခာနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ပြန်လည်ရယူနိုင်လိုက်ခြင်းဟုလည်း အဓိပ္ပာယ်ရပါလိမ့်မည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဖုန်ကြားရှင်ကိုယ်တိုင် လောက်ကိုင်၏ ယနေ့အလှည့်အပြောင်းကို မြင်တွေ့ခွင့် မရနိုင်သော်လည်း၊ မကြာခင် ကျရောက်တော့မည့် ကွယ်လွန်ခြင်း ၂ နှစ်ပြည့်အခမ်းအနားတွင် ၎င်း၏အရိုက်အရာကို ဆက်ခံသော သားဖြစ်သူ ဖုန်တာရွှင်က ဖခင်အား ၎င်း၏ဇာတိမြေတွင် ကြီးကျယ်ခမ်းနားစွာ ဂုဏ်ပြုခွင့်ရတော့မည် ဖြစ်သည်။
ဖခင်၏အရိုက်အရာကို ဆက်ခံခဲ့သော ဖုန်တာရွှင်၏ လောက်ကိုင်မြို့သို့ ပြည်တော်ပြန်ခရီးတွင် ကိုးကန့်၏ ပျက်စီးသွားသော အမည်နာမကို ပြန်လည်တည်ဆောက်ရန် ကြီးမားသောတာဝန်ကြီးလည်း အတူတွဲပါလာခဲ့ပြီ ဖြစ်သည်။

၂၀၀၉ ခုနှစ် မတိုင်မီ ဖုန်ကြားရှင်ခေတ်နှင့်မတူသော ဖုန်တာရွှင်၏ ခေါင်းဆောင်မှုဖြင့် သွေးသစ်လောင်းမည့် လောက်ကိုင်သည် အတိတ်၏အရိပ်မည်းများမှ အပြီးတိုင်စွန့်ခွာပြီး သန့်ရှင်းစွာ ရှင်သန်ရန် လိုအပ်နေသည်။
ဖုန်တာရွှင်သည် MNDAA ၏ စစ်ဦးစီးချုပ်ရာထူးအပြင် မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ (MNTJP) အထွေထွေအတွင်းရေးမှူးချုပ်နှင့် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီဥက္ကဌ ရာထူးများကိုပါ အမွေဆက်ခံထားပြီး၊ ကိုးကန့်လူမျိုးတို့၏ အကြီးအကဲသစ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ကိုးကန့်ခေတ်သစ်တစ်ခု၏ အကြီးအကဲအဖြစ် ကိုးကန့်ဒေသကို မည်သည့်နိုင်ငံရေးယုံကြည်ချက်ပေါ် အခြေခံပြီး အုပ်ချုပ်သွားမည်နည်း ဆိုသည်မှာ ကိုးကန့်ပြည်သူများသာမက ရှမ်းမြောက်တစ်ခွင်နှင့် မြန်မာပြည်သူတစ်ရပ်လုံးကပါ သိချင်ပါလိမ့်မည်။
စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် မြန်မာပြည်သူတို့၏ ဆန္ဒနှင့် ထပ်တူရပ်တည်နေသော MNDAA သည် တိုင်းရင်းသားအားလုံး တန်းတူရေး၊ လူမှုလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားသော ဖက်ဒရယ်ဒီမိုကရေစီ အခြေခံစံနှုန်းများ တည်ဆောက်ရာတွင်လည်း တိုင်းရင်းသားပြည်သူအားလုံးနှင့်အတူ ရပ်တည်လိမ့်မည်ဟု မျှော်လင့်ကြပေလိမ့်မည်။