သတင်း

၃ လ တိုက်ပိတ်မှုမှ လွတ်လာသော အင်းစိန်နိုင်ကျဉ်းများ အလုပ်ကြမ်းခိုင်းခံနေရ

အင်းစိန်ထောင်အာဏာပိုင်တို့က ၃ လကြာ တိုက်ပိတ်ထားသည့် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို သံခြေချင်းများခတ်လျက် အလုပ်ကြမ်းများ ဆက်လက်စေခိုင်းနေသည်။

အင်းစိန်ထောင်အတွင်း တရားမဝင်ပစ္စည်း ကိုင်ဆောင်မှု စွပ်စွဲချက်ဖြင့် ၃ လကြာ တိုက်ပိတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးသည် သံခြေချင်းများခတ်လျက် အလုပ်ကြမ်းများ ဆက်လက် လုပ်ကိုင်နေရသည်ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တချို့က ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၅ ရက်နေ့က အဆောင် ၅ တွင် တရားမဝင်ပစ္စည်းတွေ့ရှိသည့် အကြောင်းပြချက်ဖြင့် အဆောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၇၀ ဦးကို ထောင်အာဏာပိုင်တို့က ခေါ်ယူစစ်ဆေးခဲ့သည်။

မည်သည့်ပစ္စည်းဖြစ်ကြောင်း မသိရသေးပေ။

ထိုအထဲမှ ၂၄ ဦးသည် ဦးခေါင်း အိတ်အမည်းရောင်စွပ်၊ လက်ထိတ်နောက်ပြန်ခတ် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံခဲ့ရသည်ဟု ထိုဖြစ်ရပ်အကြောင်း သိရှိသူတစ်ဦးက ပြောသည်။

“တိုက်ထဲ ခေါ်သွားပြီးတော့ ဝါးခြမ်းပြားနဲ့ နှိပ်စက်တာ ကလေးတွေက ထမင်းမစားနိုင်ဘူး။ သွေးစိမ်းရှင်ရှင်နဲ့ပေါ့။ တိုက်ပိတ်ထားတဲ့ ၃ လအတွင်းမှာ ပါဆယ် (ထောင်ဝင်စာ) လုံးဝဖြတ်တယ်။ စျေးဗန်း (ထောင်တွင်းဈေးဝယ်ခွင့်) လုံးဝမသွင်းရဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထားတယ်။ သွားမတိုက်ရဘူး။ ဘာမှကို လုပ်ခွင့်မပေးတာ” ဟု သူက ပြောသည်။

တိုက်ပိတ်ခြင်း ဆိုသည်မှာ အကျဉ်းသားကို လေအဝင်အထွက်နှင့် အလင်းရောင် မရှိသလောက် နည်းပါးသည့် အခန်းကျဉ်းအတွင်း ပိတ်လှောင်ခြင်း ဖြစ်ပြီး ထိုသို့ ဒဏ်ခတ်ထားသည့် ကာလအတွင်း မိသားစုထံမှ ပစ္စည်းလက်ခံခွင့် မရှိပေ။ ထို့ပြင် အပြင်းအထန် ရိုက်နှက်ခြင်းလည်း ခံရလေ့ရှိသည်။

၃ လကြာ တိုက်ပိတ်ထားခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီ ၂၀ တွင် တိုက်ထဲမှ ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် ၈ ဦးတစ်စုဖြင့် အဆောင်အသီးသီးသို့ ခွဲပို့လိုက်ပြီး ခြေချင်းများ ခတ်လျက် အလုပ်ကြမ်းများ ဆက်ခိုင်းနေသည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“တိုက်က လွှတ်လိုက်ပေမဲ့ ခြေချင်းနဲ့ ထောက်တွေတပ်ထားပြီး အလုပ်ကြမ်းတွေ ဆက်ခိုင်းနေတယ်။ ထောင်ဝန်ထမ်းတွေက ၁၁ လပိုင်းက စပြီး အဲဒီလူငယ်တွေကို အငြိုးတကြီးနဲ့ ရိုက်နှက်နေတာပါ” ဟု သူက ပြောသည်။

ထောက်တပ်ခြင်း ဆိုသည်မှာ ခြေချင်းဝတ်နှစ်ဖက်တွင် အသေခတ်ထားသော သံကွင်းနှစ်ခု သံချောင်းတိုတစ်ခု တပ်ဆင်ထားခြင်းဖြစ်ရာ အကျဉ်းသားမှာ သွားလာရ ပိုမို ခက်ခဲမည် ဖြစ်သည်။

၃ လကြာ တိုက်ပိတ်ခံရပြီးနောက်တွင် ထောင်ဝင်စာတွေ့ခွင့်ရခဲ့သော်လည်း လွတ်လပ်စွာ စကားပြောဆိုခွင့်မရ၍ အခြေအနေကို အတိအကျ မသိရသေးဟု တိုက်ပိတ်ခံရသူတစ်ဦး၏  မိသားစုထံမှ သိရသည်။ ၄ လနီးပါး ရိုက်နှက်နှိပ်စက်ခံနေရ၍ ကျန်းမာရေးအခြေအနေ စိုးရိမ်နေသည်ဟုလည်း အဆိုပါ မိသားစုဝင်က ဆိုသည်။

“သံခြေချင်းတွေ ခတ်ပြီး အလုပ်တွေ ဆက်ခိုင်းနေတယ်။ ဒီကလေးတွေကို သံခြေချင်းခတ်ထားပြီးတော့ ၆ ပေထောက်တွေခတ်ထားပြီး အလုပ်ကြမ်းတွေ ခိုင်းနေတော့ ရေရှည်မှာ ကလေးတွေ ချည့်နဲ့သွားမှာကို စိတ်ပူနေရတယ်”

တိုက်ပိတ်ခံခဲ့ရသူများသည် အသက် ၂၀ မှ ၆၀ အတွင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က မတ် ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၄ (က)၊ ၅၂ (က) ၁၉ (စ) ၊ ဖောက်ခွဲ (၃) တို့ဖြင့် ဖမ်းဆီးခံထားရသူများဖြစ်သည်ဟု PPNM က ဆိုသည်။

တိုက်ပိတ်ခံရသူများတွင် ဦးထင်ကျော်၊ ကိုဇော်နိုင်ထွန်း၊ ကိုမျိုးမင်းဦး၊ ကိုဗလကြီး၊ ကိုရဲမင်းထွေး၊ ကိုချမ်းမြေ့ကိုကို၊ ကိုလှဦးမောင်၊ ကိုဝေမင်းအောင်၊ ကိုကျော်သက်တို့ ပါဝင်သည်၊ ထောင်အာဏာပိုင်များက အကျဉ်းထောင်လက်စွဲဥပဒေကို ချိုးဖောက်နေသည်ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

အကျဉ်းထောင်လက်စွဲဥပဒေ ပုဒ်မ (၅၇) တွင် မည်သည့်အကျဉ်းသားကိုမှ ရက် ၉၀ ထက်ကျော်လွန်ပြီး ခြေချင်းခတ်ခြင်း မပြုလုပ်ရန် ပြဋ္ဌာန်းထားသည်။ ပုဒ်မ (၅၈) တွင်လည်း အရေးပေါ်အခြေအနေမှအပ အကျဉ်းသားများကို ခြေချင်းခတ်ခွင့်မရှိဟု ပြဋ္ဌာန်းထားရာ ထောင်အာဏာပိုင်များက အကျဉ်းထောင်လက်စွဲဥပဒေကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်ဟု PPNM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

PPNM ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄၇၂၉ ဦး သေဆုံးခဲ့သည်၊ ဆက်လက် ဖမ်းဆီးခံထားရသူ ၂၀၁၁၉ ဦး ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ယမန်နေ့ (မတ် ၁၉) တွင် ထုတ်ပြန်ထားသည်။ ထိုအရေအတွက်သည် ၎င်းတို့ လက်လှမ်းမီသမျှ စုံစမ်းထားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ထောင်ဝင်စာတွေ့ဆုံမှုကို ကိုဗစ်ကပ်ဘေးအကြောင်းပြချက်ဖြင့် ကာလရှည် ဆက်လက်ပိတ်ပင်ထားခြင်းကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီက ပြန်လည် ရုပ်သိမ်းလိုက်သည်။

အကျဉ်းသား၏ အိမ်ထောင်စုစာရင်းတွင် ပါဝင်သည့် မိသားစုဝင်များကို ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတို့ထံမှ ထောက်ခံစာများ၊  ကိုဗစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ပြသပြီး ထောင်တွင် တွေ့ခွင့်တောင်းရန် စည်းကမ်းချက် ထုတ်ပြန်ခဲ့သည်။

မိသားစုဝင်များ ထောင်ဝင်စာ ပါဆယ်ပို့ရန် အခက်အခဲရှိပါက အကူအညီတောင်းခံနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က လူတွေ့ခွင့် ပိတ်ပင်ထားသည့် ကာလကတည်းက ကြေညာထားသည်။ ICRC သည် ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတို့၏ မိသားစုအများအပြားကို ရပ်ဝေးထောင်သို့ သွားရောက်တွေ့ဆုံနိုင်ရေးအတွက် ခရီးစရိတ် ထောက်ပံ့ခဲ့ဖူးသည်။

ဗိုလ်ချုပ်ကြီးသန်းရွှေအုပ်ချုပ်သည့်ကာလက ICRC သည် ထောင်တွင်း သွားရောက် စစ်ဆေးနိုင်ခဲ့သဖြင့် ထိုကာလ နိုင်ကျဉ်းများ အတိုင်းအတာတစ်ခုအထိ အသက်ရှူချောင်ခဲ့သည်။ ယခု အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် ထောင်များကို ICRC သွားရောက် စစ်ဆေးခွင့်ရရန် အလားအလာမရှိသေးပေ။

Show More

Related Articles

Back to top button