ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့တွင် လူသတ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူများအပါအဝင် ငါးဦးအား MNDAA တပ်ဖွဲ့ က နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက်တွင် သေဒဏ်နှင့် ထောင်ဒဏ်များ စီရင်ချက်ချခဲ့သည် ဟု ဒေသခံများထံက သိရသည်။
အသက် ၄၀ ကျော် အရွယ် အမျိုးသား နှစ်ဦးနှင့် အသက် ၂၈ နှစ် အရွယ် အမျိုးသား တစ်ဦး စုစုပေါင်း သုံးဦးအား လူသတ်မှု ကျူးလွန်သဖြင့် “ပထမအထူးဒေသ ရာဇဝတ်ကျင့်ထုံးဥပဒေမူကြမ်း ပုဒ်မ ၁၇၅၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပထမအထူးဒေသ ရာဇဝတ်ကျင့်ထုံးဥပဒေမူကြမ်း ပုဒ်မ ၁၇၉ တို့အရ သေဒဏ် ချမှတ်ခဲ့ပြီး သူတို့၏ ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူခဲ့သည်” ဟု MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြစ်ဒဏ် စီရင်ခံရသူများကိုလည်း ပြစ်ဒဏ်မချမီ ကားပေါ်တင်၍ မြို့တွင်း လှည့်လည်ပြသခဲ့သည်။ ထို့နောက် ကွပ်မျက်သည့်နေရာသို့ ခေါ်ဆောင်သွားပြီး ပစ်ခတ်စီရင် လိုက်သည် ဟု သိရသည်။
“အားကစားကွင်းထဲမှာ လူတွေကို ခေါ်ပြတာ။ သုံးယောက်က သေဒဏ်ဆိုပြီး ချလိုက်တယ်။ ကျန် နှစ်ယောက်က နှစ်ရှည် ထောင်ဒဏ် ချလိုက်တယ်။ သေဒဏ်သမားတွေက လူသတ်လို့ ဆိုပြီး ပြောသွားတယ်” ဟု မုံးကိုးမြို့ခံတစ်ဦးက ဆိုသည်။
လူသတ်မှု ကျူးလွန်သည့် အမျိုးသား တစ်ဦးသည် အသက်မပြည့်သေး၍ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ပြီး၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်ဟု MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“သေဒဏ်ချခံရတဲ့ထဲက အမျိုးသားတစ်ယောက်က ရခိုင်ပြည်နယ်ကလို့ ပြောတယ်။ အလုပ်လုပ်ဖို့ လာရင်း မုံးကိုးမှာ အိမ်ရှင်ကိုလည်း သတ်တယ်။ ပြီးတော့ အိမ်မှာ အလုပ် လုပ်နေတဲ့ အမျိုးကလေးမ ကိုပါ သတ်ဖို့လုပ်တယ်ဆိုပြီး ဖတ်ပြသွားတယ်”ဟု မုံးကိုးမြို့ခံ နောက်တစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများဘက်မှ မည်သို့ ချေပခွင့်ရခဲ့သည် ဆိုသည်ကိုမူ ကိုးကန့်တပ်ဖွဲ့ဘက်က ထုတ်ပြန်ခြင်း မရှိပေ။
၁၂၀၇ စစ်ဆင်ရေး အတွင်း ရှမ်းမြောက်ဒေသ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)، ကုန်းကြမ်း၊ တာမိုးညဲမြို့နယ်များကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားသည်။
၁၀၂၇ စစ်ဆင်ရေးအပြီး အဆိုပါဒေသများအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် လက်နက်မှောင်ခိုမှု ကျူးလွန်သူများကို အများပြည်သူရှေ့တွင် MNDAA က သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ငါးကြိမ်ရှိခဲ့ပြီဖြစ်သည်။
ယခုနှစ် စက်တင်ဘာလကုန်က သိန္နီနှင့် လားရှိုးမြို့နယ်အတွင်း လူသတ်မှုနှင့် ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသူ အမျိုးသား ခုနစ်ဦးထဲမှ နှစ်ဦးကို သေဒဏ်စီရင်ပြီး ကျန်ငါးဦးအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
လားရှိုးမြို့ကို အာဏာသိမ်း စစ်တပ်လက်သို့ မလွှဲပြောင်းမီ ၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် မြို့အတွင်း လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ကျူးလွန်သူ အမျိုးသားငါးဦးကို MNDAA တပ်ဖွဲ့က အများပြည်သူ့ရှေ့တွင် သေဒဏ် စီရင်ချက် ချခဲ့သည်။
၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က လောက်ကိုင်မြို့တွင် လူသတ်မှုနှင့် ပြန်ပေးဆွဲမှုများ ကျူးလွန်ခဲ့သည်ဟု ဆိုကာ MNDAA ၏ အသက် ၃၆ နှစ်အရွယ် ခရိုင်မှူးအဆင့်ရှိသူ တစ်ဦးနှင့် တပ်သား နှစ်ဦးကို လူအများရှေ့တွင် သေဒဏ် ချခဲ့သည်။
ဒုတပ်ရင်းမှူး အဆင့်ရှိသူ နှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ခုနစ်ဦးကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ယင်းနှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့အတွင်း လူသတ်မှု အပါအဝင် ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူ ၁၄ ဦးထဲမှ ခြောက်ဦးကို သေဒဏ် ချမှတ်ခဲ့သေးသည်။




